ကားဈေးတွေ တက်တယ် ဆိုပေမယ့် တခုကောင်းတာကတော့ ကားကုမ္ပဏီ အများစုရဲ့ အရောင်းပြခန်းတွေ ပြည်တွင်းမှာ ရှိလာနေပြီ ဖြစ်ပါတယ်။ အခုပြောမယ့် Chevrolet Corvette 2017 မော်ဒယ် ဆိုရင်လည်း အရောင်းပြခန်းမှာ သွားပြီး စိတ်ကြိုက် ရွေးချယ် ဝယ်ယူနိုင်ပြီ မဟုတ်လား။
ဈေးပေးရတာထက် ပိုမို သာလွန်ကောင်းမွန်တဲ့ အရည်အသွေး၊ နည်းပညာ၊ တည်ငြိမ်ကောင်းမွန်တဲ့ လက်ကိုင်စနစ် ပါတဲ့ မော်ဒယ်ပါ။ အထူးသဖြင့် 2017 မော်ဒယ်မှာ စွမ်းဆောင်ရည်ပိုင်း အထူး သိသာကောင်းမွန်အောင် ဖန်တီးလာမှုကလည်း အားရစရာပါ။ သက်တောင့်သက်သာ ရှိတယ်၊ ဇိမ်ခံ စစ်စစ် အတွင်းခန်း၊ အပြင်အဆင်နဲ့ ဒီဇိုင်းတွေကို တွေ့ရပါတယ်။ ကား အများစုမှာ ပစ္စည်းတင်ခန်းဆိုတာ ပါတယ် ဆိုရုံပဲ ဖြစ်ပေမယ့် အခု Corvette မှာတော့ ပစ္စည်းတင်ခန်းကို ကျယ်ဝန်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပြီးတော့ ထိုင်ခုံသားတွေရဲ့ သားရေသား ကောင်းမွန်မှု၊ ဆက်စပ် တပ်ဆင် ပစ္စည်းတွေရဲ့ ရေရှည်စိတ်ချရမှုနဲ့ အရည်အသွေး မြင့်မားမှုတွေက ကျေနပ်စရာပါ။
နိုင်ငံတကာ ဈေးကွက်မှာ ရှိနေတဲ့ ပြိုင်ဖက် တခြား မော်ဒယ်တွေနဲ့ ယှဉ်ကြည့်ရင်တော့ တစီးလုံး ခြုံကြည့်ရင် စိတ်ချယုံကြည်ရမှု အပိုင်းမှာ လိုအပ်ချက် အနည်းငယ် ရှိနေသေးသလိုပါ။ ဒါကလည်း ထိပ်တန်း အကောင်းဆုံး အနေအထား ဖြစ်ဖို့ လိုအပ်နေသေးတယ်လို့ မြင်မိတာပါ။ နောက်တချက်က သတင်းအချက်အလက်ပြ စနစ်မှာ ပါရှိတဲ့ Chevy ရဲ့ MyLink က ပြိုင်ဖက် မော်ဒယ်တွေမှာ ထည့်ထားတဲ့ စနစ်တွေထက် တုံ့ပြန်မှု နှေးနေသလို ခံစားရတာပဲ ဖြစ်ပါတယ်။
Stingray နဲ့ Z06 အဖြစ် အဓိက မော်ဒယ်ခွဲ ၂ မျိုး ထုတ်လုပ်နေရာကနေ အခုနှစ် မော်ဒယ်မှာ Z51 မော်ဒယ်ခွဲအသစ် ထုတ်လုပ်လာတာ တွေ့ရပါတယ်။ စွမ်းဆောင်ရည် မြှင့်ထားပြီး လက်ကိုင်ပိုင်း ပိုကောင်းအောင် ဖန်တီးထားတာတွေက လွဲရင် အရင်နှစ် မော်ဒယ်နဲ့တော့ သိပ်မကွာလှပါဘူး။ နှစ်ယောက်စီး Coupe အဖြစ်နဲ့ရော အမိုးဖွင့် မော်ဒယ် Convertible အဖြစ်နဲ့ပါ ရနိုင်ပါတယ်။ Base မော်ဒယ်ခွဲ အဖြစ် ထုတ်လုပ်ထားတဲ့ Stingray ရမယ်၊ Z51 ဒါမှမဟုတ် Z06 အနေနဲ့ ရမယ်၊ Grand Sport အနေနဲ့ ရမယ် ပေါ့။ ဒါက အဓိက ကိုယ်ထည်အပေါ်မှာ မူတည်ပြီး ခွဲခြားသွားတဲ့ မော်ဒယ်ခွဲပါ။
အမိုးဖွင့် မော်ဒယ်မှာ အမိုး အဖွင့်၊ အပိတ်ကို မိုင် ၃၀ နှုန်းနဲ့ မောင်းနှင်နေသည့်တိုင်အောင် သုံးစွဲနိုင်ပါလိမ့်မယ်။ Stingray, Z51 နဲ့ Grand Sport တွေကနေ 1LT, 2LT, 3LT တွေ အဖြစ် Grade တွေ ထပ်ခွဲပါတယ်။ Z06 ကနေတော့ 1LZ, 2LZ နဲ့ 3LZ တွေ အဖြစ် ထပ်ပြီး ခွဲခြား ထုတ်လုပ်တာ တွေ့ရပါတယ်။ အင်ဂျင်စနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းထက် နည်းပညာ ထည့်သွင်းဖန်တီးမှု အပိုင်းမှာပဲ ကွဲပြားမှုတွေ ရှိတာ တွေ့ရပါတယ်။
အင်ဂျင်ပိုင်းမှာတော့ ၆ ဒသမ ၂ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်စနစ်က ရုန်းအား ၄၆၀ ပေါင်-ပေမှာ စွမ်းအင် မြင်းကောင်ရေ ၄၅၅ ကောင်အား ထိအောင် ထုတ်လုပ်ပေးနိုင်မှာပါ။ စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ်တွေ အဖြစ် ထုတ်လုပ်ထားတဲ့ Stingray, Z51 နဲ့ Grand Sport တွေမှာ မြင်းကောင်ရေ ၄၆၀ အားထိအောင် ရှိမှာပါ။ Manual နဲ့ ဆိုရင် ၇ ချက်သုံး ပုံစံနဲ့ ရနိုင်ပြီး Auto နဲ့ ဆိုရင်တော့ ၈ ချက်နဲ့ လာပါတယ်။ Auto စနစ်ကတော့ ဥရောပထုတ် မော်ဒယ်တွေကို ကောင်းကောင်း ယှဉ်နိုင်တာ တွေ့ရပါတယ်။
Z06 မော်ဒယ်ခွဲမှာတော့ အင်ဂျင်က Supercharger စနစ် ထည့်ထားလို့ ရုန်းအား ၆၅၀ ပေါင်-ပေနဲ့ မြင်းကောင်ရေ ၆၅၀ အားစီ ထွက်ရှိမှာပါ။ နောက်ဘီးယက် စနစ်နဲ့ ရနိုင်မှာ ဖြစ်ပါတယ်။
Z51 မော်ဒယ်ကို Manual နဲ့ဆိုရင် တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ ဒသမ ၁ စက္ကန့်နဲ့ ရောက်တာ တွေ့ရပြီး Auto နဲ့ ဆိုရင်တော့ ၄ စက္ကန့်ပဲ ကြာပါတယ်။ Z06 လို အဆင့်မြင့် စွမ်းဆောင်ရည် ရှိအောင် ထုတ်လုပ်ထားတဲ့ မော်ဒယ်က တော့ Manual စနစ်နဲ့ ဆိုရင်တောင်မှ ၃ ဒသမ ၅ စက္ကန့်ပဲ ကြာတာ တွေ့ရပါတယ်။ ဆီစားနှုန်း အပိုင်းမှာတော့ ပျမ်းမျှ တဂါလံကို ၁၉ မိုင် ထိအောင် စီးနင်းနိုင်မှာပါ။ မော်ဒယ်က မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး ၉၄ ပေမှာပဲ ရပ်တန့်မှာ ဖြစ်ပြီး စိတ်ကြိုက် ဘရိတ်စနစ် ပါပဲ။
ပြည်တွင်း ဈေးကွက်မှာတော့ Corvette ကို Chevy အရောင်းပြခန်းမှာ စုံစမ်း ဝယ်ယူနိုင်မှာ ဖြစ်ပြီး နိုင်ငံတာ ဈေးကွက် မှာတော့ Stingray 3LT မော်ဒယ်ခွဲကို ၇၁၁၉၀ ဒေါ်လာ၊ Grand Sport 3LT ဆိုရင် ဒေါ်လာ ၇၆၁၉၀ ၊ Coupe Z06 2LZ ဆိုရင် ဒေါ်လာ ၈၄၀၁၀ ဈေး ရှိနေပါတယ်။
Ref: www.edmunds.com