အမေရိကန် အခြေစိုက် Apple ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း မော်ဒယ် iPhone 7 ထွက်ရှိခဲ့တာ မကြာသေးပါဘူး။ ဒါပေမယ့် iPhone တွေ စတင် ထုတ်လုပ်လာခဲ့တာ ၁၀ နှစ် ပြည့်မယ့် အခု ၂၀၁၇ ခုနှစ်ထဲမှာ Apple အနေနဲ့ ဖုန်း မော်ဒယ်သစ် တမျိုး ထုတ်လုပ်ရောင်းဖို့ နေနိုင်မလား။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs က iPhone တွေကို စတင် မိတ်ဆက်ခဲ့ပြီး မကြာခင် ဇွန်လ ၂၉ ရက်မှာ ပထမဆုံး iPhone မော်ဒယ် ဈေးကွက်ထဲ ရောက်ရှိလာခဲ့တာပါ။ ဒီတော့ အခုလို ၁၀ နှစ်ပြည့် အနေအထားမှာ iPhone မော်ဒယ်သစ် တခုခု ထွက်လာမယ်လို့ ခန့်မှန်းမိပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ iPhone က 7 ဖြစ်လေတော့ အစဉ်လိုက် အတိုင်းပဲ နောက်ဆက်တွဲ အနေနဲ့ iPhone 8 အဖြစ် ထုတ်လုပ်လာမယ် လို့ ယူဆရပါတယ်။
သိရသလောက် iPhone 8 ရဲ့ ပြသမျက်နှာပြင်စနစ်မှာ ပြိုင်ဖက် Samsung ရဲ့ Galaxy S7 Edge ရဲ့ စနစ်မျိုး OLED နဲ့ လာနိုင်တယ် လို့လည်း သိရသလို HIS Markit ရဲ့ ဖော်ပြချက်မှာတော့ LG G6 ရဲ့မျက်နှာပြင်စနစ်မျိုးနဲ့ ထုတ်လုပ် လာမယ်လို့လည်း ဆိုပြန်ပါတယ်။ စတင်ရောင်းချမယ့် ရက်ကိုတော့ ခန့်မှန်းသူ အများစု စက်တင်ဘာလရဲ့ ပထမ သီတင်း ၂ တ်အတွင်း ရောင်းချနိုင်တယ်၊ ခရစ်စမတ် ဈေးဝယ်ကာလနဲ့ တိုက်ပြီး ရောင်းချလိမ့်မယ် လို့ ဆိုကြပေမယ့် Tech Trader Daily ကတော့ ပထမဆုံး iPhone ရောင်းချခဲ့တဲ့ ဇွန်လအတွင်း ရောင်းချနိုင်တယ်လို့ ဆိုသလို ဇွန်လ ၈ ရက်လို့ အတိအကျ ခန့်မှန်းထားတာ တွေ့ရပါတယ်။
ဈေးနှုန်းပိုင်းမှာတော့ အခုချိန်ထိအောင် iPhone တွေက ဈေးမချိုသေးပါဘူး။ သတင်းအရင်းအမြစ် တခုကနေ သိရသလောက် Apple ဟာ အခုနှစ် အတွင်းမှာ iPhone သစ် ၃ ခု မိတ်ဆက်မယ်။ တခုက ပြသမျက်နှာပြင် ၅ ဒသမ ၈ လက်မနဲ့ iPhone 8 ၊ ၅ ဒသမ ၅ လက်မနဲ့ iPhone 7s Plus ၊ ၄ ဒသမ ၇ လက်မ အရွယ် iPhone 7s တွေ အဖြစ် လာနိုင်တယ်လို့ ဆိုပါတယ်။ သူကပဲ iPhone အသစ်မှာ ပြသမျက်နှာပြင်စနစ်သစ် ထည့်သွင်း ဖန်တီးလာဖို့ ရှိနေတဲ့ အချက်ရယ်၊ Memory ပိုင်းမှာ ကတ်စိုက် မသုံးနိုင်တဲ့ အတွင်း Internal Memory ကို အများအပြား ထည့်သွင်း ဖန်တီးလာနိုင်တဲ့ အတွက် အဆိုပါ စရိတ်တွေကို နောက်ဆုံးထုတ် iPhone ရဲ့ တန်ဖိုးအပေါ် ထည့်တွက်ပြီး ဈေးနှုန်း အတိအကျ မပြောပေမယ့် နောက်ဆုံးထုတ် iPhone ထက် ဈေးနှုန်း လျော့နည်းဖို့ မရှိဘူး လို့ ဆိုုပြန်ပါတယ်။
အမည်ပေးမှု အပိုင်းမှာတော့ iPhone တွေ စတင် ထုတ်လုပ်ကတည်းက အခုချိန်ထိအောင် ဂဏန်း အစဉ်လိုက် ပေးလာတာမို့ နောက်ဆုံး ထွက်ရှိလာမယ့် ဖုန်းအသစ်ဟာ iPhone 8 ဖြစ်နိုင်ပေမယ့် တချို့ကလည်း ၁၀ နှစ် ပြည့် မော်ဒယ် အဖြစ် ထုတ်လုပ်လာနိုင်တာကြောင့် iPhone 10 လည်း ဖြစ်နိုင်တယ် လို့ ဆိုပြန်ပါတယ်။ နောက်ပြီး ထူးခြားချက်ကတော့ အခုနှစ် မော်ဒယ်ကို Apple က All Glass Design နဲ့ ဖန်တီး ထုတ်လုပ်ချင်နေတာလည်း တွေ့ရပါတယ်။ ကိုယ်ထည်ပိုင်းကို ယခင် အလူမီနီယမ်သား နေရာမှာ မှန်သားအားလုံးနဲ့ ပြီးအောင် ဖန်တီး ချင်နေတာပါ။ ဒီလို ဖန်တီးမှုကိုလည်း အခုနှစ် အတွင်း အပြီး အောင်မြင်အောင် Apple အနေနဲ့ ဖန်တီးနိုင်ဖို့ ရှိတယ်လို့ Apple ရဲ့ ထုတ်လုပ်မှုတွေကို စောင့်ကြည့်လေ့လာသူ KGI Securities ရဲ့ ပညာရှင် Ming-Chi Kuo က ဆိုပါတယ်။ ရှေ့ပိုင်းကာလမှာတော့ iPhone 4 နဲ့ 4s တွေမှာ ရှေ့ဖက် မှန်၊ နောက်ဖက် အလူမီနီယမ် ကိုယ်ထည်နဲ့ ထုတ်လုပ်ဖူးတာတွေက အခု iPhone 8 မှာ မှန်ကိုယ်ထည်နဲ့ ဖုန်းမျိုး ထွက်လာနိုင်ဖို့ အလားအလာ ပိုများနေစေတာပါ။
ဒါပေမယ့် iPhone သုံးသူတွေ အများစု ပြောနေကြတဲ့ ဖုန်းကို လွတ်ကျရင် ကွဲလွယ်တယ် ဆိုတဲ့ စကားကိုတော့ အံတုဖို့ Apple အနေနဲ့ အကောင်းဆုံး ကြိုးစားပြင်ဆင်လာရဖို့ မြင်နေမိပါတယ်။ အဲဒီလို မှန်ကိုယ်ထည်နဲ့ ဖုန်းမျိုး ဖန်တီးချင်တဲ့ ရည်ရွယ်ချက်ကလည်း တကယ်လို့ ဖုန်းကိုယ်ထည် တခုလုံးဟာ မှန်အတိပြီးရင် လိုင်းဆွဲအားလည်း ပိုကောင်းလာမှာ ဖြစ်သလို ကြိုးမဲ့ အားသွင်းစနစ်လည်း ပိုမြန်စေမှာ ဖြစ်ပါတယ်။
ပြီးတော့ ဖုန်းမျက်နှာပြင်မှာ Cutting-edge Curved (ပြသမျက်နှာပြင်စနစ်က ဖုန်းမျက်နှာပြင် တခုလုံး ဖြစ်မယ်၊ ထောင့်စွန်းတွေက ကွေးသွားတဲ့ နေရာတွေ ထိအောင် ပြသမှု ပေးနိုင်မယ်)စနစ်မျိုး ဖန်တီးလာဖို့ ရှိနေတာပါ။ အဓိက ပြိုင်ဖက် Sansung ရဲ့ ဖုန်းတွေမှာ ဒီစနစ်နဲ့ ရနိုင်နေတာ ကြာပြီ ဖြစ်ပေမယ့် iPhone တွေမှာ မရသေးတဲ့ အနေအထားမို့ အားထည့် ဖန်တီးလာဖို့ ရှိနေတဲ့ သဘောပါ။
ဂျပန်အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ Nikkei က iPhone အသစ်ကို LCD နေရာမှာ OLED သုံးပြီး ၂၀၁၇ထဲမှာ ရောင်းချလာ လိမ့်မယ်လို့ ဖော်ပြထားတာ တွေ့ဖူးသလို DigiTimes လို သတင်းဌာနကလည်း Apple အနေနဲ့ OLED စနစ်ကို ၂ နှစ်တာ ရယူအသုံးပြုဖို့ Samsung နဲ့ သဘောတူညီချက် ရပြီဖြစ်တယ် လို့ ဖော်ပြထားတာတွေ တွေ့ရတာကြောင့် အခု iPhone သစ်ဟာ သေချာပေါက် LCD စနစ်နဲ့ မဟုတ်တော့ပဲ OLED နဲ့ ဖြစ်ဖို့ ရာခိုင်နှုန်း များနေတာပါ။
DigiTimes ရဲ့ ဖော်ပြချက် အသေးစိပ်မှာ ဆိုရင် Samsung ဟာ OLED စနစ်ပေါင်း သန်း ၇၀ ကနေ ၉၂ သန်း အတွင်း ဒေါ်လာ ၉ ဘီလီယံဖိုး ရောင်းချထားတယ် လို့ ဆိုသလို အခုနှစ် အတွင်း အရေအတွက် အားလုံးရဲ့ ၃၀ ရာခိုင်နှုန်း လောက်ကို အပြီးသတ် ထုတ်လုပ်ပေးအပ်ဖို့ ရှိနေတယ် လို့တောင် ဆိုတာပါ။ ဒီလို OLED စနစ် ပြောင်းလဲ လာမှုနဲ့ အတူ Apple ရဲ့ နည်းပညာမြှင့်တင်မှုတွေကြောင့် iPhone 8 ဟာ 4K ရုပ်ထွက်ထိအောင် ပြသပေးနိုင်လာဖို့ လည်း ရှိနေတာပါ။
နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်း တခုမှာလည်း iPhone 8 အနေနဲ့ Home ခလုတ် ထည့်သွင်း ပါရှိတော့မှာ မဟုတ်ဘူး လို့ ဆိုပြန်ပါတယ်။ ရှေ့ထွက် iPhone 7 မှာကတည်းက ဒီလို Home ခလုတ် မပါပဲ ထွက်လာဖို့ သတင်းတွေ သိခဲ့ရပေမယ့် အခု iPhone 8 မှာမှ အကြီးစား ပြင်ဆင်မှုနဲ့ ထွက်လာဖို့ ရှိနေတာပါ။ ဒီဇိုင်နာ တဦး ဖြစ်သူ Herman Haidin ကတော့ Liguidmetal လို့ ခေါ်တဲ့ သတ္တုရည် တမျိုးကို iPhone သစ် ကိုယ်ထည် ဖန်တီးမှုမှာ ၃ မီလီမီတာလောက် သုံးပြီး ထည့်သွင်း ဖန်တီးလာနိုင်တယ် လို့ ဆိုသလို အဆိုပါ သတ္တုရည်က Touch အထိအတွေ့ကို လည်း ပိုကောင်းစေမှာ ဖြစ်သလို ရေစိုခံနိုင်မှုလည်း ပိုကောင်းလာစေမယ် လို့ ဆိုပါတယ်။
ပြီးတော့ Bloomberg သတင်းရဲ့ ဖော်ပြချက်မှာ iPhone 8 အနေနဲ့ ကြိုးမဲ့ အားသွင်းစနစ် ပါရှိလာနိုင်ပြီး Apple ရဲ့ အမည်မဖော်လိုတဲ့ တာဝန်ခံ တဦးကလည်း နည်းပညာသစ် တခုကို ၂၀၁၇ ခုနှစ်မှာ တွေ့ရမှာပါ၊ သူက အကွာအဝေး တခုကို ဖြတ်သန်းပြီး စွမ်းအင် အသုံးပြုမှု လုပ်ဆောင်နိုင်မှာပါ လို့ ဆိုတာတွေက iPhone 8 မှာ ကြိုးမဲ့ အားသွင်းစနစ် ပါလာနိုင်တဲ့ အနေအထားတွေပါ။
ဒါ့အပြင် Iris Scanner လို့ ဆိုတဲ့ မျက်ကြည်လွှာဖတ် စနစ်ကိုလည်း ဖုန်းအသစ်မှာ မြင်တွေ့လာရနိုင်ပါတယ်။ Samsung Galaxy Note 7 မှာ အဆိုပါ မျက်လုံးဖတ် စနစ်ကို သုံးနိုင်ပြီး ဖုန်းသုံးသူ အနေနဲ့ ဖုန်းကို Lock လုပ်နိုင်တာပါ။ တရုတ်ဘာသာနဲ့ ဖော်ပြတဲ့ သတင်းဖော်ပြသူ MoneyDJ.com မှာလည်း iPhone 8 အနေနဲ့ အဆိုပါ စနစ်မျိုး ပါရှိအောင် ထည့်သွင်း ဖန်တီးလာနိုင်တယ် လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ထိုင်ဝမ်အခြေစိုက် Xintec ကလည်း ၂၀၁၇ ခုနှစ်ထုတ် iPhone မှာ မျက်ကြည်လွှာဖတ် စနစ် တပါတည်း ပါရှိလာမယ် လို့ ဆိုထားပြန်ပါတယ်။ ဒါဆိုရင်တော့ iPhone 8 မှာ မျက်ကြည်လွှာဖတ် စနစ် ပါရှိလာဖို့ များနေပြန်ပါပြီ။
နောက်ထွက်လာမယ့် iPhone သစ်မှာ အရွယ် ၃ မျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်လာဖို့ ရှိနေပါတယ်။ တချို့က ၅ ဒသမ ၈ လက်မ အရွယ်နဲ့လည်း လာနိုင်ဖို့ ရှိတယ် လို့ အထက်မှာ ဆိုခဲ့သလို၊ တချို့ကလည်း ၄ ဒသမ ၇ လက်မ၊ ၅ လက်မနဲ့ ၅ ဒသမ ၅ လက်မတွေ ဖြစ်နိင်တယ် လို့ ဆိုပါတယ်။ ဂျပန် အခြေစိုက် Mac Otakara ကလည်း အရွယ်ကို အတိအကျ မပြောပေမယ့် အရွယ်အစား ၃ မျိုး ခလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ၅ လက်မအရွယ်ဖုန်း အသစ်မှာ ဆိုရင် ကင်မရာစုံစနစ် (Dual-Lens) ပုံစံ လာဖို့ ရှိနေတာပါ။ နာမည်ကျော် Wall Street Journal ကဆိုရင် လက်ရှိမှာ Apple အနေနဲ့ အစမ်းဖုန်း ၁၀ မျိုးထိအောင် စမ်းသပ်နေတယ် လို့ ဆိုပါတယ်။
သိရသလောက် iPhone 8 ကတော့ A11 အထိုင်၊ ARM Processor ကို သုံးထားမယ်၊ Appleရဲ့ နောက်ဆုံး ထွက်ရှိလာမယ့် OS စနစ် iOS 11 ကို သုံးထားမယ်၊ 32GB, 128GB နဲ့ 256GB တွေ အဖြစ် ထုတ်လုပ်လာမယ်။ 3D ကင်မရာစနစ်ပါ ပါရှိလာနိုင်မယ်၊ မိနစ် ၃၀ကြာ ရေစိမ်ခံနိုင်မယ်၊ ဈေးနှုန်းက နောက်ဆုံးထွက် iPhone တွေထက် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အကြား ဈေးပိုနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
Ref: www.google.com.mm