ပြည်တွင်း ဆိုင်ကယ် ဈေးကွက်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ Honda CBR နဲ့ Yamaha FZ ပြီးရင် လူကြိုက် အများဆုံး ဖြစ်လာနေတာက Honda MSX ပါ။ အလှစီး သမားတွေက သိပ်မကြိုက်ပေမယ့် ဆိုင်ကယ်ကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် စီးချင်သူတွေ အတွက်ကတော့ Honda MSX က သဘောကျစရာပါ။ Standard တန်းဝင် ဖြစ်ပေမယ့် သူ့ရဲ့ ကိုယ်ထည်အရွယ်စားက CBR ထက်ရော FZ ထက်ပါ သေးငယ်လို့ မောင်းနှင်သူ အတွက် ပိုင်ပိုင်နိုင်နိုင် စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်တာကြောင့် လူကြိုက်များနေတာလည်း တွေ့ရပါတယ်။
ပြီးတော့ ဈေးနှုန်း အပိုင်းမှာလည်း FZ နဲ့တော့ သိပ်မကွာပေမယ့် CBR ထက် ဈေးချိုလို့ လူကြိုက်များတာလည်း တွေ့ရပါတယ်။ ကိုယ်ထည်သေးတယ်၊ ထိုင်ခုံတန်းနိမ့်တယ်၊ စွမ်းဆောင်ရည်ကောင်းတယ်၊ ဆီစားနှုန်း အထူးပဲ သက်သာတယ်၊ ဈေးနှုန်းသင့်တယ်၊ အမြင်ဆန်းတယ်၊ နှစ်ယောက်စီးနိုင်တယ်၊ ခရီးဝေး မောင်းနှင်နိုင်သလို လမ်းကြမ်းမှာလည်း အရုန်းအဆွဲ ကောင်းမွန်တဲ့ အပြင် စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မှု အပိုင်းမှာ ပိုပြီး အားကောင်းတာ တွေ့ရပါတယ်။
အင်ဂျင်စနစ်က တလုံးထိုး အင်ဂျင်၊ Four Stroke အမျိုးအစားပါ။ အင်ဂျင်အရွယ်က ၁၂၅ စီစီပါ။ ဒါက လက်ရှိ ပြည်တွင်းမှာ လူကြိုက် အများဆုံး အင်ဂျင် အရွယ်ပါ။ အင်ဂျင်ဖန်တီးမှုလည်း အားကောင်းသလို Exhaust ပိုင်း စနစ် ကောင်းမွန်မှုက မော်ဒယ်ကို အသံထွက် အထူးပဲ ညက်ပါတယ်။ အင်ဂျင်သံက အရင် Super Cub ဆိုင်ကယ်တွေလိုပဲ အသံမထွက်သလောက် ပါ။
အင်ဂျင်ရဲ့ အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၅၅၀၀ မှာတင် ရုန်းအား ၁၀ ဒသမ ၉ ပေါင်-ပေ ထွက်ရှိပြီး မြင်းကောင်ရေ ၉ ဒသမ ၆၆ ကောင်အား ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီနှုန်းက ၁၂၅ စီစီသုံး အင်ဂျင်တွေထဲမှာ စွမ်းအင် ထွက်နှုန်း အကောင်းဆုံးလည်း ဖြစ်ပါတယ်။ အင်ဂျင်က အမြင့်ဆုံး လည်ပတ်နိုင်မှုနှုန်းက တမိနစ် အပတ်ရေ ၇၀၀၀ ထိအောင်ပဲ ဖြစ်ပေမယ့် အခြား တမိနစ် လည်ပတ်နှုန်း တသောင်းကျော် မော်ဒယ်တွေနဲ့ အတူ အမြန်ဆုံး မောင်းနှင် နိုင်မှု အားကောင်းတာ တွေ့ရပြီး တနာရီ အမြန်ဆုံး ၁၀၃ ကီလိုမီတာ ၆၃ မိုင် ဝန်းကျင်ထိအောင် မောင်းနှင်နိုင်မှာပါ။ ဒီနှုန်းက ပြည်တွင်း လမ်းကြောင်း အနေအထားတွေနဲ့ အသင့်တော်ဆုံး နှုန်းပါပဲ။
ဂီယာပိုင်းမှာတော့ Clutch စနစ်နဲ့ပါ။ CBR ရဲ့ Clutch စနစ်လောက်တော့ မညက်ချင်ပါဘူး။ ဂီယာချက်ပိုင်းမှာ mini မော်ဒယ်မျိုး ဖန်တီးထားတာကြောင့် ဂီယာချက် ၄ ချက်ပဲ သုံးနိုင်မှာ ပါ။ ဒီလို အင်ဂျင် လည်ပတ်အားကိုလည်း လျော့ထားပြီး ဂီယာချက်ကိုလည်း ပုံမှန် ၅ ချက်အစား ၄ ချက်ပဲ ထားရှိ ဖန်တီးထားတာက မော်ဒယ်ကို ဆီစားနှုန်း အပိုင်းမှာတော့ အရမ်း သက်သာလာစေပါတယ်။ ဆီတိုင်ကီက ၅ ဒသမ ၅ လီတာ ဆံ့ဝင်မှာ ဖြစ်ပြီး ဆီတဂါလံကို မိုင် ၁၀၀ ကျော်ထိအောင် မောင်းနှင်နိုင်မှာ ပါ။ ဆီတိုင်ကီ အပြည့်နဲ့ ခရီး တဆက်တည်း မောင်းနှင်မှု မိုင် ၁၄၀ လောက်ထိ ဖြစ်ပါတယ်။ ဆိုင်ကယ်ရဲ့ အလေးချိန်က ၂၂၄ ပေါင် ရှိမယ်၊ ဝန်တင်ဆောင် ရုန်းကန်နိုင်မှု ပေါင် ၃၀၀ လောက်ထိဖြစ်ပြီး၊ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်မှုက ၆ ဒသမ ၃ လက်မ ရှိပါတယ်။
ပြည်တွင်း ဈေးကွက်မှာတော့ MSX ကို လူငယ်တွေ အကြား ရေပန်းစားနေပြီး မကွေး၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ မုံရွာ၊ မန်းဈေးကွက်၊ တောင်ငူနဲ့ တောင်ကြီးတွေမှာ တက္ကသိုလ် ကျောင်းသားတွေ အများဆုံး စီးနင်းကြတယ်လို့ သိရပါ တယ်။ အရောင် ရွေးချယ်နိုင်မှုက အနီ၊ အနက်၊ အဖြူ၊ အဝါ၊ အပြာ၊ အစိမ်း စသဖြင့် အရောင်ပိုင်း မျိုးစုံရနိုင်တာ တွေ့ရသလို ဈေးနှုန်းကလည်း အခုနှစ် ၂၀၁၇ ခုနှစ် မော်ဒယ် ဈေးကွက်ဝင်လာနေပြီ ဖြစ်ပြီး ၂၀၁၇ မော်ဒယ်က ကျပ် ၂၆ သိန်း ဝန်းကျင်နဲ့ ၂၀၁၆ ခုနှစ် လက်ကျန် မော်ဒယ်တွေက အရင် ၂၃ သိန်းခွဲလောက် ရှိနေရာကနေ မော်ဒယ်သစ် ထွက်လာလို့ ဈေးနည်းနည်း ကျသွားပြီး ၂၂ သိန်း ဝန်းကျင်နဲ့ ရနိုင်နေတယ်လို့ သိရပါတယ်။ ။