လူတဦးချင်း တယောက်ချင်းစီ အတွက် နေ့စဉ် အသုံးပြု နည်းပညာ ပစ္စည်း အဖြစ် စမတ်ဖုန်းတွေက နေရာယူလာနိုင် ပြီ ဖြစ်ပေမယ့် လုပ်ငန်းခွင်သုံး အတွက်ကတော့ ကွန်ပျူတာတွေကိုပဲ အသုံးပြုနေရဆဲပါ။ အခု ပြောပြချင်တာကတော့ အခု ၂၀၁၇ ခုနှစ် ပထမ လေးလ အတွင်း ကွန်ပျူတာ အများဆုံး ရောင်းချထားရတဲ့ အမှတ်တံဆိပ်တွေပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဝယ်ဖို့ စဉ်းစားနေသူတွေ အတွက်ကတော့ ဘယ်ကွန်ပျူတာ အမှတ်တံဆိပ်တွေကို လူသုံးများနေတယ်၊ ကောင်းနေတယ်၊ ရွေးချယ်ဖို့ သင့်မယ် ဆိုတာ သိမြင်လာစေနိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား အခြေစိုက် The Verge ကနေ စစ်တမ်းတွေ ကောက်ယူပြီး အခုလို အရောင်းရဆုံး စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ် ကတည်းက အခုလို စစ်တမ်းထုတ် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။
အခုနှစ်ထဲမှာတော့ နာမည်ကျော် HP က အရောင်းရဆုံး နေရာကို ရယူထားနိုင်ပြီး ဒုတိယနေရာမှာတော့ Lenovo ရှိနေတာပါ။ တတိယနေရာမှာတော့ Dell ရှိနေပါတယ်။ စတုတ္ထနေရာမှာတော့ ဒေါ်လာ ၂၅ ဘီလီယံဖိုးထိအောင် ရောင်းချထားနိုင်ပြီလို့ ဆိုတဲ့ Mac ကွန်ပျူတာတွေ ဖြစ်တဲ့ Apple ရှိနေပါတယ်။ Acer က နံပါတ် ၅ နေရာမှာပါ။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အတွင်း ကွန်ပျူတာ အလုံးရေ သန်း ၆၀ ကျော်ထိအောင် ကမ္ဘာနဲ့ အဝှမ်း ရောင်းချခဲ့ရတာ တွေ့ရသလို လွန်ခဲ့တဲ့ ၅ နှစ် အတွင်းကနေ စပြီး အခုလို ကွန်ပျူတာ ဈေးကွက်ဟာ နှစ်စဉ် တိုးတက်လာခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက်တွေ ဈေးကွက်နေရာ ရလာမှုကြောင့်သာ ကွန်ပျူတာ အသုံးပြုမှုဟာ နှစ်စဉ် ရာခိုင်နှုန်း အများအပြား တိုးတက်နိုင်ခြင်း မရှိတာ ဖြစ်ပေမယ့် နှစ်စဉ် သုည ဒသမ ၆ ရာခိုင်နှုန်း ထိအောင် ရောင်းအား တက်လာနေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် Gartner ရဲ့ စစ်တမ်းအရတော့ ကွန်ပျူတာ ရောင်းအားဟာ နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျလာ ခဲ့တယ် လို့လည်း ဆိုပါတယ်။
ဒီ စစ်တမ်း နှစ်ခုမှာ အဓိက ကွဲပြားချက်က The Verge ဟာ Googleရဲ့ Chromebook ရောင်းချရမှုကို ထည့်တွက် ထားတာ ဖြစ်ပြီး Gartner ကတော့ Chromebook တွေကို ထည့်မတွက်တာကြောင့် ရောင်းအား ကျဆင်းရခြင်း ဖြစ်နိုင်တယ် လို့ ဆိုရမှာပါ။ ဒါပေမယ့် The Verge ကိုယ်တိုင်ကလည်း စစ်တမ်းအရသာ ကွန်ပျူတာတွေ ရောင်းအား ထိန်းထားနိုင်သေးတာ ဖြစ်ပေမယ့် ရောင်းအားကတော့ တဖြည်းဖြည်း ကျဆင်းလာတော့မှာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဈေးကွက်အတွင်းမှာလည်း Chrome OS ကို ဈေးကွက် ပြိုင်ဆိုင်မယ့် Windows ရဲ့ ပေါ့ပါးတဲ့ စနစ်သစ်တွေ လာမယ့် မေလ ၂ ရက်မှာ မိတ်ဆက်လာတော့မှာ ဖြစ်လု့ိ စောင့်ကြည့်သူတွေ များနေပေမယ့် နေ့စဉ် အင်တာနက် အလွယ်သုံးသူ အများစုကတော့ ကွန်ပျူတာတွေဘက် စိတ်ဝင်စားမှု နည်းလာနေတာလည်း တွေ့ရပါတယ်။
Ref: www.businessinsider.com