လက်ရှိ အိမ်ခြံမြေဈေးကွက်သည် အရောင်းထက် အငှားဈေးကွက် ပိုပြီး အလုပ်ဖြစ်နေသောကြောင့် အိမ်ခြံမြေဈေးများ အကျဘက်သို့ ဦးတည်နေကြောင်း အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ကုမ္ပဏီတခုဖြစ်သည့် House.com မှ ထုတ်ပြန်ချက်အရ သိရသည်။
ဇလပ်ပွင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမန်နေဂျာ ဦးမျိုးမြင့်အောင်က “အရောင်းအဝယ်က စည်ပင်နယ်နမိတ် အတွင်းရှိတဲ့ မြို့နယ်တွေမှာတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးက အရင် အိမ်ခြံမြေဈေးကောင်းတဲ့ ၂၀၁၂၊ ၂၀၁၃ တုန်းက ဈေးတော့ မမီဘူး။ မရောင်းမဖြစ်တဲ့ အနေအထားလောက်ပဲ အရောင်းအဝယ်ဖြစ်နေတယ်။ ဒါကြောင့် ဈေးကွာဟမှုဖြစ်ပြီး ဝယ်သူကလည်း ဈေးမပေးတဲ့အတွက် ပွဲပျက်တာတွေ များနေတယ်။ သုံးသပ်ပြောရရင် အရောင်းအဝယ်ဖြစ်နေတာ မဟုတ်ဘူး၊ ဈေးအကျဘက်ကို ဦးတည်နေတယ်’ဟု ပြောသည်။
အိမ်ခြံမြေဈေးကောင်းခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျပ်သိန်း ၄၀၀၀ ပေါက်ဈေးရှိသော မြေကွက်များမှာ လက်ရှိတွင် ကျပ်သိန်းနှစ်ထောင် အထိ အကျဈေးဖြင့် ရောင်းချလာကြောင်း ၎င်းကပြောသည်။
ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက’’ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေက ကွန်ဒိုမီနီယမ် စစ်စစ်ပါလို့ လက်ညိုးထိုးပြစရာ အဆောက်အအုံ ကောင်းကောင်းမရှိတော့ နိုင်ငံခြားသားက မဝယ်ဘူး၊ ငှားပဲနေမှာ ဖြစ်တယ်။ နောက်တချက်က ဝိတ်လျော့တဲ့ သဘောပါ။ လူတယောက်က အခုငှားနေတဲ့ သိန်း ၂၀ တန် တိုက်ခန်းကနေ ပိုကောင်းတဲ့ အခြားအိမ် တလုံးက ၁၅ သိန်းပဲ ပေးရတယ်ဆိုရင် ပြောင်းပြီး ငှားလာကြတယ်။ ဒါကြောင့် အငှားဈေးကွက်က ဖြစ်ထွန်းလာတာ ဖြစ်တယ်’’ဟု ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အစိုးရမှ ပေါ်လစီကောင်းကောင်း ထောက်ပံ့ပေးနိုင်ရန်မှာ လိုအပ်သော အချက်တခုဖြစ်ကြောင်း House.com မှ Co-founder and Managing Director ဖြစ်သူ Nitesh Khirwal ကပြောသည်။
၎င်းက ဆက်လက်၍ ကွန်ဒိုမီနီယမ် ဥပဒေ ထွက်ရှိလာပါက နိုင်ငံခြားသားများမှလည်း အိမ်ခြံမြေကဏ္ဍတွင် ဝယ်ယူ ရင်းနှီးမြုပ်နှံခွင့် ရရှိလာမည် ဖြစ်သောကြောင့် လက်ရှိကျဆင်းနေသော အနေအထားကို အပြောင်းအလဲ ဖြစ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
ယင်းကဲ့သို့ ဖြစ်နေသည့် အခြေအနေများသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ပတ်သက်သည့် တည်ငြိမ်သော ဥပဒေ၊ စီးပွားရေး ကောင်းမွန်လာမည့် အခြေအနေများနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာချိန်တွင် အိမ်ခြံမြေဈေးကွက် တည်ငြိမ်ကောင်းမွန်လာနိုင်ကြောင်း ပြည်တွင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ ထံမှ သိရသည်။