များသောအားဖြင့် နှစ်ယောက်စီး စွမ်းဆောင်ရည်မြင့် မော်ဒယ်တွေကို ထုတ်လုပ်မှုများတာက ဥရောပနဲ့ အမေရိကန်အခြေစိုက် ကားကုမ္ပဏီတွေ ဖြစ်ပေမယ့် အာရှအခြေစိုက် ကားထုတ်လုပ်သူတွေအနေနဲ့လည်း ဈေးကွက် နေရာရအောင် ဖန်တီးဖို့ လိုအပ်မှုနဲ့အတူ နည်းပညာ အကောင်းဆုံး ဖန်တီးနိုင်တဲ့ Toyota ကနေ သူ့ရဲ့ ဇိမ်ခံအမှတ်တံဆိပ် Lexus ရဲ့ မော်ဒယ်ခွဲအဖြစ် အခု မော်ဒယ် RC 350 ကို ဖန်တီးလာတာလို့ ဆိုရမှာပါ။
အတွင်းခန်း အပြင်အဆင်က အဆင့်မြင့် Supercar တွေရဲ့ အတွင်းခန်း အနေအထားလောက်ထိအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်ရဲ့ စွမ်းဆောင်ရည်က တန်းတူ ပြိုင်ဘက် မော်ဒယ်တွေထဲမှာ အကောင်းဆုံး တန်းဝင် အဖြစ် သတ်မှတ်နိုင်လောက်အောင် မြန်ဆန်ကောင်းမွန်တာ တွေ့နိုင်ပါတယ်။
အထူးသဖြင့် V6 အင်ဂျင်စနစ်က စွမ်းအင်ထုတ်လုပ်မှု အားကောင်းပေမယ့် အထွက်တွေမှာရော အမြန်နှုန်း မြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာရော အထူး ညင်သာကောင်းမွန်တာ တွေ့ရပါတယ်။ ပြီးတော့ လက်ကိုင်စနစ်က လားရာပြောင်းလဲ မောင်းနှင်နိုင်မှုရော တည်ငြိမ်မှုနဲ့ ကွေ့လမ်းကြောင်း မောင်းနှင်မှု အပိုင်းမှာပါ အထူးကောင်းမွန်တာ တွေ့ရပါတယ်။
အားနည်းချက်အဖြစ် ပြောရမယ်ဆိုရင်တော့ အမြန်ဆုံး မောင်းနှင်နိုင်မှုလို အပိုင်းတွေနဲ့ တစီးလုံးရဲ့ စွမ်းဆောင်ရည် တွေက ပြိုင်ဘက် မော်ဒယ်တွေနဲ့ စာရင်တော့ အသာစီးရဖို့ နည်းနည်း လိုအပ်နေသေးသလိုပါ။
ပြီးတော့ Coupe ဆိုတဲ့ နှစ်ယောက်စီး မော်ဒယ်တွေက တံခါးနှစ်ပေါက်ပဲပါပေမယ့် နောက်ဘက် ထိုင်ခုံတန်းပါရှိပြီး ခရီး သည် ၄ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်ပေမယ့် အခု RC 350 ရဲ့ နောက်ဘက်ခရီးသည်ခန်းက ကျဉ်းလွန်းနေပြီး ဝန်တင်ဖို့ အတွက်ဖြစ်စေ ကလေးတွေ ထိုင်ဖို့ အတွက်လောက်ပဲဖြစ်စေ အဆိုပါ အသုံးတွေ အတွက်လောက်ပဲ အဆင် ပြေတာ တွေ့နိုင်ပါတယ်။
အခုနှစ် မော်ဒယ်တွေအတွက်ကိုတော့ ၂၀၁၆ခုနှစ် မော်ဒယ်အတိုင်း သိပ်ပြီး သိသာတဲ့ အဆင့်မြှင့်မှုတွေ မရှိဘဲ ပြန်လည် ထုတ်လုပ်ရောင်းချလာတာ တွေ့ရပါတယ်။
RC မော်ဒယ်အဖြစ် ထုတ်လုပ်ရောင်းချတဲ့ မော်ဒယ်တွေထဲမှာတော့ အခု 350 က စွမ်းဆောင်ရည် အကောင်းဆုံးပါပဲ။ RC 200t နဲ့ RC 300 မော်ဒယ်ခွဲတွေထက် ဈေးလည်းချိုပြီး ပိုမြန်ပါတယ်။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃.၅ လီတာသုံး V6 အင်ဂျင်ဖြစ်ပြီးတော့ သူက ရုန်းအား ၂၇၇ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၀၆ ကောင်အား ထွက်ရှိမှာပါ။
Auto ဂီယာချက် စနစ်နဲ့ လာပြီး ၈ ချက်သုံး ပုံစံ ဖြစ်ပါတယ်။ ၈ချက် Auto နဲ့ဆိုရင်တော့ နောက်ဘီးယက်ပုံစံ ရနိုင်ပြီး ၆ချက် Auto နဲ့ဆိုရင် ဘီးစုံယက်စနစ်နဲ့ ရနိုင်ပါတယ်။
အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ တနာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၅.၉ စက္ကန့်လိုအပ်ပြီး ဒီနှုန်းက အခုလို မော်ဒယ် တွေ အတွက် ပျမ်းမျှ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။
ဘရိတ်ပိုင်းမှာတော့ မော်ဒယ်က အနည်းငယ် အားနည်းချင်ပြီး အဆိုပါ မိုင် ၆၀ နှုန်းကနေ ပြန်ပြီး ရပ်တန့်မယ်ဆိုရင် ပေ ၁၂၀ ထိအောင် လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ Lexus ရဲ့ Sport မော်ဒယ် စီးနင်းမှုနည်းချင်ပေမယ့် ဇိမ်ခံ SUV နဲ့ Hatchback, Sedan မော်ဒယ်တွေ စီးနင်းမှု များပါတယ်။
Sport Coupe ကောင်းကောင်း စီးချင်သူတွေ အတွက်ကတော့ စိတ်ကြိုက်ဖြစ်မှာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာတော့ RC 350 ကို ဈေးနှုန်း ဒေါ်လာ ၄၃၀၁၀ နဲ့ ရောင်းချနေတာ တွေ့နိုင်ပါတယ်။