အောင်ဘာလေ ထီလက်မှတ် ရောင်းရငွေများ နိုင်ငံတော်၏ မည်သည့်ကဏ္ဍတွင် သုံးစွဲနေကြောင်း ပြည်သူများကို ချပြ သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက “ထီဆုငွေက ရတဲ့ငွေတွေကို ပညာရေး အသုံး စရိတ်မှာ ဘယ်လောက်သုံးမယ်။ ကျန်းမာရေး အသုံးစရိတ်ကို ဘယ်လောက်သုံးမယ်ဆိုပြီး ပြည်သူလူထုကို သိသာမြင်သာ စွာနဲ့ ရလာတဲ့ ဘဏ္ဍာငွေကို တင်ပြသွားမယ်။ ဆိုလိုတာက ထီထိုးလို့ ထီမပေါက်သည့် တိုင်အောင် ထိုးလိုက်တဲ့ထီသည် တို့နိုင်ငံအတွက် ပညာရေးအတွက်ပါ၊ ကျန်းမာရေးအတွက်ပါဆိုပြီး ကျေနပ်နှစ်သိမ့်နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ပြောသည်။
နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ယနေ့ ပြုလုပ်သည့် ဝန်ကြီးဌာန တနှစ် အတွင်း လုပ်ငန်း ဆောင်ရွက် မှု အခြေအနေနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
အောင်ဘာလေ ထီစနစ်တွင် ထီလက်မှတ် ရောင်းရငွေအားလုံး၏ ၆၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ပြန်လည်ခွဲဝေပေးခြင်း ဖြစ်ပြီး ၄၀ရာခိုင်နှုန်းကို နိုင်ငံတော်ဘတ်ဂျတ် အနေဖြင့် အသုံးပြုခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းပြသည်။
ပြင်ပတွင် ထီလက်မှတ် ဈေးနှုန်းကြီးမြင့်နေမှုကို ကာကွယ်ရန်နှင့် နှစ်လုံးသုံးလုံး တရားမဝင် လောင်းကစား ဆော့ကစား နေခြင်းကို ကာကွယ်နိုင်ရန် ဆုငွေအမျိုးအစား မတူသည့် ၅၀ ကျပ်တန် ထီလက်မှတ်များကို ရောင်းချသွားရန် အစီအစဉ် ရှိကြောင်း ဝန်ကြီးဦးကျော်ဝင်းက ပြောသည်။
ဝန်ကြီး ဦးကျော်ဝင်းက “ပြည်သူပြည်သားတွေဟာ မပင်ပန်းဘဲနဲ့ ငါးဆယ်တန် ထီလေးတွေ ထိုးခွင့်ရမယ်ဆိုရင် နှစ်လုံး သုံးလုံး ထီထိုးတာတွေ စတဲ့ တရားမဝင် လောင်းကစားလုပ်တာတွေ ပပျောက်နိုင်အောင် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်တယ်” ဟုလည်း ပြောဆိုသည်။
ထီလက်မှတ် အစောင်အရေအတွက် ရောင်းချရသည့် ငွေပမာဏပေါ် မူတည်ပြီး ထီဆုမဲ အရေအတွက်များကို ယခုနှစ် ဇူလိုင်လမှ စတင်၍ တိုးမြှင့်သွားရန် စီစဉ်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
“တြိဂံပုံစံမျိုး တသောင်းရှိမယ်။ ငါးထောင် နှစ်လုံးရှိမယ် သုံးထောင်က ငါးလုံးရှိမယ် စသဖြင့် ဒီလိုမျိုးပုံစံမျိုး သွားချင်တဲ့ အတွက်ကြောင့် ကျနော်တို့ ဒါတွေကို လုပ်နေပါတယ်။ ဇူလိုင်လကစပြီးတော့ လက်ရှိဆုမဲထက် ပိုပြီးတော့ များလာမှာ ဖြစ်တယ်” ဟု ဦးမင်းထွဋ်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထီလက်မှတ်များ ရောင်းရငွေမှ နိုင်ငံတော်ဘဏ္ဍာငွေ ကျပ် ၄၀.၂၀၃ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၁၀၀ ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောသည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁ သောင်း ရရှိမည့် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်ကို ယခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ပြီး ထုတ်ေ၀ ရောင်းချခဲ့သည်။