ပြည်တွင်းမှာ နောက်ပိုင်းမှာမှ ဈေးကွက်ဝင်လာတယ် ဆိုပေမယ့် တန်းမြင့် ဖုန်းအဖြစ် လူအများ လက်ခံ နှစ်သက်နေတဲ့ အမှတ်တံဆိပ် Meizu ရဲ့ M3 Max မော်ဒယ် အကြောင်း နည်းနည်းလောက် မိတ်ဆက်ပေးချင် ပါတယ်။
ဒီလို အမြင်ဆုံး ထူးခြားစေတဲ့ အချက်ကလည်း အခု Meizu ဖုန်းတွေ အားလုံးက iPhone တွေလိုပဲ Home ခလုတ် တခုကိုပဲ သုံးနိုင်လို့ပါ။ တချက်ထိလိုက်တာနဲ့ Back ပြန်ထွက်မယ်၊ တချက် နှိပ်လိုက်တာနဲ့ Home Screen ထိ ပြန်ထွက်မယ်၊ ဖုန်းအဖွင့်၊ အပိတ်အပြင် လက်ဗွေရာဖတ် စနစ်ကိုလည်း အဆိုပါ Home ခလုတ် တခုတည်းမှာပဲ ထည့်သွင်းဖန်တီးထားလို့ Androidဖုန်းတွေကြားမှာ အမြင်ဆန်းပြီး လူကြိုက်များတာ ဖြစ်ပါတယ်။
အခု M3 Max ကိုရော ဘာတွေ ထူးခြားအောင် ဖန်တီးထားပါသလဲ။ သဘောကျစရာ အချက်တခုကတော့ ပြသမျက်နှာပြင် ၆ လက်မ အရွယ်ရှိပြီး Game အချိန်ကြာ ကစားတတ်သူတွေ၊ စာဖတ်သူတွေ အတွက် အဆင်ပြေမှာပါ။ Gamer တွေကတော့ အရွယ်ကြီးလို့ လေးတယ်၊ ကိုင်ရတာ အဆင်မပြေဘူး လို့ ဆိုချင်ကြပေမယ့် အချိန်ကြာ ကြည့်လာရင်တော့ အခုလို မျက်နှာပြင်ကြီးဖုန်းတွေနဲ့ ပိုအဆင်ပြေပါလိမ့်မယ်။
ဖုန်းက အထူ သုည ဒသမ ၃၁ လက်မပဲ ရှိပြီး ပါးလွှာပါတယ်၊ အလေးချိန် ၁၈၉ ဂရမ်က အပေါ့ဆုံး အနေအထားတော့ မဟုတ်ပါဘူး။ တန်းတူ ဖုန်းတွေနဲ့ ယှဉ်ကြည့်ရင် အလေးချိန်က ပျမ်းမျှ အနေအထားပါပဲ။ Nano အရွယ် Sim ကတ် ထည့်သုံးရမှာ ဖြစ်ပြီး နှစ်ကတ်စိုက်နိုင်ပါတယ်။ IPS LCD စနစ်နဲ့ ပြသမျက်နှာပြင်ကို ဖန်တီးထားပြီး ရုပ်ထွက် စိတ်ကြိုက် ဖြစ်မိပါတယ်။ ဒါပေမယ့် Capactive Touch ပုံစံ ဖြစ်လို့ ရေရှည်မှာ Touch စနစ် စိတ်ကြိုက် ဖြစ်ပါ့မလား စောင့်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
ပြသမျက်နှာပြင် ၆ လက်မမှာ 1080x1920p နှုန်းနဲ့ ရုပ်ထွက်ကတော့ Resolution မြင့်တဲ့ ဗီဒီယို ဖိုင်တွေကြည့်ဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ စာဖတ်မယ့် သူတွေ အတွက်လည်း အဆင်ပြေပါလိမ့်မယ်။ Android စနစ်သုံးပဲ ဖြစ်ပြီး v6.0 ကို သုံးနိုင်မှာပါ။ နောက်ထွက် Version တော့ အဆင့်မမြှင့်နိုင်ပေမယ့် တန်ဖိုးသင့် ဖုန်းတလုံးအတွက် အခု Version က အဆင်ပြေပါတယ်။ CPUမှာ octa-core ထိုင်ထားပြီး GPU မှာ Mali-T860MP2 သုံးထားတာပါ။ အကောင်းဆုံး မဟုတ်ပေမယ့် သင့်ပါတယ်။
RAM အပိုင်းမှာ ရွေးချယ်စရာ မလာပဲ 3GB တမျိုးတည်း ရနိုင်ပါတယ်။ Internal ကလည်း 64 GB တမျိုးတည်းရမှာပါ။ ရွေးချယ်စရာ နည်းပေမယ့် RAM နဲ့ Memory အနေအထားက လက်ခံနိုင်စရာပါ။ Memory Card ထပ်စိုက်မယ် ဆိုရင်တော့ ထုံးစံ အတိုင်း Sim ကတ် ၂ နေရာကို ထည့်ရမှာ ဖြစ်ပြီး 256 GB ထိအောင် ကတ်စိုက်သုံးနိုင်မှာပါ။
ဒီနှုန်းက ကျပ် ၅ သိန်းကျော်တန် တန်ဖိုးမြင့် ဖုန်းတွေရဲ့ စွမ်းဆောင်ရည်မျိုးဖို့ သဘောကျစရာပါ။ ကင်မရာ အပိုင်းမှာ နောက်ဖက် ပင်မ ကင်မရာက 13 MP နဲ့ ရှေ့ဖက် အကူ ကင်မရာက 5 MP ရှိပါတယ်။ Tablet အသေးစား အနေအထား ဖန်တီးထားလို့ Selfie ဆွဲဖို့ နည်းနည်း ခက်ချင်လို့ အခုလို ရှေ့ဖက် အကူ ကင်မရာရဲ့ စွမ်းဆောင်ရည် နည်းနေတာလည်း အဆင်ပြေပါတယ်။ WLAN အတွက် dual-band နဲ့ ဖြစ်သလို Hostpot နဲ့ Wi-Fi တွေလည်း ဆွဲအားသင့်ပါတယ်။ GPS လည်း သုံးနိုင်ပါတယ်။
အားသွင်းဖို့နဲ့ ကွန်ပျူတာနဲ့ ချိတ်ဖို့ microUSB v.20 ထည့်ထားပြီး အခုထက် Version မြင့်တဲ့ USB ထည့်ထားရင်တော့ ပိုပြီး ကောင်းမှာပါ။ Fast Charging လည်း ရနိုင်ပြီး မိနစ် ၃၀ အတွင်းမှာ အား ၅၀ ရာခိုင်နှုန်း သွင်းနိုင်ပါတယ်။ ဘက်ထရီက 4100mAh ထိန်းနိုင်မယ့် ဘက်ထရီ ထည့်ထားပြီး ဖုန်းရဲ အရွယ်နဲ့ စာရင် အနေတော်ပါပဲ။ ဘက်ထရီ သက်တမ်း အကောင်းဆုံး ဖုန်းစာရင်းမှာတော့ မပါပါဘူး။ သက်တမ်းက သင့်ပါတယ်။
ပြည်တွင်း ဈေးကွက်မှာတော့ ရွှေရောင်နဲ့ မီးခိုးရောင် M3 Max တွေကို ရနိုင်ပြီး ဈေးနှုန်းက ကျပ် ၂၇၉၀၀၀ ရှိပါတယ်။ ဈေးနှုန်း၊ စွမ်းဆောင်ရည်နဲ့ အရွယ်အစားကို ကြည့်ရင် ၆ လက်မ အရွယ် တန်ဖိုးသင့် ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် ဖုန်းမော်ဒယ်ကောင်းတခုလို့ သတ်မှတ်နိုင်ပါတယ်။
Ref: www.gsmarena.com