စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့နယ်၊ လာကာကျေးရွာအနီးရှိ ရွှေကြောတခုကို ဒေသခံများ လာရောက် တူးဖော်နေမှုကို ဧပြီ ၂၄ ရက်က တားမြစ်ခဲ့ပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိနေကြောင်း သိရသည်။
ကောလင်းမြို့နယ် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာမှူး ဦးဝင်းမြင့်က “အဲဒီနေရာမှာ တရားမဝင် ရွှေတူးဖော်မှု မရှိဖို့အတွက်၊ နောက်ပြီး တခြားပြဿနာ တစုံတရာ မဖြစ်ပွားဖို့အတွက် တားမြစ်ထားတယ်။ ခွင့်ပြုချက်မရဘဲ တရားဝင်ရွှေတူးဖော်လို့ မရဘူး။ အဲဒါကြောင့် ချောင်းနားရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ နာကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ ပူးပေါင်းစောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်” ဟု ဧရာဝတီကို ပြောသည်။
မြို့နယ်ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးမှူး၊ သစ်တော၊ စိုက်ပျိုးရေး၊ မြေစာရင်းဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ရွှေကြောတွေ့ရှိသည့် နေရာသို့ ဧပြီ ၂၄ ရက်က သွားရောက်စစ်ဆေးခဲ့ပြီး အလျား ၅၀ ပေ၊ အနံ ၅ ပေ ရှိသည့် ကျောက်ရွှေကြောကို လွန်ခဲ့သည့် နှစ်ရက်ခန့်က ဒေသခံရွာသား ၃၀ ကျော်က လာရောက် တူးဖော်ကြသည်ကို တွေ့ရှိရကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက တူးဖော်ထားသော နေရာရှိ ကျောက်နမူနာများကို ရယူပြီး ကျောက်ပုထိုး ရွှေသန့်စင်စက်ရုံသို့ ပေးပို့ထား၍ ရွှေပါဝင်မှု ရာခိုင်နှုန်း စမ်းသပ်စစ်ဆေးထားကြောင်းနှင့် ယခုကဲ့သို့ ကျောက်ရွှေကြော တွေ့ရှိမှုနှင့် ပတ်သက်၍ မြို့နယ်ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားကြောင်း သိရသည်။
ကောလင်းမြို့နယ်၊ တိုင်းဒေသကြီးအမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက “အခုလောလောဆယ် အောက်ကိုတော့ မမြင်နိုင်ဘူး။ အပေါ်ယံတင်က ၅ ပေ အကျယ်။ ထုကတော့ ၁ ပေလောက်ပဲ ရှိမှာ။ အဲဒီနေရာကို အခုလုံခြုံရေး ချထားတယ်။ စနစ်တကျ မဟုတ်ရင် ကျင်းပြိုကျနိုင်တဲ့ အန္တရာယ်အပြင် တူးဖော်သူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားနိုင်မယ့် အန္တရာယ်လည်း ရှိတယ်” ဟု ပြောသည်။
ရွှေကြောတွေ့သည့် နေရာသည် သစ်တောဧရိယာနှင့် လွတ်ကင်းမှု ရှိမရှိ၊ လယ်မြေရွာမြေ ဟုတ်မဟုတ်၊ မြစ်ချောင်းများနှင့် နီးမနီး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ခြင်း ရှိမရှိစသည်တို့ကို လေ့လာဆန်းစစ်ရမည်ဖြစ်ပြီးသတ္တုတွင်း အပါအဝင်၊ မြို့နယ်ထွေအုပ်၊ မြေစာရင်း၊ သစ်တောဌာနတို့၏ ခွင့်ပြုချက်ဖြင့် ဒေသခံများကို တပိုင်တနိုင်လုပ်ကွက် ချထားပေးရန် တင်ပြမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။
ရွှေကြောကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်၊ လာကာကျေးရွာ အုပ်စု၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ လာကာ ကြိုးပြင်ကာကွယ်တော အတွင်းပေ ၂၀၀ ခန့်ရှိ ဒေသအခေါ် ဖန်ခါးတောင်တွင် ဧပြီ ၂၂ ရက်က စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။