လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရေးကို မျဉ်းပြိုင်သဘောမျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၅ ရက်နေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-2 )တွင် ပြုလုပ်ကျင်းပသော နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြောကြားလိုက်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍတွင် အချို့နေရာများ၌ ရာသီစုံ သွား၍ မရသည့် လမ်းများတွင် ရာသီစုံ သွား၍ ရပြီး လျှပ်စစ်မီး မရရှိသည့်နေရာများတွင် လျှပ်စစ်မီး ရရှိပါက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် စီးပွားရေးအခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည်ဖြစ် ကြောင်း၊ ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များ ကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီးရရှိပါက ရင်းနှီးမြှုပ်နှံလိုသည့် စိတ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း” ပြောသည်။
နိုင်ငံတော်၏ စွမ်းအင်မူဝါဒတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး တိုးမြင့်လာသော ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူအားလုံး စွမ်းအင်သယံဇာတ အရင်း အမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန်နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲေ၀ အသုံးချနိုင်မည့် စွမ်းအင်မူဘောင် တခုကိုလည်း ချမှတ်ရန် မျှော်မှန်းထားကြောင်း သိရသည်။
စွမ်းအင်သယံဇာတ အရင်းအမြစ် ထုတ်ယူရာ ဒေသ အပါ အဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား ဘက်ညီမျှတစွာ ခွဲဝေသုံးစွဲနိုင်စေသည့် အခွင့်အလမ်းများ ဖန်တီး ပေး၍ လူ့စွမ်းအား အရင်းအမြစ်တိုးမြှင့်စေရေး ဆောင်ရွက်ရန်၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြုပ်နှံမှုများ တိုးတက်လာ စေသည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ရရှိရေးဦးတည် ဆောင်ရွက်ရန် ဖြစ်သည် ဟု သိရသည်။
ထို့အပြင် သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် လူမှု ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေသော စွမ်းအင်ထုတ်လုပ်မှုနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်သော စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲမှုများဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နိုင်မည့် စွမ်းအင်စနစ်တစ်ခု ထူထောင်ရန်၊ ရင်းနှီးမြုပ်နှံရာတွင် စွမ်းအင် ထုတ်လုပ်သူနှင့် စွမ်းအင်သုံးစွဲ သူတို့နှစ်ဦးနှစ်ဖက် စီးပွားရေးအာမခံချက်ရှိစေမည့် စွမ်းအင်ဈေးနှုန်းကို ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
အလားတူ ဧပြီ ၂၅ ရက်နေ့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ကလည်း ပြည်တွင်းရှိ ရေအားလျှပ်စစ်စက်ရုံများ ပြန်လည်ပြုပြင်နိုင်ရန် အတိုးနှုန်းသက်သာသည့် ဂျပန်တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီ ချေးငွေ စုစုပေါင်း ဂျပန်ယန်း ၁၀ ဒသမ ၇၈၇ ဘီလီယံ ( အမေရိကန်ဒေါ်လာ သန်း ၉၇ ) ထောက်ပံ့ရန် ချေးငွေစာချုပ် လက်မှတ်ထိုးခဲ့ကြောင်း JICA မြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရေအားလျှပ်စစ်စက်ရုံများ ပြန်လည်ပြုပြင်ရေးစီမံကိန်းသည် ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်စက်ရုံနှင့် ဆည်တော်ကြီး ရေအားလျှပ်စစ်စက်ရုံများ၏ စက်ပစ္စည်းကိရိယာများကို ပြန်လည်မြင့်တင်ပြုပြင်ခြင်း၊ မမျှော်လင့်သော လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို လျှော့ချရန်၊ စက်ရုံများသက်တမ်း ကြာရှည်စေရန်အတွက် ဖြစ်သည်။