သရက်သီး အထွက်နှုန်း ကောင်းမွန်နေပြီး တရုတ်ငွေဈေး မြင့်တက်လာမှုကြောင့် ယခုနှစ်သရက်ရာသီချိန်တွင် သရက်စိုက် တောင်သူများအတွက် အကျိုးခံစားရနိုင်ကြောင်း သရက်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက ပြောသည်။
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် စီးပွားဖြစ် သရက်စိုက်ပျိုးနေသည့် သမာဓိ သရက်ခြံပိုင်ရှင် ဦးနေလင်းမောင်မောင်က “ ဒီနှစ်သရက်သီးဈေးက မနှစ်ကရာသီအကုန် အမြင့်ဆုံးဈေးနဲ့ ပြန်စနိုင်တယ်။ ယွမ်ငွေဈေးလည်း တက်နေတယ်။ ရာသီဥတုလည်း ကောင်းနေတော့ သရက်သီးအထွက်လဲ စောနိုင်တယ်” ဟု ဆိုသည်။
တရုတ်ဝယ်လက်များက ယခုနှစ်များအတွင်း သရက်သီးရာသီချိန်တိုင်း၌ သရက်သီးဝယ်ယူရာတွင် ခြံပြတ်ဝယ်ယူမှု ၂ နှစ် ဆက်တိုက်ရှိခဲ့ပြီး မြန်မာ့သရက်က တရုတ်ဈေးကွက်ကို လွှမ်းမိုးထားနိုင်သည့် အခြေအနေဖြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နှစ်က သရက်သီး ၁၅ ကီလို ၁ ဖာလျှင် တရုတ်ယွမ် ၁၇၀ ဈေး အမြင့်ဆုံး ရရှိခဲ့ပြီး၊ အလားတူ ကျပ် ၃၅ သိန်းရရှိခဲ့သည့် သရက်ခြံကို ယခုနှစ်တွင် တရုတ်ဝယ်လက်များက ကျပ် ၄၇ သိန်း အထိပေး၍ စတင်ဝယ်ယူနေကြောင်း သရက်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက ပြောသည်။
မြန်မာနိုင်ငံ၏ သရက်သီးထွက် ရာသီချိန်သည် နှစ်စဉ်ပုံမှန်အားဖြင့် ဧပြီလမှ ဇူလိုင်လအထိ လှိုင်လှိုင်ထွက်ပေါ်ပြီး စိန်တစ်လုံးသရက်သည် လူကြိုက်များပြီး ဈေးကောင်းရရှိသည့် သရက်မျိုး ဖြစ်သည်။ သရက်ခြံများကို မန္တလေးတိုင်း ကျောက်ဆည်ခရိုင်တွင် စီးပွားဖြစ် အဓိက စိုက်ပျိုးကြကြောင်း သိရသည်။
တရုတ်ဈေးကွက်သို့ အဓိကတင်ပို့သည့် သရက်သီး အမျိုးအစားမှာ စိန်တလုံး၊ ရွှေင်္ဟသာ၊ မချစ်စု သရက်သီးများသာမက မစောရင်၊ ရင်ကွဲ၊ အောင်ဒင်၊ ငွေင်္ဟသာ ၊သုံးလုံးတထောင် သရက်သီးမျိုးများကို တင်ပို့ကြောင်း သိရသည်။
သရက်သီး အထွက်နှုန်းသည် အပင်သက်တမ်းပေါ် မူတည်၍ ထွက်နှုန်းကွာခြားမှုရှိပြီး နှစ်စဉ်ပြုစုထိန်းသိမ်းမှုပေါ် မူတည်၍ သရက်သီးအထွက်နှုန်း ကွာခြားမှု့ ရှိသည်ဟု စဉ်ကိုင်မြို့နယ်အတွင်းရှိ သရက်ခြံပိုင်ရှင်များက ပြောသည်။
နှစ်စဉ် သရက်သီးရာသီ ကုန်ဆုံးချိန်ဖြစ်သည့် ဇူလိုင်လမှစ၍ သရက်ပင်ကို ပြုပြင်ခြင်း၊ ပိုးသတ်ဆေးကျွေးခြင်း၊ အားဆေး ကျွေးခြင်း ပြုလုပ်ပေးပါက သရက်သီးထွက်နှုန်း ကောင်းလာသည်ဟု သရက်ခြံစိုက်ပျိုးသူများက ဆိုသည်။