နိုင်ငံတကာ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်သော AccorHotels ဟိုတယ်အုပ်စုသည် ၎င်း၏ လုပ်ငန်းချဲ့ထွင်သည့် ဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ၂၀၁၉ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင် ဟိုတယ်သစ် ၅ လုံး အထိ တိုးချဲ့သွားမည် ဟု ယင်း ကုမ္ပဏီ၏ ထိပ်တန်း အမှုဆောင်တဦးက ပြောကြောင်း သိရသည်။
မကြာသေးမီက ထိုကုမ္ပဏီသည် လက်ရှိဟိုတယ်ခန်းများကို မြန်မာနိုင်ငံရှိ Mercure ဟိုတယ်အုပ်စု၏ ဟိုတယ်တခု ဖြစ်လာအောင် လုပ်ဆောင်ပေးရန် SC Capital Partners Group နှင့် စီမံခန့်ခွဲရေး စာချုပ်တခု ချုပ်ဆိုထားသည်။ ထိုစာချုပ်အရ အထပ် ၇ ထပ်ရှိ ရန်ကုန်မီကာဆာ ဟိုတယ်ခန်းများကို Mercure Yangon Kaba Aye အဖြစ် ယခုနှစ် ဇူလိုင်လတွင် အပြီးပြောင်းလဲ ပေးမည် ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ခြေကုတ်ယူ ချဲ့ထွင်ရေး ဗျူဟာရဲ့တစိတ်တပိုင်း အဖြစ် ၂၀၁၉ ခုနှစ် မတိုင်မီ နောက်ထပ်ဟိုတယ် ၅ လုံး ဖွင့်လှစ်ဖို့ကုမ္ပဏီက စီစဉ်ထားပါတယ်” ဟု AccorHotels အုပ်စု၏ အရှေ့တောင်နှင့် အနောက်မြောက် အာရှဒေသ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ရေး အရာရှိချုပ် Patrick Basset က ပြောသည်။
ထိုကုမ္ပဏီက ထုတ်ပြန်သော ကြေညာချက်တခု အရ ၎င်းတို့သည် လတ်တလော မြန်မာနိုင်ငံတွင် Lake Garden Nay Pyi Taw ၊ MGallery by Sofitel ၊ Novotel Yangon Max ၊ Novotel Inle Lake Myat Min နှင့် ibis Styles Yangon Stadium တို့ အပါအဝင် ဟိုတယ် ၅ လုံး ဖွင့်လှစ်ထားသည်။ ရွှေတိဂုံဘုရာအနီးတွင် တည်ရှိသော Mercure ဟိုတယ်သစ်တွင် လူနေအိမ်ခန်း ၁၄၃ ခန်းနှင့် အဆင့်မြင့်အခန်း ၄၀ ပါဝင်သည်။