တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများ နှစ်ရှည်အရစ်ကျစနစ်ဖြင့် ဘဏ်နှင့်ချိတ်ဆက်ပြီး ချေးငွေယူရောင်းချပေးရာ၌ ဘဏ်အတိုးနှုန်းသည် မြင့်မားနေဆဲဖြစ်ကြောင်း ပြည်တွင်းအိမ်ခြံမြေ လုပ်ငန်းရှင်များနှင့် ဝယ်ယူသူများက ပြောသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဌ ဦးခင်မောင်သန်းက “ ဝယ်ထားတဲ့ တိုက်ခန်းတခန်းကို သိန်း ၁၀၀ ပေးရတယ်ဆိုရင် အတိုးနှုန်းနဲ့ပါ ထည့်တွက်ပေါင်းလိုက်ရင် တခန်းကို သိန်း ၁၅၀ နဲ့ သိန်း ၁၇၀ ဖြစ်နေတယ်။ ဒါကြောင့် ဝယ်လိုက်သူအတွက် တိုက်ခန်း ၂ ခန်း နီးပါးစာလောက် ဖြစ်သွားတယ်” ဟု ပြောသည်။
ပြည်တွင်းရှိ ဘဏ်အတိုးနှုန်းများမှာ ၁ နှစ်လျှင် ၁၃ ရာခိုင်နှုန်းပေးဆောင်ရပြီး အခြားအာဆီယံ နိုင်ငံများတွင် ဘဏ်အတိုးနှုန်း ၅ ရာခိုင်နူန်းနှင့် ၆ ရာခိုင်နူန်းသာ ပေးဆောင်ရကြောင်း ဦးခင်မောင်သန်းက ဆက်ပြောသည်။
“လက်ငင်းဝယ်မယ့်ဈေးနဲ့ နှစ်ရှည်ဝယ်တဲ့ဈေးနှစ်ခုကို နှိုင်းယှဉ်တွက်ကြည့်လိုက်ရင် အတိုးပိုင်းက ပိုများနေတယ်။ ဘဏ်တိုးက ၁ နှစ်ကို ၁၃ ရာခိုင်နူန်း ရှိတယ်။ စစချင်း တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နူန်း လက်ငင်းပေးချေရသေးတယ်။ ဒါတောင် လစာ ၅ သိန်းနဲ့အထက် ဝင်ငွေရှိတဲ့သူတွေပဲ ဝယ်နိုင်တယ် ” ဟု ၎င်းက ဆိုသည်။
ထိုသို့ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ဘဏ်အတိုးနှုန်း မြင့်မားနေသည့် အခြေအနေများကို အစိုးရက ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတိုးနှုန်း လျောကျစေမည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးသင့်ကြောင်း အိမ်ခြံမြေရောင်းချသူများနှင့် ဝယ်ယူသူများက အကြံပြု ပြောဆိုသည်။
နှစ်ရှည်အရစ်ကျစနစ်ဖြင့် တောင်ဒဂုံမြို့နယ်ရှိ တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူထားသူ ဒေါ်စိုးစိုးက “ အရစ်ကျစနစ်နဲ့ လစဉ် ငွေသွင်းရပြီ ဆိုတာနဲ့ တလကို အရင်းက ကျပ် ၃၀,၀၀၀ သွင်းရတယ်။ အတိုးက ၇၄, ၀၀၀ ကျပ်သွင်းရတယ်။ အတိုးတွေက အရမ်းများတယ်။ ဒီထက်အတိုးလျော့ပေးမယ် ဆိုကောင်းတာပေါ့။ တလကို ငွေသွင်းရတာနဲ့တင် ၁ သိန်းကျော်တယ်။ အဲဒီထဲမှာ မြေတိုးအခွန် ကျပ် ၁,၀၀၀ ပါ ပေးရသေးတယ်” ဟု ပြောသည်။
ဝယ်ယူထားသည့် တန်းဖိုးနည်းတိုုက်ခန်း တန်ဖိုးမှာ ကျပ် ၁၀၆ သိန်းပေးရပြီး၊ ၁၀ နှစ် အရစ်ကျ ပေးသွင်းရမည် ဖြစ်သောကြောင့် အတိုးနှင့် အရင်းပေါင်းပါက လစဉ် ကျပ် ၁ သိန်းကျော်ကို ၁၀ နှစ် ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တန်ဖိုးသင့်အိမ်ရာ ၁ ခန်း ဆောက်လုပ်သည့် ကုန်ကျစရိတ်မှာ ကျပ်သိန်းပေါင်း ၁၀၀ မှ ၁၅၀ ကြား ကုန်ကျနိုင်သည်ဟု ဆောက်လုပ်သူများက ခန့်မှန်းသော်လည်း ဆောက်လုပ်သည့် အရည်အသွေးနှင့် မြေနေရာအပေါ် မူတည်၍ တိုက်ခန်းတန်ဖိုးကို မြှင့်တင်သတ်မှတ် ရောင်းချခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
ယမန်နှစ်အတွင်းက စတင်ပြီး အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ် အေးနေသော်လည်း အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာလျှင် ယခု ၂၀၁၇ ခုနှစ် နှောင်းပိုင်းကာလတွင် အိမ်ခြံမြေဈေးကွက် အလားအလာ ကောင်းလာနိုင်ကြောင်း ပြည်တွင်းအိမ်ခြံမြေလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။