မြန်မာနိုင်ငံမှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် မိမိတို့ရဲ့စီးပွားရေး အကြံဉာဏ်ကောင်းများကို အောင်မြင်တဲ့ Business Model တခုအဖြစ် တပတ်အတွင်း ယှဉ်ပြိုင် တည်ဆောက်ကြရမယ့် “Startup Challenge” ပြိုင်ပွဲကို မေလ ၂၀ ရက်နေ့ မှ မေလ ၂၈ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ “Startup Challenge” ပြိုင်ပွဲကို ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊ကုန်သည်လမ်းမှာရှိတဲ့ “ဖန်တီးရာ” ရုံးခန်း (Phandeeyar: Myanmar Innovation Lab) မှာ ပြုလုပ်သွားမှာဖြစ်ပြီး ၉ ရက်ကြာ ကျင်းပပြုလုပ်မယ့် အဆိုပါ ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြသူများအနေနဲ့ ဝင်ကြေး အခမဲ့ Register ပြုလုပ်ပြီး လာရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲအတွင်း မိမိတို့ရဲ့စီးပွားရေး အကြံဉာဏ်များကို တင်ပြပြီး အဖွဲ့တဖွဲ့ကို အဖွဲ့ဝင် ၂ ဦးမှ၊ ၅ ဦး အထိ အဖွဲ့ ဖွဲ့ကာ အဖွဲ့လိုက် အောင်မြင်တဲ့ Business Model တခု ယှဉ်ပြိုင်တည်ဆောက်ကြရမယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။
အဖွဲ့လိုက် ယှဉ်ပြိုင်ကြပြီး အောင်မြင်တဲ့ Business Model တခုကို အကောင်းဆုံး ဖန်တီးပြနိုင်တဲ့ အဖွဲ့ ၂ ဖွဲ့ ကို ကိုယ်ပိုင် Startup လုပ်ငန်း လုပ်နိုင်အောင် ထိုက်ထိုက်တန်တန် ချီးမြှင့်မယ့် ဆုကြေးငွေများအဖြစ် Winner ဆုကို အမေရိကန်ဒေါ်လာ ၅၀၀၀ ၊ Runner Up ဆုကို အမေရိကန်ဒေါ်လာ ၁၅၀၀ စသဖြင့် ပေးသွားမယ်လို့ သိရပါတယ်။
Startup Challenge မှာ ပါဝင် ယှဉ်ပြိုင်နိုင်မယ့် နယ်ပယ် ၄ ခုကတော့ Fintech (Financial Technology) ၊ Agtech (Agriculture Technology)၊ IoT (Internet of Things) နဲ့ Tech for all (ပြည်သူများအတွက် အရေးပါမယ့် နည်းပညာဆိုင်ရာ ထုတ်ကုန်များ) စတဲ့ နယ်ပယ် ၄ ခု မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Fintech (Financial Technology) ဟာ ဘဏ္ဍာရေးကဏ္ဍနှင့် ဆက်စပ်သော နည်းပညာဖြစ်ပြီး (ဥပမာ- မိုဘိုင်းဖုန်း အသုံးပြုပြီး ငွေပေးချေနိုင်သည့် ပလက်ဖောင်း) ကို ဆိုလိုတာ ဖြစ်ပါတယ်။ Agtech (Agriculture Technology) ဆိုတာကတော့ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်လာအောင် နည်းပညာကို အသုံးပြုခြင်း (ဥပမာ- စိုက်ပျိုးရေးကဏ္ဍအတွက် သတင်းအချက်အလက်နှင့် ကုန်သွယ်မှု ဆိုင်ရာ အကြောင်းအရာများ ထောက်ပံ့ပေးနိုင်တဲ့ မိုဘိုင်း Application) ကို ဆိုလိုတာ ဖြစ်ပါတယ်။
IoT (Internet of Things) ကတော့ အင်တာနက်မှ တဆင့် ထိန်းချုပ်အမိန့်ပေးနိုင်တဲ့ စက်ပစ္စည်းများ (ဥပမာ- မိုဘိုင်းဖုန်းနဲ့ စေခိုင်းနိုင်တဲ့ စက်ရုပ် သန့်ရှင်းရေးသမား) ကို ပြောတာဖြစ်ပြီး Tech for all ကတော့ ပြည်သူများအတွက် အရေးပါမယ့် နည်းပညာဆိုင်ရာ ထုတ်ကုန်တွေကို ဦးတည်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲအတွင်း Business Model တခု ဖန်တီးရာမှာ နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ ပညာရှင်များမှ ပြိုင်ပွဲ မစခင်နဲ့ ပြိုင်ပွဲကာလအတွင်း အနီးကပ် လာရောက် သင်ကြားပြသပေးမှာဖြစ်ပါတယ်။
ဒါ့အပြင့် နိုင်ငံတကာ စီးပွားရေးတည်ဆောက်ရာမှာ အသုံးပြုလေ့ရှိတဲ့ Business Model Canvas, Lean Methodology အစရှိတဲ့ Tools တွေနဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များက လာရောက် သင်ကြား ပေးသွားမယ်လို့ သိရပါတယ်။
Startup Challenge 2017 ပြိုင်ပွဲကို စွန့်ဦးတီထွင်သူ၊ ဒီဇိုင်နာ၊ Developer၊ အင်ဂျင်နီယာ၊ Marketer၊ Accountant၊ ကျောင်းသား စတဲ့ ကဏ္ဍပေါင်းစုံပါ စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။