Moto G5 Plus က ပြည်တွင်းမှာ Motorola တရားဝင် ရောင်းချနေပြီ ဖြစ်တဲ့ မော်ဒယ် G5 ရဲ့ နောက်ဆက်တွဲ မော်ဒယ် အဖြစ် ထွက်ရှိလာတာပါ။ ဈေးကွက်ကိုတော့ ဧပြီလထဲမှာ စတင်ရောင်းချလာတာ တွေ့ရပါတယ်။
အရင်ဆုံး ဖုန်းရဲ့ အားသာချက်ကို ပြောချင်တာက ကင်မရာပိုင်း ပါ။ ကင်မရာက အထူးကောင်းမွန်လို့ Selfie ရိုက်ကူးရတာ နှစ်သက်တဲ့ ပြည်တွင်း အနေအထားနဲ့တော့ အံကျပါပဲ။ ဒီနေရာမှာ ထူးခြားချက်ကတော့ ကင်မရာပိုင်း ဆိုတာ ဓာတ်ပုံရိုက်ကူးမှု အတွက်ရော ဗီဒီယို ရိုက်ဖို့ အတွက်ပါ အဆင်ပြေ ကောင်းမွန်ပါတယ်။
တချို့ဖုန်းကင်မရာ စနစ်တွေက ဓာတ်ပုံရိုက်ကူးမှု ကောင်းမွန်ဖို့ ဦးစားပေး ဖန်တီးထားတတ်ကြပြီး ဗီဒီယို ရိုက်ချိန်မှာ အားနည်းသွားတတ်ပေမယ့် အခု G5 Plus ကတော့ နှစ်ခုလုံး သုံးဖို့ အကောင်းဆုံးပါပဲ။ ကိုယ်ထည် ဖန်တီးမှုမှာလည်း သတ္တု ဦးစားပေး အနေနဲ့ ဖန်တီးထားလို့ အကြမ်းခံနိုင်ကို စိတ်ကြိုက်တေ့ွမိပါတယ်။
ဖုန်းမှာ ထည့်သွင်းတဲ့ Speaker စနစ်က အားနည်းချက် ရှိနေတယ်လို့ မြင်မိပါတယ်။ အသံစုံ ထည့်သွင်း ဖန်တီးထားတဲ့ ဂီတ သံစဉ်မျိုး နားထောင်ချိန်မှာ အသံမငြိမ်ချင်ပဲ ကွဲအက်ချင်နေပါတယ်။ ဒါပေမယ့် ဖုန်းအသုံး အတွက်ကတော့ အဆင်ပြေပါတယ်။ Android v7.0ထိအောင် သုံးနိုင်လာတယ်၊ Internal Storage ကို ပိုပြီး များအောင် ဖန်တီးထာတယ်၊ 4K ရုပ်ထွက် ဗီဒီယိုတွေ ရိုက်နိုင်လာတယ်၊ တန်ကြေးသင့် ဖုန်းတလုံးအတွက် အကောင်းဆုံး အနေအထားပါပဲ။
Moto G5 Plus ကို နိုင်ငံတကာ ဈေးကွက်မှာတော့ Internal Storage အပေါ်ကို မူတည်ပြီးတော့ ဈေးနှုန်းက 32 GBကို ၂၂၉ ဒေါ်လာ၊ 64 GB ကို ၂၉၉ ဒေါ်လာတွေနဲ့ ရောင်းချနေတာပါ။ လက်ရှိတော့ အမေရိကန်နဲ့ အင်္ဂလန်မှာ ရောင်းနေဆဲ ဖြစ်လို့ အခြား ဈေးကွက်ကြီးတွေကို ဖြည်းဖြည်းမှ ဝင်လာပါလိမ့်မယ်။
Chip ပိုင်းမှာ Qualcomm Snapdragon 625 ကို ထိုင်ထားပြီး မြန်နှုန်း 2.0GHz ရှိပါတယ်။ RAM က ၃ မျိုး ရနိုင်ပြီး 2GB, 3GBနဲ့ 4GB တွေပါ။ ဒါက ရောင်းချတဲ့ ဈေးကွက် အပေါ် မူတည်ပြီး ကွာခြားချက် ရှိမယ်လို့ သိရပါတယ်။
ဖုန်းမှာ ပါရှိတဲ့ ဘက်ထရီက ၁၃ နာရီ ၂၂ မိနစ်ထိအောင် အသုံးခံပါတယ်။ ရှေ့ထွက် Moto G4 က ၁၃နာရီ မိနစ် ၂၀၊ LG G6 က ၁၃ နာရီ ၂၁ မိနစ် အသုံးခံလို့ ဘက်ထရီပိုင်း ကောင်းလာပါတယ်။ ကင်မရာကတော့ 12 MP နှုန်း ရှိတဲ့ ကင်မရာပါ။ Samsung Galaxy S7နဲ့ အခု နောက်ထွက် S8 တွေမှာ ပါတဲ့ ကင်မရာစနစ်နဲ့ ဆင်ပါတယ်။ S8 မှာတော့ Dual-pixel Sensor ပါရှိပါတယ်။ ရုပ်ထွက် ကောင်းမွန်မှုကတော့ ပြောစရာ မရှိအောင် ကောင်းပါတယ်။
ပြသ မျက်နှာပြင် အရွယ်အစားက ၅ ဒသမ ၂လက်မ၊ အလေးချိန်မှာ ၁၅၅ ဂရမ်လေးတယ်။ တန်းတူ ဖုန်းတွေထက် နည်းနည်း ပိုလေးချင်နေသလိုပါ။ Sim ကတ် နှစ်ကတ် သုံးနိုင်တယ်၊ Nano အရွယ်အစား ထည့်သုံးရမယ်၊ GPU မှာ Adreno 506 ကို ထည့်ထားတယ်၊ SD ကတ်စိုက်နိုင်ပြီး 256 GB ထိအောင် သုံးနိုင်မယ်၊ ရှေ့ဘက် အကူကင်မရာကတော့ 5MP ပဲ ရှိမယ်၊ လက်ဗွေရာဖတ် စနစ် ပါရှိပြီး ဖုန်းရဲ့ ရှေ့ဘက် ခလုတ်ကနေ ဖတ်ပေးမှာပါ။ ဘက်ထရီကတော့ အသေတပ်ထားတဲ့ 3000 mAh ထိန်း ဘက်ထရီပါ။ တန်ဖိုးသင့် ဖုန်းအဖြစ် အခုနှစ် အတွက် အကောင်းဆုံးဖုန်း ဖြစ်လာဖို့ ရာခိုင်နှုန်း များနေတဲ့ ဖုန်းကောင်း တလုံးပါပဲ။
Ref: www.cnet.com