စီးပွားရေး

ပြိုင်ကားစစ်စစ်စီးချင်သူတွေအတွက် Porsche Panamera Turbo

ပြည်တွင်းဈေးကွက်မှာ အရောင်းပြခန်း မရှိသေးတဲ့ Porscheရဲ့ မော်ဒယ်ကောင်းကောင်းကို စီးချင်သူတွေ အတွက် စိတ်ကြိုက်ဖြစ်မယ့် Sport မော်ဒယ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Panameraဆိုတဲ့ မော်ဒယ်ပါ ပဲ။

ကီလိုသုည အနေနဲ့ အသစ်စက်စက်ရနိုင်မှာပါ။ ဒါပေမယ့် နောက်ဆုံးထုတ် မော်ဒယ်တော့ မဟုတ်ဘူးပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် အသစ်အနေအထားဖြစ်လို့ သဘောကျစရာပါ။

မော်ဒယ်က နှစ်ယောက်စီး ကိုယ်ထည်နဲ့ ဖြစ်မယ်၊ တံခါးနှစ်ပေါက်စနစ် ဖြစ်ပေမယ့် နောက်ဘက်ထိုင်ခုံတန်း ပါရှိတယ်၊ နိုင် ငံတကာမှာတော့ 2+2လို့ ဒီလို ထိုင်ခုံတန်းပုံစံကို သတ်မှတ်ပါတယ်။ ဥရောပတန်ကြေးမြင့် Sport ဈေးကွက်မှာ လူကြိုက် များတဲ့ မော်ဒယ်တခုပါ။

တချို့ကတော့ နောက်ဘက်ခရီးသည်ခန်း နည်းနည်းကျဉ်းချင်တယ်ဆိုပေမယ့် ပြည်တွင်းအနေအထားမှာတော့ နောက်ဘက် ခရီးသည်ခန်းက မကျဉ်းပါဘူး။

မော်ဒယ်က အင်ဂျင်ပိုင်းမှာ ၄.၈လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတယ်၊ သူက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်း မှာ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၅စက္ကန့်ထက် မပိုတဲ့ အချိန်အတွင်း ရောက်အောင် မောင်းနှင်နိုင်မှာလည်း ဖြစ် ပါတယ်။

Auto စနစ်နဲ့ သွားတယ်၊ ဘယ်မောင်း အထိုင်ပုံစံနဲ့ ဖြစ်ပြီး Gasoline အင်ဂျင်နဲ့ ဖြစ်ပါတယ်။ Smart Key ကို သုံးနိုင်မှာ ဖြစ်ပြီး မောင်းနှင်ပြီး ကီလို လုံး၀ သုည၊ အသစ်ကို အတွင်းခန်း မူလတပ်ဆင်ပစ္စည်းတွေအတိုင်း အားလုံး Ori အနေနဲ့ ရနိုင်ပါတယ်။

စိတ်ကြိုက်ဖြစ်စရာ အကောင်းဆုံးအချက်တွေက လက်ကိုင်ပိုင်း ပေါ့ပါးကောင်းမွန်ခြင်း၊ အမြန်နှုန်းမြင့် မောင်းနှင်နေချိန် မှာကိုပဲ တည်ငြိမ်မှု ရှိခြင်း၊ ဇိမ်ခံ Sport ဆိုပေမယ့် လမ်းကြောင်းစုံ မောင်းနှင်နိုင်ခြင်း၊ ခရီးဝေးမောင်းနှင်မှုတွေမှာ ဆူညံသံ မရှိခြင်းတွေပဲ ဖြစ်ပါတယ်။

အသက်ကယ်လေအိတ်အစုံ ပါရှိပြီး ရှေ့ဘက်ခန်း တခန်းတည်းမှာတင် အသက်ကယ်လေအိတ်ထည့်သွင်းထားရှိမှု ၄ နေရာ ထိအောင်ပါရှိပြီး ကားတစီးလုံးမှာတော့ ၆နေရာမှာ အသက်ကယ်လေအိတ်တွေ ပါရှိမှာ ဖြစ်ပါတယ်။ ဘေးဘက်၊ ဒူးဘက်၊ ရှေ့ဘက်စတဲ့ နေရာစုံကနေ အသက်ကယ်လေအိတ်စနစ်က အလုပ်လုပ်ပါလိမ့်မယ်။

ABS ဘရိတ်စနစ်က လက်ရှိ တန်းတူ Sport မော်ဒယ်တွေထဲမှာ အကောင်းဆုံး ဘရိတ်စနစ်တွေထဲက တခုဖြစ်ပြီး တနာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်ဖို့အတွက် အကွာအဝေး ပေ ၁၀၀ကျော်ပဲ ယူတာ တွေ့ရပါတယ်။

Power Steering စနစ်က ပေါ့ပါးပြီး တည်ငြိမ်မှု အပြည့်ရှိသလို အဆိုပါ လက်ကိုင်စနစ်အတွင်းအကူ ထိန်းချုပ်ထောက် ပံ့စနစ်ပါရှိလို့ အားနဲ့ဆွဲကွေ့ မယ့်နေရာတွေမှာ အလိုလို ပေါ့ပါးနေစေသလို အမြန်နှုန်းများလို့ ကိုယ်ထည် ခါရမ်းမှုရှိလာ ချိန်မှာလည်း လက်ကိုင်ကို အလိုလို ထိန်းချုပ်တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးတာ တွေ့ရပါတယ်။

အတွင်းခန်း ဖျော်ဖြေရေးအပိုင်းမှာ စပီကာတွေ ထပ်ထည့်ဖို့ မလိုလောက်အောင် ကောင်းပေမယ့် TVနဲ့ CDပဲ ပါလို့ DVD တခုတော့ ပြန်ထည့်ဖို့ လိုမယ်ထင်ပါတယ်။ နောက်ဘက် ရိုက်ကူးကင်မရာနဲ့ အချက်ပြစနစ်လည်း အဆင့်မြင့်မားတာတွေ့ ရသလို နောက်ကြည့်မှန်တွေကလည်း အထုတ်၊ အသိမ်းပုံစံ ညင်သာပြီး Auto နဲ့ သွားပါတယ်။

အရောင်ပိုင်းရွေးချယ်နိုင်မှုမှာတော့ တန်ဖိုးမြင့် မော်ဒယ်ဖြစ်လို့ အစီးရေများစွာ တင်သွင်းရောင်းချတာ မတွေ့ရသလို အရောင်လည်း များများစားစား မဝင်ပါဘူး။

အရောင်အနေနဲ့ အဖြူရောင် ရနိုင်ပြီး Sport တစီးအတွက်ကတော့ အနီ၊ အပြာနဲ့ ပုလဲပြာရောင်လေးတွေနဲ့ဆို ပိုလှမယ် ထင်မိပါတယ်။

ဈေးနှုန်းကတော့ ၂၀၁၄ထုတ် Panameraအသစ် စက်စက် သုည ကီလိုကို ခေါ်ဈေး သိန်း ၃၈၀၀ နဲ့ ကားအရောင်းပြခန်း တချို့ကနေ တင်သွင်းရောင်းချနေတာ တွေ့ရပြီး ရန်ကုန်နယ်တွင်း တနိုင်တပိုင်နဲ့ ကားရောင်းဝယ်ရေးစခန်းတွေဘက်မှာ တော့ ရနိုင်မယ် မထင်ပါဘူး။

တန်ဖိုးမြင့် မော်ဒယ်လည်းဖြစ်၊ အခွန်လည်းများလာတဲ့ အနေအထားမှာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဈေးက အကျဘက်မှာ ရှိနိုင်ပါတယ်။

Loading