စီးပွားရေး

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်စအတွင်း ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာ ၆၅၆ သန်းကျော်ခွင့်ပြုထား

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် စတင်သည့် ဧပြီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၄ ခုနှင့် ထပ်တိုးရင်းနှီးမြှုပ်နှံ ထည့်ဝင်မှုများမှ အမေရိကန်ဒေါ်လာ ၆၅၆ သန်းကျော် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက “ ဧပြီလထဲမှာ အစည်းအဝေး ၂ ကြိမ် ကျင်းပပြီး ခွင့်ပြုခဲ့တာ ဖြစ်တယ်။ သီလဝါ အထူးစီးပွားရေးဇုန်မှာ ဒီနှစ်ထဲ ကန်ဒေါ်လာ ၁၉ သန်းကျော် ခွင့်ပြုခဲ့တယ်။ ဒီနှစ်က တာထွက်ကောင်းတဲ့နှစ် ဖြစ်တယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁၄ ခုမှ အမေရိကန်ဒေါ်လာ ၁၈၆ သန်းကျော် ခွင့်ပြုခဲ့တယ်’’ ဟု ပြောသည်။

ခွင့်ပြုခဲ့သည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်စွမ်းအင် လုပ်ငန်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုကြသည့် နိုင်ငံများမှာ စင်ကာပူ၊ တရုတ်၊ နယ်သာလန်၊ မကာအို၊ ဗြိတိန်၊ ဟောင်ကောင်နှင့် ပြင်သစ် နိုင်ငံတို့ ဖြစ်သည် ။ ထို့အပြင် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၀၀၀ နီးပါးခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုတပတ်အတွင်း ခွင့်ပြုလိုက်သော နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုတခုမှာ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောက်ချောင်းကြီး ဒေသတွင် သစ်တောစိုက်ခင်းများ ထူထောင်သည့်ကဏ္ဍဖြစ်ပြီး စင်ကာပူနိုင်ငံမှ ၆၅ ရာခိုင်နူန်းနှင့် မြန်မာနိုင်ငံမှ ၃၅ ရာခိုင်နှုန်းဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ သန်းနီးပါး ရင်းနှီးမြုပ်နှံထားကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) သို့ လာရောက်လျှောက်ထားသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ဖြင့်သာ လာရောက်လျှောက်တင်ရမည် ဖြစ်ကြောင်း သိရသည်။

ဦးအောင်နိုင်ဦးက“လျှပ်စစ်ကဏ္ဍမှာဆိုရင် နိုင်ငံသား ရင်းနှီးမြုပ်နှံမှု အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဆယ်လန့် ကျေးရွာအုပ်စုမှာ နန့်ပေါ် ရေအားလျှပ်စစ် စီမံကိန်း မီဂ္ဂါဝပ် ၂၀ ထုတ်မှာ ဖြစ်တယ်။ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၀၈ သန်း အပါအဝင် ( ကျပ်သန်းပေါင်း ၄၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံ ရောင်းချမှာ ဖြစ်တယ်” ဟု ပြောသည်။

ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ ခွင့်ပြုပေးခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading