မြန်မာနိုင်ငံထွက် ဝါးမီးသွေးကို ပြည်ပနိုင်ငံများက ဝယ်ယူရန် ယခုနှစ်စတွင် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံက ဝါးမီးသွေး ပြည်ပ တင်ပို့မှုကို ၆ နှစ်ခန့် ရပ်တန့်ထားရာမှ ယခုအချိန်တွင် ဂျပန်၊အမေရိကန်နှင့် ဗီယက်နမ် နိုင်ငံများက ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိနေ၍ နမူနာ ပေးပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “ အခုဝယ်ဖို့ ကမ်းလှမ်းထားတဲ့ နိုင်ငံတွေကို နမူနာ ပေးပို့ထားတယ်။ တကီလို (၆၀ကျပ်သားကျော်)ကို မြန်မာကျပ်ငွေ ၁၅၀၀ ကျပ်နဲ့ ရောင်းချနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ယခုနှစ် နှစ်စပိုင်းလောက်ကတည်းက ကမ်းလှမ်းထားတာ။ စီးပွားရေး လုပ်ငန်းရှင် အချင်းချင်း ချိတ်ဆက်တင်ပို့မှာ ဖြစ်ပါတယ် ”ဟု ပြောသည်။
ဝါးမီးသွေး ပြည်ပတင်ပို့မှုကို ယခင်က အနည်းငယ် တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး အရည် အသွေးနှင့် ဈေးကွက် လိုအပ်ချက်များကြောင့် တွက်ခြေမကိုက်သဖြင့် တင်ပို့မှု ရပ်ဆိုင်းခဲ့ကြောင်း ဝါး စိုက်ပျိုး ထုတ်လုပ်သူများထံမှ သိရသည်။
မြန်မာနိုင်ငံ ကြိမ်ဝါး စိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးကျော်သူက “ အခုလောလောဆယ် တင်ပို့တာတော့ မရှိသေးဘူး။ တင်ပို့ဖို့တော့ လုပ်နေပြီ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတော့ စင်ကာပူ၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို တင်ပို့ခဲ့တယ်။ အစိုးရကနေ ပို့တာမဟုတ်ဘူး။ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက် တင်ပို့တာပဲ ရှိသေးတယ်။ ဈေးကွက် ရှိမှသာ ဝါးမီးသွေးက ထုတ်လုပ်မှာ ဖြစ်တယ်’’ဟု ပြောသည်။
အဆိုပါ ဝါးမီးသွေးကို ဂျပန်နှင့် တရုတ်နိုင်ငံတို့က သုံးစွဲမှုများပြီး ရောဂါပိုးမွှားအန္တရာယ်နှင့် နှလုံးကျန်းမာရေးအတွက် လည်းကောင်း၊ အနံအသက် သန့်စင်စေရန်နှင့် ရေသန့်စင်စေရန် အတွက်လည်းကောင်း၊ လောင်စာအနေဖြင့် လည်းကောင်း အသုံးပြုကြပြီး ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ မြန်အောင်၊ ကြံ့ခင်း၊ ပဲခူး၊ တိုက်ကြီးနှင့် ဧရာဝတီတိုင်း တို့တွင် စိုက်ပျိုး ထုတ်လုပ်ကြောင်း သိရသည်။
ဝါးမီးသွေး ထုတ်လုပ်ရန် သင်တန်းများ ပေးနေသော အမျိုးသမီးအဖွဲ့မှ ဒေါ်နန်းသိုက်သိုက်ဝင်းကျော်က “ ဝါးမီးသွေး ထုတ် ရင် သက်တမ်းရင့်တဲ့ ဝါးကို ထုတ်ရင် ပိုကောင်းပါတယ်။ ဘယ်ဝါးအမျိုးအစားကိုမဆို ထုတ်လို့ရပါတယ်။ နည်းပညာ ကတော့ တနေရာနဲ့ တနေရာ ကွာတယ်။ ထိုင်းမှာဆိုရင် ဝါးမီးသွေးထုတ်တဲ့ပုံစံ တမျိုးရှိတယ်။ ဒီဒေသ ရွာလေးတွေမှာ ဆိုရင် ပုံစံတမျိုးဖြစ်တယ်။”
“ထုတ်ပုံကို လိုက်ပြီး အရည်အသွေးကွာသွားတယ်။ အခြောက်ခံတဲ့ မီးဖိုပုံစံလည်း ကွာတယ်။ မီးသွေးထုတ်သလိုပဲ ဖြစ်တဲ့ အတွက် ဆိုးကျိုးကတော့ အများကြီး မရှိဘူး။ လေထဲမှာရှိတဲ့ ပိုးမွှားတွေကို စုပ်ယူနိုင်တယ်။ အသီးအရွက်မှာ ဓာတ်ကြွင်း တွေကို ပျောက်စေတယ်။ ဝါးမီးသွေးထုတ်ရင် သက်တမ်း၄နှစ်လောက်ရှိတဲ့ ဝါးကို ထုတ်ရင်ပိုကောင်းတယ်။ ကြာလေ ကောင်းလေ ဖြစ်တယ်” ဟု ပြောသည်။
ဝါးမီးသွေးထုတ်လုပ်ရာတွင် အဆင့်၃မျိုးရှိပြီး ပထမအလွှာကို အလှကုန်ပစ္စည်းများအတွက် အသုံးပြုခြင်း၊ ဒုတိယအလွှာကို စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းများတွင် ရှိသော ပိုးမွှားများအတွက် အသုံးပြုခြင်းနှင့် နောက်ဆုံးအလွှာကို အိမ်များတွင် အသုံးပြုသည့် ရေနံချေးအဖြစ် အသုံးပြုကြောင်းလည်း ၎င်းက ဆိုသည်။
အချို့နိုင်ငံများတွင် ဝါးမီးသွေးကို တော်ဝင်ဧည့်သည်များအား လက်ဆောင်ပေးရာတွင် အသုံးပြုလေ့ရှိပြီး အရည်အသွေး ကောင်းမွန်သည့် ဝါးမီးသွေးများအတွက် ဈေးနှုန်း ကွာဟမှုများ ရှိနိုင်ပြီး ဝါးမီးသွေး၏ အရည်အသွေးပေါ် မူတည်ကာ အဆင့်လေးဆင့်ခန့် သတ်မှတ်ထားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဝါးမီးသွေးကို ထုတ်လုပ်ဖြန့်ဖြူးပါက ဝါးကို စနစ်တကျ ခုတ်ရန်လိုပြီး သို့မှသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်မည်ဖြစ်ကာ ဝါးမီးသွေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပါက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပြီး နေ့စဉ် ဝင်ငွေများလည်း တိုးပွားလာနိုင်ကြောင်းသိရသည်။