ရန်ကုန်မြစ်အတွင်း ပြေးဆွဲသွားမည့် ရေကြောင်း တက္ကစီ (Water Taxi) နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အစိုးရ အာဏာပိုင်များနှင့် တင်ဒါအောင်မြင်သည့် တင့်တင့်မြန်မာ ကုမ္ပဏီက သတင်းထုတ်ပြန် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “သတင်းကတော့ လောလောဆယ် မထုတ်ပြန်ရသေးဘူး။ ပြောနိုင်တာကတော့ ဒီလနောက်ဆုံးပတ်မှာ ပြေးဖို့ရှိပါတယ်။ ကျန်တာတော့ မထုတ်ပြန်သေးဘူး။ တင်ဒါအောင်ထားတဲ့ တင့်တင့်မြန်မာ ကုမ္ပဏီက တခါ ထုတ်ပြန်အုံးမှာ ဖြစ်တဲ့အတွက် ပြောလို့မရသေးဘူး’’ ဟု ပြောသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ကတည်းက တင်ဒါအောင်မြင်ကာ Water Taxi လုပ်ကိုင်ခွင့်ရရှိခဲ့သည့် တင့်တင့်မြန်မာကုမ္ပဏီသည် ခရီးသွားလုပ်ငန်းများ အဓိကလုပ်ကိုင်ပြီး ကလော၊ တောင်ကြီးနှင့် စစ်ကိုင်းမြို့များတွင် 5 Star အဆင့်သတ်မှတ်ထားသော ခရီးသွားသင်္ဘောများနှင့် နိုင်ငံခြားသား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီဖြစ်သည်။
၎င်းကုမ္ပဏီ အနေဖြင့် ရေကြောင်း တက္ကစီပြေးဆွဲရာတွင် ရန်ကုန်မြစ်နှင့် လှိုင်မြစ်တလျှောက် လိူင်သာယာမှ ပန်းဆိုးတန်းအထိ ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၇ ခု နှင့် ငမိုးရိပ်ချောင်း တလျောက်ပြေးဆွဲမည့် ခရီးစဉ်တွင် ဆိပ်ကမ်း ၁၁ ခု ပါဝင်ပြီး ခရီးစဉ် အပိုင်းလိုက် ဖြတ်ကာ လက်မှတ်တစောင်လျှင် ကျပ် ၃၀၀ နှုန်း သတ်မှတ်ရန် လျာထားကြောင်း သိရသည်။
ထိုသို့ ပြေးဆွဲရာတွင် လှိုင်မြစ်နှင့် ရန်ကုန် မြစ်ကြောင်း တလျှောက်တွင် ခရီးသည်ဦးရေ ၅၀ မှ ၁၀၀ ကြား တင်ဆောင်ပြေးဆွဲနိုင်သော ရေယာဉ်နှင့် ငမိုးရိပ်ချောင်းတလျှောက်တွင် ခရီးသည်ဦးရေ ၃၅ မှ ၆၀ ကြားပြေးဆွဲနိုင်သော ရေယာဉ်များဖြင့် ပြေးဆွဲသွားမည်ဖြစ်သည်။
ရေကြောင်းတက္ကစီ ပြေးဆွဲခြင်းနှင့် ပတ်သက်ပြီး အချက်အလက်များမှာ ပြည့်စုံစွာ မရရှိသေးသောကြောင့် သတင်းအပြည့်အစုံကို လာမည့်တပတ်အတွင်း ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ၄ ဒေါ်စန္ဒာမင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာာပိုင်အဖွဲ့မှ ရေကြောင်းတက္ကစီပြေးဆွဲနိုင်ရေး အတွက် ရန်ကုန်မြစ်နှင့် လိူင်မြစ်ကြောင်းတစ်လျှောက်တွင် လေ့လာလျက်ရှိကြောင်း၊ ရေကြောင်း တက္ကစီ (Water Taxi) ပြေးဆွဲခြင်းမှာ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျော့ပေးရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းပြေးဆွဲရန်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် တင်ဒါများရောင်းချခဲ့ရာ တင့်တင့်မြန်မာ ကုမ္ပဏီနှင့် Diamond place ကုမ္ပဏီ တို့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။
တင့်တင့်မြန်မာ ကုမ္ပဏီသည် တင်ဒါအောင်လက်မှတ် ရရှိထားပြီးဖြစ်ပြီး ရေကြောင်းတက္ကစီပြေးဆွဲရန် အတွက် Face 1 အနေဖြင့် သြစတြေးလျ၊ ဂျော်ဒန်၊ ထိုင်းနိုင်ငံတို့မှ သင်္ဘောစင်းရေ ၂၅ စင်းမှ ၃၅ စင်းကြား ဝယ်ယူထားကြောင်း သိရသည်။
ပထမအဆင့်အနေဖြင့် လှိုင်မြစ်ကို စတင်ပြေးဆွဲမည်ဖြစ်ပြီး နောက်ပိုင်းတွင် ငမိုးရိပ်ချောင်းစသည်ဖြင့် Plan အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရက်တာ ထွက်ရှိမည့် သင်္ဘောအစီးရေနှင့် ဆတူ အရံယာဉ်ထားရှိ သွားမည်ဖြစ်သည်။