ရန်ကုန်မြစ်နှင့် လှိုင်မြစ်တလျှောက် ရေကြောင်းတက္ကစီပြေးဆွဲရန် စီစဉ်နေပြီ ဖြစ်သော်လည်း သင်္ဘောတည်ဆောက်မှုများ နှင့် ဆိပ်ခံတံတားများ မပြီးသေးသောကြောင့် လာမည့် ဇွန်လ တတိယပတ်မှသာပြေးဆွဲနိုင်မည် ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။
တင့်တင့်မြန်မာကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က”သင်္ဘောတွေက သြစတေးလျ၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ သင်္ဘောတွေ တည်ဆောက်နေပါတယ်။ နောက်ထပ် ၂ ပတ်၊ ၃ ပတ်မှာ သင်္ဘော ၁၀ စင်း ပြီးဖို့မျှော်လင့်ထားပါတယ်။ ပြည်ပက တင်သွင်းတဲ့ သင်္ဘောတွေကလည်း MIC ခွင့်ပြုလိုသေးတဲ့အတွက် မြန်မာနိုင်ငံကို မရောက်သေးပါဘူး။ ပထမဆုံးအနေနဲ့ လှိုင်သာယာ၊ ဗိုလ်တထောင်ကို ဇွန်လထဲမှာ ပြေးဆွဲမှာ ဖြစ်ပါတယ်။ မြစ်သုံးကြောင်း ဖြစ်တဲ့အတွက် သင်္ဘောဘုတ်တွေကလည်း ၃ မျိုး၊ ၄ မျိုး ကွဲပြားနေလို့ ဖြစ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ရေကြောင်းတက္ကစီ (water taxi)ပြေးဆွဲရန်အတွက် နိုင်ငံခြားမှ ပညာရှင်များကို ငှားရမ်းထားပြီး သင်္ဘောတစင်းလျှင် ၁ ဒသမ ၃ ဘီလီယံ ကုန်ကျကာ စီမံကိန်းတခုလုံး၏ ကုန်ကျစရိတ် ၃၇ ဘီလီယံကို ကမ္ဘောဇဘဏ်မှ ချေးယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မေလ ၅ ရက်နေ့က ရန်ကုန်မြို့ရှိ Uniteam office Tower တွင် တင့်တင့်မြန်မာ ကုမ္ပဏီမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ဒေါ်တင့်တင့်လွင်က”ကျမတို့ ဟန်ဂေရီနိုင်ငံက နည်းပညာကို ယူလာပါတယ်။ သင်္ဘောအကြီးတွေပဲသုံးရင် ဒီနှစ်ထဲ မပြေးဆွဲနိုင်မှာ စိုးရိမ်တဲ့အတွက် ကျမတို့ သင်္ဘောအသုံးပြုတဲ့ နေရာမှာ အကြီးရော၊ အသေးရော အသုံးပြုမှာဖြစ်ပါတယ်။ အခန်းပေါင်း ၂၅ ခန်း ခန့်ပါဝင်တဲ့ လူ ၈၀ နီးပါး ဆန့်တဲ့သင်္ဘောတွေလည်း ပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံကနေ လူ ၂၀၀ ဆန့်တဲ့ သင်္ဘော ဝယ်ယူပြီးပါပြီ။ သင်္ဘောတွေကို ရောက်ရင်တော့ အမည်တွေ၊ အရောင်တွေကို water taxi နဲ့ လိုက်တာတွေ ပြောင်းမှာဖြစ်ပါတယ်” ဟုပြောသည်။
ပြည်တွင်း၊ ပြည်ပ မှကျွမ်းကျင်သည့် ရေယာဉ် မောင်းသူများကို အသုံးပြုထားပြီး ပြည်တွင်းရေကြောင်း သွားလာရေးဥပဒေ နှင့် အညီ ခရီးသည်များ အတွက် အသက်အာမခံထားရှိခြင်း၊ ရေကြောင်းတက္ကစီ စီးနင်းခများ ကောက်ခံရာတွင် သံဃာ တော်များ၊ သက်ကြီးရွယ်အိုများနှင့် စစ်မှုထမ်းဟောင်းများကို သင်္ဘောစီးခ ကောက်ခံမည် မဟုတ်ကြောင်း၊ စတင် ပြေးဆွဲမည့် လှိုင်သာယာ- ဗိုလ်တထောင် စီးနင်းခကို ကျပ် ၅၀၀ သတ်မှတ် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
Water taxi ပြေးဆွဲရာတွင် ရန်ကုန်မြစ်၊ လှိုင်မြစ် အပါအဝင် မြစ် ၃ ကြောင်းတွင် ပြေးဆွဲမည်ဖြစ်ရာ သင်္ဘောအကြီး၊ အသေး စုစုပေါင်း အစင်းရေ ၆၀ မှ ၇၀ အထိ လိုအပ်မည်ဖြစ်ကြောင်း၊ လှိုင်သာယာ- အင်းစိန်- ဗိုလ်တထောင် မြစ်ကြောင်းကို ပြေးဆွဲမည် ဖြစ်ပြီး ကျန်ရှိသည့် သန်လျှင်မြစ်ကြောင်းနှင့် ငမိုးရိပ်မြစ်ကြောင်းများအတွက် ဆိပ်ကမ်းများကို ဆောက်လုပ်လျက်ရှိသည်။
လှိုင်မြစ်လမ်းကြောင်း အတွက် ဆိပ်ကမ်းမှတ်တိုင်များမှာ အင်းစိန် (ကြိုးတံတားအနီး)၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင်(ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တစ်ထောင် တံတားအမှတ် ၄ တို့ ဖြစ်ကြောင်း ကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။
လှိုင်သာယာ ဂိတ်အစမှ ဗိုလ်တထောင်အထိ ပြေးဆွဲချိန် ၁ နာရီ ၃၀ မိနစ် ကြာမည်ဖြစ်ကြောင်း၊ လှိုင်သာယာဂိတ်တွင် နံနက် ၆ နာရီ မှ စတင်ကာ မိနစ်၂၀ တကြိမ် သဘောၤများ ပြေးဆွဲမည်ဖြစ်သည်။ နောက်အကျဆုံးအဖြစ် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ ပြေးဆွဲမည်ဖြစ်ရာ လှိုင်သာယာသို့ ည ၈ နာရီတွင် ရောက်ရှိမည်ဟု သိရသည်။