ဂျာမနီ အခြေစိုက် ကားကုမ္ပဏီတွေကတော့ ၂၀၂၀ခုနှစ် နောက်ပိုင်းမှာ ကားလောကရဲ့ဘုရင်တွေ ဖြစ်လာ တော့မလားဆိုတာ စောင့်ကြည့်ချင်စရာပါ။ Audi, BMW နဲ့ Mercedes တွေရဲ့ ဈေးကွက်ပိုင်ဆိုင်လာမှုက နိုင်ငံတကာမှာ နှစ်စဉ် မြင့်တက်လာနေတာပါ။
ဂျပန် အခြေစိုက် Toyota လို အမှတ်တံဆိပ်ရဲ့ ကမ္ဘာ့ကားအစီးရေအများဆုံး ရောင်းချရသူ နေရာကိုတောင် ဂျာမနီ အခြေ စိုက် VW Groupက အနီးကပ်ဆုံး ယှဉ်ပြိုင်လာနိုင်မှုက စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
အခုလည်း ပြည်တွင်းမှာ BMW နဲ့ Mercedes တွေ တရားဝင် ရောင်းနေကြသလို လူကြိုက်လည်း များပြီး နာမည်ကျော် Audi ကတော့ မလာသေးပေမယ့် သူ့ရဲ့ မော်ဒယ်တွေ Used အဖြစ်နဲ့ နောက်ပိုင်းမှာ ဈေးကွက်ဝင်မှု ပိုပြီး များလာတာ တွေ့ရပါတယ်။
အခု သူ့ရဲ့မော်ဒယ်တွေထဲကတခု ဖြစ်တဲ့ A4 နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ A4 တစီးဝင်လာရင် အဆိုပါ တ စီးပဲ ရနိုင်ပါတယ်။ အခုတော့ A4 ကို ထုတ်လုပ်နှစ် အစုံ၊ အရောင်စုံ၊ မော်ဒယ်ခွဲအစုံ ပုံစံနဲ့ အများအပြား ရနိုင်လာတာ တွေ့ ရပါတယ်။ တပိုင်တနိုင် ကားပွဲစားတန်းမှာရော ကားအရောင်းပြခန်းနဲ့ စင်တာတွေမှာပါ A4တွေ မြင်လာရပါတယ်။
အင်ဂျင်စနစ်က ၁.၈လီတာသုံးပါ။ ဇိမ်ခံ မော်ဒယ်တခုအတွက် အသေးဆုံး အင်ဂျင် အရွယ်ပါ။ ဒီအင်ဂျင်က မြို့တွင်း သုံး အတွက်လည်း ဆီစား မများစေဘူး။ ခရီးဝေးလည်း စိတ်ကြိုက် မောင်းနှင်နိုင်မယ်၊ လူငယ်တယောက်ရဲ့လက်ထဲရောက် သွားရင်လည်း Sport ပုံစံ ဆီဒင် ဖြစ်လို့ နောက်ဘက် Wing တွေ တပ်၊ Sticker တွေ ကပ်လိုက်ရင် ပြိုင်ကားတစီးအသွင် ရနိုင်သေးတယ်။
အင်ဂျင်စနစ်က စွမ်းဆောင်ရည် ကောင်းမွန်လို့ Subaruနဲ့ Mazdaတွေရဲ့ ပြိုင်ကား မော်ဒယ်တွေကို ကောင်းကောင်း ယှဉ် မောင်းနိုင်မယ်။ Audi ရဲ့ အမှတ်တံဆိပ်က ဂုဏ်ပုဒ်တခုကို ကောင်းကောင်း ပြသနိုင်လို့ ပွဲတက်မော်ဒယ်အဖြစ်ဆိုရင် လည်း အံဝင်မှာပါ။ အဖက်ဖက်ကနေ ပြည့်စုံ ကောင်းမွန်တဲ့မော်ဒယ်လိ့ု ဆိုရပါလိမ့်မယ်။
ခရီးသည် ၅ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်တယ်။ ထိုင်ခုံနဲ့ အတွင်းခန်းကို သားရေသား ဖန်တီးမှုနဲ့ လာတယ်။ မူလ TV၊ နည်းပညာ အသုံးပြုနိုင်မှု လွယ်တယ်၊ ကောင်းမွန်တယ်၊ ခလုတ်ထည့်သွင်းထားမှု ရိုးရှင်းလို့ အလွယ်တကူ အသားကျ မြန်စေမယ်။
နောက်ဘက် ရိုက်ကူး ကင်မရာစနစ်ပါရှိတယ်၊ ပြီးတော့ ပတ်လည် အာရုံခံစနစ်၊ သူက တခြားကားတစီး အနီးရောက်လာ ရင် ဖြစ်စေ၊ မိမိကား အခြား ကား၊ အရာတခုခုနဲ့ နီးကပ်လာရင် ဖြစ်စေ သတိပေးမယ်။ LED Day Light က မော်ဒယ်မြင့် ဆိုတာ သိသာစေတယ်။ Power Steering စနစ်ပါမယ်။ Stability Control လည်းပါမယ်။
ဘီးတွေက Alloy သားတွေ၊ DVD ပါမယ်။ အချို့ မော်ဒယ်တွေမှာ Sunroof ပါရှိပြီး မြင်ကွင်းကျယ်ပုံစံ ထည့်ထားတယ်။ ရန်ကုန်လိုင်စင်အနေနဲ့ ရနိုင်တာများပြီး နယ်လိုင်စင်ဆိုရင်လည်း ဈေးနည်းနည်း အလျော့ဘက်မှာ ရှိချင်တယ်။
ပြည်တွင်းမှာ အနိမ့်ဆုံး ၂၀၀၇ခုနှစ်ထုတ် A4လောက်ကနေ ၂၀၁၂ခုနှစ်ထုတ် မော်ဒယ်တွေထိအောင် အများအပြား တွေ့ လာ၊ ရနိုင်လာပါတယ်။ အရောင်ကတော့ အရင် အဖြူပဲ အဝင်များပေမယ့် အခုတော့ အနက်နဲ့ ပုလဲနှစ်ရောင်တွေပါ ရနိုင် လာပါတယ်။
ဈေးနှုန်းပိုင်းမှာက ၂၀၁၀ခုနှစ်နဲ့ အောက်ဘက်ဆိုရင်တော့ အဖြူ၊ အနက်၊ ရန်ကုန်လိုင်စင်ကို သိန်း ၆၅၀ အခေါ်ရှိပြီး နယ် လိုင်စင်က ဈေးနည်းနည်း လျော့ပါတယ်။
၂၀၁၁ ခုနှစ်နဲ့ နောက်ပိုင်းထုတ်ဆိုရင်တော့ အရောင်ထက် မောင်းနှင်ပြီး ကီလိုနဲ့ လိုင်စင်အပေါ်ကို မူတည်ပြီး သိန်း ၈၀၀ ကနေ အထက် ရှိနိုင်ပါတယ်။ ပျမ်းမျှ A4 တွေက မော်ဒယ်နိမ့်သည် ဖြစ်စေ မြင့်သည် ဖြစ်စေ ကီလို ၅ သောင်းဝန်းကျင်မှာ ဈေးမာပေမယ့် အဆိုပါကီလိုထက် များရင်တော့ ဈေးက အလျော့ဘက် ရှိချင်ပါတယ်။