မြန်မာနိုင်ငံရှိ ကလေးလုပ်သားများနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်း၊ သတ္တုလုပ်ငန်း နှင့် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများတွင် စစ်တမ်းကောက်ယူမှုများ ဆက်လက် ပြုလုပ်နေကြောင်း ရန်ကုန်မြို့ နယူးဧရာဟိုတယ်တွင် ပြုလုပ်သော “ကလေးသူငယ် အခွင့်အရေး အပေါ်တွင် မည်သို့ သက်ရောက်မှုများ ရှိနေသလဲ ဆိုသည့်အချက်ကို မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများက မိမိတို့ ကိုယ်ကို ပြန်လည် မေးခွန်းထုတ်သင့်” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းပွဲမှ သိရသည်။
မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြု ဌာန (MCRC) ဒါရိုက်တာ ဗစ်ကီဘိုမန်က “ကလေးတွေ လုပ်ငန်းခွင်မှာ အသက်အန္တရာယ်ကင်းရှင်းဖို့က အဓိကပဲဖြစ်တယ်။ ဒါကြောင့် အန္တရာယ်များတဲ့ အလုပ်တွေ မလုပ်ဖို့ လိုတယ်။ အခြားပညာရေးတွေ နေထိုင်ဖို့တွေက တိုးတက်အောင်လုပ်လို့ရတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး စစ်တမ်းတွေ ကောက်ယူနေတာ ဖြစ်တယ်’ဟု ပြောသည်။
MCRC ဒါရိုက်တာ ဗစ်ကီဘိုမန်က “အန္တရာယ်များတဲ့ အလုပ်တွေကို ကလေးသူငယ်တွေ မလုပ်ဖို့က အရေးကြီးတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ အဓိက တာဝန်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တိုက်ရိုက်အလုပ်ခန့်တဲ့ သူတွေ ဖြစ်တယ်။ ဘယ်လုပ်ငန်းခွင်က အရေးကြီးလဲ ဆိုတာတော့ ပြောလို့မရသေးဘူး။ သတ္တုကဏ္ဍမှာလား၊ လက်ဖက်ရည်ဆိုင်မှာလားဆိုတာ ပြောလို့ မရသေးဘူး” ဟု ပြောသည်။
အဆိုပါ စစ်တမ်းကို သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ၂၀၁၃ ခုနှစ်ကတည်းက စတင် ကောက်ယူနေခဲ့ခြင်း ဖြစ်ပြီး လက်ရှိ စက်ရုံ၊ အလုပ်ရုံ အက်ဥပဒေများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေအဟောင်းကို ပြင်ဆင်လျက်ရှိရာ အန္တရာယ်များသော အလုပ်ဆိုသည့် အချက်ကို တိတိကျကျ သတ်မှတ်သင့်သောကြောင့် အစိုးရအပိုင်းမှာလည်း ဥပဒေအားဖြင့် တာဝန်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများစုတွင် လူဦးရေ ၂၄ ရာခိုင်နူန်းမှာ ၁၈ နှစ်အောက်ကလေးများ အလုပ်လုပ် ကိုင်နေခြင်း ဖြစ်ပြီး အထူးသဖြင့် လက်ဖက်ရည်ဆိုင်၊ ဥယျာဉ်ခြံ အလုပ်များ၊ ခရီးသွားအလုပ်များ၊ တနိုင်တပိုင် သတ္တုတွင်း များနှင့် အခြားသော ကဏ္ဍများတွင် တရားမဝင် ကလေး လုပ်သားများကို တွေ့နေရကြောင်း သိရသည်။
ကလေးလုပ်သားများမှာ အသက် ၁၄ နှစ်မှ ၁၈ နှစ် အထိ ရှိပြီး ကန့်သတ် ထားသည့် အလုပ်ချိန်များ ရှိကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များမှာ အန္တရာယ်များသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ခြင်း မရှိရန် အချက်များကို အလုပ်ရှင်များက လိုက်နာသင့်ကြောင်း၊ ကလေးအလုပ်သမား ရှိလျှင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဝင်ရောက်မည့် ကိစ္စရပ်များမှာ ဝင်ရောက်မှု ရပ်ဆိုင်းသွားခြင်း ဖြစ်နိုင်သောကြောင့် ယင်းကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ်တွင် လူမှုပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုလေ့လာဆန်းစစ်မှု လိုအပ်နေပြီး ကလေးသူငယ်များ၏ အသံကို ကြားအောင် လုပ်ဆောင်သင့်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိပါက ကလေးသူငယ် အခွင့်အရေးမှာ အမေ့ခံ ဖြစ်သွားမည်ဟု ဒါရိုက်တာ ဗစ်ကီဘိုမန်က ရှင်းပြသည်။