၂၀၁၆ ခုနှစ်က မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်မည့် ဒီဇိုင်းပုံစံများ ရွေးချယ်ရာ တွင် Amenity ဒီဇိုင်းကုမ္ပဏီကို ရွေးချယ်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။
ရန်ကုန်မြို့တော်ကော်မတီ ဈေးများဌာန ဌာနမှူး ဦးစံရွှေထွန်းက “တင်ဒါ တင်တာကတော့ ကုမ္ပဏီ ၁၃ ခုဖြစ်တယ်။ အဲဒီထဲက ပမာဏ ကုမ္ပဏီ ၃ ခုရွေးတယ်။ ဒီထဲကမှ Amenity ဒီဇိုင်းကုမ္ပဏီရဲ့ ဒီဇိုင်းကို ကြိုက်နှစ်သက်တယ်။ အတည်ပြု ရွေးထားတယ်။ ဒါပေမယ့် အသေးစိတ် ပုံစံကိုတော့ ပြောလို့မရသေးဘူး။ လွတ်တော်ကိုယ်စားလှယ်တွေကနေ ဒီဈေးနဲ့ ပတ်သက်ပြီးတော့ အကြံပြုချက်တွေ တင်လို့ရအောင် လုပ်ရအုံးမယ်။ ကျနော်တို့ ရွေးထားတဲ့ ဈေးရဲ့ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်။ အားလုံးပြီးပြီဆိုရင်တော့ ကျနော်တို့ ပြည်သူကို ချပြမှာ ဖြစ်ပါတယ်’’ဟု ပြောသည်။
လက်ရှိတွင် ဈေး၏ ဒီဇိုင်းပုံစံ အသေးစိတ်ကို တရားဝင်ထုတ်ပြန်ပေးရန် အချိန်ကာလ ၃ လခန့်ကြာမြင့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံ၊ မင်္ဂလာမွန်စသည့် ဈေးများအားလုံးကို အဆင့်မြင့် အထပ်မြင့်ဈေးသို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်း မင်္ဂလာဈေးသစ်ပြန်လည် တည်ဆောက်ရန် ဒီဇိုင်းတင်ဒါများ ခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁၃ ခု တင်ဒါလျှောက်ထားခဲ့ရာပြီး ဒီဇိုင်း အတည်ပြု ရွေးချယ်ခြင်းကို မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၊ အစည်းဝေးခန်းမ ၄ တွင် စည်ပင်သာယာ တာဝန်ရှိသူများနှင့်လွတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးကာ ရွေးချယ် အတည်ပြု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးသည် ၂၀၁၀ ခုနှစ် မေလတွင် ပထမ တကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် ဒုတိယ အကြိမ် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဒုတိယအကြိမ် မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၃၃၈၀ မှ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းပေါင်း လေးသောင်းကျော် ရှိခဲ့ကြောင်း မင်္ဂလာဈေး ဈေးသူဈေးသားများ ထံမှ သိရသည်။
မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရန် အချိန်ကြာမြင့်သဖြင့် ဈေးဆိုင်ပိုင်ရှင်များမှာ အခက်တွေ့နေကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။