တရုတ်နိုင်ငံသည် ၎င်း၏ ဒေသတခု လမ်းကြောင်းတခု အမည်ရှိ ကုန်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံမှ ဗျူဟာအရ အရေးပါသော ဆိပ်ကမ်းတခုတွင် ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်နေသည်ဟု သတင်းများတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ မြစ်ဆုံဆည် စီမံကိန်းကို စွန့်လွှတ်လျှင် ကျောက်ဖြူအပါအဝင် စီမံကိန်းများတွင် အထူး အခွင့်အရေး ရလိမ့်မည် ဟု မျှော်လင့်နေသည် ဟုလည်း ရိုက်တာ သတင်းဌာနက ဆိုသည်။
ထိုစီမံကိန်းတွင် မူလက စီစဉ်ထားသည်ထက် ပိုမို များပြာသော ပိုင်ဆိုင်မှု အချိုးအစားကို ရယူရန် ကြိုးစားခြင်းသည် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လွှမ်းမိုးမှုကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် အငြင်းပွားမှုများကို ဖြစ်စေနိုင်သည်။
ထိုဆိပ်ကမ်းနှင့် ပတ်သက်သည့် သိကောင်းစရာ ၅ ချက်မှာအောက်ပါအတိုင်းဖြစ်သည်။
(၁) ဆိပ်ကမ်း တည်ဆောက်ရေး အခြေခံ ရည်ရွယ်ချက်
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ထိုဆိပ်ကမ်းသည် တရုတ်ရေနံနှင့် သဘာဝဓတ်ငွေ့ ပိုက်လိုင်း အတွက် ဝင်ပေါက် ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ သယ်ဆောင်လာသော ရေနံစိမ်းများကို ထိုပိုက်လိုင်းမှ မပို့မီ ယင်းဆိပ်ကမ်းတွင် သိုလှောင်ထားရန် Citic Group ဦဆောင်ထားသည့် တရုတ်လုပ်ငန်းစုက ထို ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရေနက်ဆိပ်ကမ်းတွင် ၇၀ မှ ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ရန် အဆိုပြုသည်ဟု ရိုက်တာသတင်းက ဆိုသည်။
တရုတ်နိုင်ငံက အဆိုပြုသည့် အချိုးအစားမှာ ယခင်နှစ်က မြန်မာနိုင်ငံဘက်မှ အဆိုပြုခဲ့ပြီး Citic Group က ပယ်ချခဲ့သည့် ၅၀/၅၀ အချိုးညီ ပိုင်ဆိုင်မှုထက် လွန်စွာ ပိုမိုများပြားနေသည်။ ထိုဆိပ်ကမ်းမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးတန်ဖိုးရှိ အထူးစီးပွားရေးဇုန် တခု တည်ဆောက်မည့် စက်မှုဇုန်တခုလည်း ပါဝင်သော စီမံကိန်းနှစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။
(၂) ဆိပ်ကမ်းက တရုတ်နိုင်ငံ အတွက် ဘာကြောင့် အရေးပါရသလဲ
ဘင်္ဂလား ပင်လယ်အော်ရှိ ထိုရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ အတွက် အိန္ဒိယ သမုဒ္ဓယာတွင် ရေကြောင်း အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းကို ပိုမို အားကောင်းစေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှု အတွက် လမ်းကြောင်းသစ် တခုလည်း ဖြစ်သည်။
ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်နိုင်ငံ အတွက် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရန် မလိုဘဲ အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းရန် လမ်းကြောင်းသစ်လည်း ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းမှ လမ်းကြောင်းသစ်ကြောင့် အိန္ဒိယနှင့် ထိုထက်ဝေးသော နေရာများမှ တရုတ်နိုင်ငံသို့ သင်္ဘောဖြင့် တင်ပို့မှု ရေလမ်းခရီး ကီလိုမီတာ ၅၀၀၀ သက်သာသွားသည်။
ထိုဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ပုလဲကုံး အမည်ရှိ ဗျူဟာ၏ အစိတ်အပိုင်း ဖြစ်သည် ဟု အချို့သော လေ့လာသူ များက ဆိုကြသည်။ ထို ဗျူဟာအရ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း၊ ပါကစ္စတန်နိုင်ငံ ဂွာဒါ၊ သီရိလင်္ကာနိုင်ငံ ကိုလံဘို တို့ရှိ ဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံသည်။ ထိုသို့ လုပ်ဆောင်သောကြောင့် တရုတ် နိုင်ငံ၏ ဒေသတွင်း ရေကြောင်း ချဲ့ထွင်ရေး ရည်မှန်းချက်ကို အထောက်အကူပြုသည်။
(၃) ထိုစီမံကိန်းတွင် တရုတ်ဘက်က ပိုင်ဆိုင်မှု အချိုးအစား ပိုမိုတောင်းခံခြင်းကို မြန်မာနိုင်ငံက သဘောတူနိုင်သလား
Citic သည် ထိုဆိပ်ကမ်း စီမံကိန်းတွင် အဓိက မောင်းနှင်သူ ဖြစ်နေပြီး တရုတ်ဘက်က ကန့်ကွက်သောကြောင့် မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းထက် ပိုပြီး တောင်းခံဖွယ် မရှိတော့ဟု အမည် မဖော်လိုသော သတင်းရင်းမြစ်တခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် တိုင်းပြည် စီးပွားရေး တိုးတက်ရေးကို ဦးစားပေး အစီအစဉ်များတွင် ထည့်သွင်းထားသည်။ ထိုဆိပ်ကမ်းမှာ မြန်မာနိုင်ငံ အဆင်းရဲဆုံး သော ဒေသများအနက် တခုတွင် စီးပွားရေး ပြန်လည် အသက်သွင်းရေးနှင့် လူဦးရေ ၄၄၀၀၀ ရှိသော မြို့ကလေး တခုကို စီးပွားရေး အချက်အခြာ ဖြစ်လာအောင် လုပ်ဆောင်မည့် အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်သည်။
(၄) ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံ ဘာ အခက်အခဲတွေ ရင်ဆိုင်ရမလဲ
တင်ဒါခေါ်ယူသော လုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာမှု မရှိ ဟု ဝေဖန်ပြီး အထူး စီးပွားရေးဇုန်သည် ဒေသခံများ အပေါ် ဆိုးကျိုးများသာ ဖြစ်စေမည် ဟု ပြောပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက အထူး စီးပွားရေးဇုန်ကို ဆန့်ကျင်ကြသည်။
ထိုဇုန်အတွက် မြေယာ သိမ်းယူမှုများကြောင့် လူ ၂၀၀၀၀ ခန့် ၎င်းတို့၏ အိမ်များနှင့် အသက်မွေး ဝမ်းကျောင်းများ ဆုံးရှုံးရမည့် အန္တရာယ် ရှိနေသည်ဟု နိုင်ငံတကာ ဂျူရီလူကြီးများ ကော်မရှင် (International Commission of Jurists – ICJ) အမည်ရှိ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ တခု၏ အဆိုအရ သိရသည်။
ထိုစီမံကိန်းသည် လွန်ခဲ့သော ၅ နှစ်အတွင်း ဘင်္ဂလီမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာ အသိုင်းအဝန်းကြား တင်းမာမှုများကြောင့် အကြမ်းဖက်မှုနှင့် လူပေါင်း သောင်းချီ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ဖြစ်နေသည့် ပဋိက္ခ ဒဏ်သင့်နေသော ရခိုင်ပြည်နယ်တည် ငြိမ်ရေးတွင် မရေရာမှုများ ပိုမို များပြားလာစေနိုင်သည်။
(၄) မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ ဘာကြောင့် အမြဲတစေ အငြင်းပွားဖွယ် ဖြစ်ရတာလဲ
တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဒေသတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအရ လွှမ်းမိုးမှုအပေါ် စိုးရိမ်မှုများကြောင့် မကြာသေးမီ နှစ်များအတွင်း အဆင်မပြေ ဖြစ်နေသည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ လျှပ်စစ်ဖြန့်ချိမည့် လက်ရှိ ရပ်ဆိုင်းနေသော တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံစီမံကိန်းမှာ ပြင်းထန်သော ပြည်တွင်းဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသည်။
ကိုးကား ။ ။ Reuters