စီးပွားရေး

အသစ်ထွက်လာတော့မယ့် Microsoft ရဲ့ စမတ်ဖုန်းသစ်

Microsoft ဆိုတာဟာ နည်းပညာနယ်ပယ်မှာ ဆရာတဆူ ဖြစ်ပေမယ့် စမတ်ဖုန်း အပိုင်းမှာတော့ အောင်မြင်မှု များများစားစား ရရှိထားတာမျိုး မရှိသေးပါဘူး။ Microsoft ကနေ ထုတ်လုပ်တဲ့ Windows စနစ်သုံး ဖုန်းတွေက လက်ရှိ ဈေးကွက်မှာ အောင်မြင်မှု ကောင်းကောင်း မရသေးပေမယ့် တကယ်တမ်း ဇာတ်သိမ်းသွားပြီလား ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

ဒါပေမယ့် Microsoft ကတော့ သူ့ရဲ့ ဖုန်းဈေးကွက်အတွက် ပြင်ဆင်မှုတွေ လုပ်ထားပြီး နေပါပြီ။ iOS နဲ့ Android စနစ်သုံး ဖုန်းတွေထက် ပိုမို ကောင်းမွန်မယ့် နည်းစနစ်မျိုးနဲ့ အတူ အလွယ်တကူ သုံးနိုင်မယ့် App တွေပါ ဖန်တီးနေတာပါ။

အထူးသဖြင့်တော့ အပိုင်းနှစ်ပိုင်းမှာ အားထည့် ဖန်တီးနေတာပါ။ တပိုင်းကတော့ Resume လုပ်ဆောင်ချက် သုံးနိုင်ဖို့ ပါ။ ဒုတိယ တခုကတော့ iPhone တွေမှာရော Android စနစ်သုံး ဖုန်းတွေမှာပါ သုံးနိုင်တဲ့ App တွေကို Windows စနစ်သုံး ဖုန်းမှာ ချက်ချင်း အလွယ်တကူ သုံးနိုင်အောင် ဖန်တီးနေတာ ဖြစ်ပါတယ်။ Windows စနစ်သုံး ဖြစ်နေမယ် ဆိုရင် ကွန်ပျူတာပဲ ဖြစ်စေ၊ ဖုန်းပဲ ဖြစ်စေ၊ သုံးချင်တဲ့ App တိုင်းကို ထည့်သွင်း သုံးနိုင်အောင် ဖန်တီးနေတဲ့ သဘောပါ။

Microsoft ရဲ့ အားထားရသူ Joe Belfiore ကလည်း ၁ နှစ်ခန့်ကြာ မိသားစုနဲ့ အတူ ကမ္ဘာပတ် ခရီးသွား နေရာကနေ ပြန်လည် ရောက်ရှိလာခဲ့သလို အခု ဖုန်းနဲ့ ပတ်သတ်တဲ့ ဖန်တီးချက်တွေကိုလည်း သူ ကိုယ်တိုင် အားထည့် ဖန်တီးလာဖို့ ရှိနေတာ ဖြစ်ပါတယ်။

Belfiore ရဲ့ ပြောကြားချက် အရတော့ ခရီးသွားနေစဉ် အတွင်း ကာလတွေမှာလည်း Windows စနစ်နဲ့ ပတ်သတ်တဲ့ စမ်းသပ်ချက်တွေနဲ့ ဖန်တီးမှုတွေကို ဆောင်ရွက်နေခဲ့တယ်လို့ ဆိုသလို လက်ရှိ ကွန်ပျူတာတွေမှာ သုံးနေတဲ့ Windows စနစ်လိုပဲ ဖုန်းတွေမှာလည်း အလွယ်တကူ ဘာမဆို ထည့်သွင်း သုံးနိုင်အောင် ဖန်တီးသွားဖို့ ရည်ရွယ်ထား တယ်လို့ ဆိုတာပါ။

လက်ရှိ လူကြိုက်များနေတဲ့ ဖုန်းတွေကိုလည်း သူက အချိန်ယူ စမ်းသုံးပြီး နားလည်အောင် ကြိုးစားခဲ့တယ် လို့ သိရပါတယ်။ သူ ခရီးသွားချိန်မှာ iPhone ကို ယူဆောင် အသုံးပြုနေခဲ့သလို ခရီးစဉ် တလျှောက်မှာလည်း ကြုံတွေ့ သမျှ နေရာတိုင်းမှာ Microsoft ရဲ့ ဖုန်းတွေ အောင်မြင်မှု နည်းနေတာတွေကို သူ သိခဲ့တယ် လို့ ဆိုပါတယ်။ ကုမ္ပဏီ ကတော့ အမြတ်အစွန်းလို အောင်မြင်မှုတွေနဲ့ပဲ နယ်ပယ်အများစုမှာ Microsoft အမည်နဲ့ အောင်မြင်နေတယ် လို့ ထင်နေကြတယ်လို့ ဆိုပါတယ်။

Microsoft ရဲ့ CEO Satya Nadella ကတော့ လက်ရှိ နည်းပညာ ပစ္စည်း ၁၀ ခုမှာ ၆ ခုဟာ Windows စနစ် သုံးထားတာ မဟုတ်ကြောင်း စစ်တမ်းတွေ အရ သိထားပြီး ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါဟာ ကွန်ပျူတာနဲ့ စမတ်ဖုန်း အပါအဝင် နည်းပညာ ပစ္စည်းတွေကို ပြောတာပါ။ ဒီလို Windows စနစ် အသုံးပြုနှုန်း နည်းလာခြင်းက စမတ်ဖုန်း အသုံးပြုမှု တွင်ကျယ်လာခြင်းနဲ့ အတူ Microsoft ရဲ့ Windows ဖုန်းတွေက စမတ်ဖုန်း ဈေးကွက်ဘက်မှာ အောင်မြင်မှု နည်းနေတာကြောင့်လည်း ဖြစ်ပါတယ်။

နောက်ဆုံး မိတ်ဆက်လာတဲ့ စမတ်ဖုန်းတွေမှာပါ ထည့်သုံး နိုင်မယ့် Windows 10 မှာတော့ iOS နဲ့ Android စနစ်သုံး ဖုန်းတွေထက် ပိုမို ကောင်းမွန်တဲ့ အသုံးပြုနည်းတွေ ရနိုင်လာတဲ့ အားသာချက်ကတော့ Microsoft အတွက် မျှော်လင့်ချက် ပြန်ရလာစေါတယ်။

“နေ့စဉ် လူမှု ဘဝတွေမှာ နည်းပညာပိုင်းကနေ သုံးလို့လည်း လွယ်ပြီး ထိရောက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ အပိုင်းကနေ လူထုကို ကူညီချင်ပါတယ်၊ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ အားထုတ်မှုကနေ ဒီကနေ့ PC ကွန်ပျူတာ တွေကို လူတိုင်း နှစ်သက်သလို Windows ဖုန်းတွေကိုလည်း လက်ခံလာစေချင်ပါတယ်” လို့ Belfiore က ပြောပါတယ်။

Microsoft ကနေ နောက်ဆုံး မိတ်ဆက်ထားတဲ့ Feature အသစ် နှစ်ခု ဖြစ်တဲ့ Timeline နဲ့ Cortana တွေဟာ Winodws 10 ထည့်သွင်းထားတဲ့ စက်တွေမှာ ပါရှိမှာ ဖြစ်ပြီး ဒီနည်းပညာတွေက နောက်ဆုံး အသုံးပြုထားတဲ့ App တွေကို Resume ပြန်ခေါ်နိုင်စေမှာလည်း ဖြစ်ပါတယ်။

ပြီးတော့ Windows စနစ် ဖုန်းနဲ့ ကွန်ပျူတာတွေ အကြား ချိတ်ဆက်နိုင်အောင် ရည်ရွယ်ပြီး Microsoft Graph အမည်ရှိ Cloud စနစ်ကိုလည်း ဖန်တီးထားရှိလာမှာပါ။ မိမိသုံးထားတဲ့ App ကိုလည်း Cloud မှာ သိမ်းထားနိုင်မှာပါ။ မိမိသုံးနေကျ စက်နဲ့ မဟုတ်သည့် တိုင်အောင် အခြား စက်နဲ့ အဆိုပါ Cloud အကောင့်ကို ဖွင့်ပြီး နောက်ဆုံး သုံးခဲ့တဲ့ App အနေအထားအတိုင်း ပြန်ဖွင့်နိုင်ခွင့် ရလာမှာပါလို့ Belfiore က ပြောပါတယ်။

ဒါဟာ လက်ရှိ ကွန်ပျူတာတွေထဲမှာ ပါတဲ့ Clipboard နည်းပညာနဲ့ တူပြီး အခုလို Cloud ကနေ သုံးလာနိုင်မှုတော့ ကမ္ဘာနဲ့ အဝှမ်း ကြိုက်တဲ့ နေရာကနေ သုံးနိုင်လာတာ ဖြစ်ပါတယ်။ နောက်ပြီး Belfiore ရဲ့ စကားတွေ အရ Microsoft အနေနဲ့ Windows စနစ်သုံး ပစ္စည်းကောင်းတွေ ဖန်တီးလာနိုင်ဖို့၊ ဖုန်းဈေးကွက်မှာ နေရာ ကောင်းကောင်း ရလာဖို့ အပြင် Windows စနစ်သုံး မဟုတ်တဲ့ စက်တွေကိုပါ ဖန်တီးလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

သူက iOS နဲ့ Android စနစ်သုံး ဖုန်းတွေထက် ပိုကောင်းတဲ့ ဖုန်းဖြစ်လာဖို့ Windwos စနစ်ကို ပိုကောင်းအောင် လုပ်မယ်၊ ဒါမှ မဟုတ်ရင်လည်း တခြား အသုံးလွယ် နည်းပညာနဲ့ ပိုကောင်းအောင် လုပ်မယ် လို့ ဆိုလာတာပါ။ ဒါဟာ Microsoft အတွက်တော့ လွယ်ကူတဲ့ လုပ်ငန်း မဟုတ်ပါဘူး။

Apple မှာဆိုရင်လည်း သူ့ရဲ့ ထုတ်ကုန်တွေကို လုံခြုံရေး အဆင့်မြှင့် ထားပေးတာ ရှိပါတယ်။ ဒါပေမယ့် Belfiore ကတော့ Apple ရဲ့ ဖုန်းတွေမှာ လုံခြုံရေး ကောင်းမွန်တာ မှန်ပေမယ့် စိတ်ကြိုက် ချိတ်ဆက်နိုင်မှု အားနည်းချက် တွေ့ရတယ်၊ ဒီလို အပိုင်းမှာ Microsoft ကနေ စိတ်ကြိုက် ချိတ်ဆက်နိုင်ပြီး လုံခြုံမှု ပိုကောင်းတဲ့ စနစ်ကို ဖန်တီးမယ် လိ့ု ဆိုပါတယ်။

“အကောင်းဆုံး ဖြစ်လာမယ် လို့ မပြောလိုပါဘူး၊ အကောင်းဆုံး ဖန်တီးပါ့မယ်၊ လူတိုင်း လက်ခံနိုင်မယ့် မော်ဒယ်မျိုး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ Belfiore က ပြောပါတယ်။ “လူတိုင်းက သူတိ့ု လိုအပ်ချက်တွေ အရ ပစ္စည်း မျိုးစုံကို ကုမ္ပဏီ မျိုးစုံကနေ မှာယူ အသုံးပြုနေရပါတယ်။ ဒီထဲကမှ သူတို့ရဲ့ လိုအပ်ချက် တချို့ကို ကျနော်တို့ ပစ္စည်း တခုတည်းနဲ့ အသုံးတည့်အောင် ဖန်တီးနေတာပါ” လို့ သူက ဆိုပါတယ်။

ဒါဆိုရင်တော့ Microsoft ဟာ လက်ရှိ Windows စနစ်ကိုပဲ အားကိုးပြီးတော့ အောင်မြင်မှု ရဖို့ ကြိုးစားလာမှာထက် အောင်မြင်မှု ရဖို့ အတွက် Windows စနစ်ဖြစ်စေ၊ အခြား စနစ် တစ်ခုခုကို ဖြစ်စေ သုံးပြီး အောင်မြင်အောင် ဖန်တီးမှု ပြုလုပ်လာဖို့ ရှိနေတာပါ။ Microsoft ရဲ့ အောင်မြင်မှုကို စောင့်ကြည့်ရမှာပါ။ ။

Ref: www.theverge.com

Loading