ကမ္ဘာကျော် မော်တော်ကား ကုမ္ပဏီတခု ဖြစ်တဲ့ Ford ရဲ့ နောက်ဆုံးထုတ် GT မော်ဒယ်ကတော့ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာ ရောင်းချထားခဲ့တဲ့ မော်ဒယ်တွေထက် သာလွန်ကောင်းမွန်တဲ့ အားသာချက် စွမ်းဆောင်ရည်တွေနဲ့ ဈေးကွက်ထဲကို ဝင်ရောက်လာပါတော့မယ်။
Ford ရဲ့ တည်ဆောက်ရေး စက်ရုံ တခုဖြစ်တဲ့ မက်ဟက်တန်နယ်မှာ အခု မော်ဒယ်ကို လျှို့ဝှက် စမ်းသပ်ပြီး ဖန်တီးခဲ့တာပါ။ အခု မော်ဒယ်ကို ဈေးကွက် အတွင်း မရောင်ခင် LeMans ပြိုင်ပွဲမှာ ပြန်လည် ထည့်သွင်း ယှဉ်ပြိုင် စမ်းသပ်ပြီးမှ ဈေးကွက် အတွက် ရနိုင်လာဖို့ ရှိနေတာပါ။ ဒီပြိုင်ပွဲမှာ GT40 အနေနဲ့ နှစ် ၅၀ အတွင်း ၄ ကြိမ်ထိအောင် အနိုင်ရထားတာလည်း ဖြစ်ပါတယ်။ အရင်နှစ်တွေက LeMans တွေမှာတော့ GTက တန်းတူ ပြိုင်ဖက်မော်ဒယ်တွေ အကြားမှာ ပထမ၊ တတိယနဲ့ စတုတ္ထနေရာတွေ ရထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ပြိုင်ပွဲဝင်ဖို့ အတွက်တင် မဟုတ်ပဲ ဈေးကွက် အတွက် မိတ်ဆက် မော်ဒယ်ကိုတော့ ၂၀၁၅ ခုနှစ် အတွင်းက မြောက်အမေရိကရှိ နိုင်ငံတကာ ဒက်ထရွိုက် ကားပြပွဲမှာ ထည့်သွင်း မိတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။
လက်ရှိမှာတော့ အဆိုပါ Ford ရဲ့ GT မော်ဒယ်ကို ပြိုင်ပွဲ မဟုတ်တဲ့ အပြင်မှာ စီးနင်းမော်ဒယ် အဖြစ် ၇ စီးပဲ ထုတ်လုပ် ထားတာ တွေ့ရပါတယ်။ အများစုကတော့ အလှစီး အနေနဲ့ သိမ်းထားကြသလို ပိုင်ဆိုင်မှုကို ထုတ် မပြကြဘဲ ဒီထဲက ပိုင်ရှင် အနေနဲ့ ဖော်ပြ သိထားတာကတော့ ၂ စီးပဲ ရှိပါတယ်။ တယောက်က Bill Ford Jr ဖြစ်ပြီး နောက် တယောက်က Mark Fields တို့ပဲ ဖြစ်ပါတယ်။ နှစ်ဦးစလုံးကတော့ Ford နဲ့ နီးစပ်သူတွေပဲ ဖြစ်ပါတယ်။
မော်ဒယ်သစ်မှာ သိရသလောက်ကတော့ တန်းတူ တချို့ပြိုင်ဖက် မော်ဒယ်တွေထက် အမြန်နှုန်း မြှင့်တင် မောင်းနှင်မှု အပိုင်းတွေမှာ အနည်းငယ် နောက်ကျသလို ဖြစ်နေသေးပေမယ့် မောင်းနှင်ရမှု အရသာရော တည်ငြိမ်မှုနဲ့ စိတ်ကြိုက် တွေ့မှုတွေမှာတော့ အကောင်းဆုံး မော်ဒယ် တခုလို့ အားလုံးက သတ်မှတ်ကြပါတယ်။ မော်ဒယ်မှာ EcoBoost စနစ်သုံး ၃ ဒသမ ၅ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားပြီး သူက ရုန်းအား ၅၅၀ ပေါင်/ပေပဲ ရှိပေမယ့် မြင်းကောင်ရေ ၆၄၇ ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်တာပါ။
အင်ဂျင်က အလယ်ထိုင် ပုံစံ ဖြစ်ပြီး တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၃ စက္ကန့်အတွင်း ရောက်ရှိမှာလည်း ဖြစ်ပါတယ်။ ၇ ချက်သုံး Dual-Clutch စနစ်ကို ထည့်ထားတာ တွေ့ရပြီး ဆီ တဂါလံကို မြို့တွင်းမှာ ၁၁ မိုင်နှုန်းနဲ့ အဝေးပြေး လမ်းတွေပေါ်မှာ ၁၈ မိုင် စီးနင်းနိုင်မယ် လို့ ဆိုပါတယ်။ အခု နောက်ဆုံးထုတ် မော်ဒယ်မှာ လေခွင်းစနစ် အပိုင်းမှာ F117 ပုံစံ လေခွင်း စနစ်တွေကို ထည့်သွင်း ဖန်တီးလာတာ တွေ့ရပြီး အရင်ကထက် ပိုမို မြန်ဆန်တဲ့ နှုန်းထားရဖို့ အတွက် အခုလို လေခွင်းစနစ် ကနေလည်း အကောင်းဆုံး အထောက်အပံ့ ရအောင် ဖန်တီးထားတာ တွေ့ရပါတယ်။
ဥပမာ အနေနဲ့ နောက်ဖက် လေထုတ်ပေါက်တွေဟာ တနာရီ မိုင် ၇၀ နှုန်းနဲ့ အထက် မောင်းနှင်နေချိန်တွေမှာ မော်ဒယ်ကို အောက်ဘက် မြေဆွဲအားကောင်းပြီး လမ်းကြောင်းပေါ်မှာ ပိုမို တည်ငြိမ်မှု ရှိအောင် အကူအညီပေး ထောက်ပံ့ပေးလာတဲ့ ဖန်တီးမှုမျိုး တွေ့လာရပါတယ်။ ကိုယ်ထည်ပိုင်းမှာလည်း ပေါ့ပါးအောင် ကာဗွန်သားကို ဦးစားပေး ဖန်တီးထားပါတယ်။ ကာဗွန်သားကိုယ်ထည်၊ ကာဗွန်သား အလယ်ဘောင်၊ ကာဗွန်ဘရိတ်အုံလို ထည့်သွင်းထားတာတွေ တွေ့ရပါတယ်။
တောင်ပံပုံစံ တံခါးတွေ၊ ပါးလွှာ နိမ့်ပါးတဲ့ ကိုယ်ထည် ဖန်တီးမှုတွေ၊ ကာဗွန်ဖိုက်ဘာသား ထိုင်ခုံတွေ၊ သက်သောင့် သက်သာ ရှိစေမှုတွေ၊ လက်ကိုင်ဘီးနဲ့ အတူ တွဲဖက် တပ်ဆင်ထားတဲ့ ခလုတ်အထိုင်တွေ၊ အသံပိုင်း ကောင်းမွန်မှု တွေ၊ Ford ရဲ့ Sync 3 အမည်ရှိ နောက်ဆုံးထုတ် သတင်းအချက်အလက်ပြ စနစ်တွေ၊ ဂြိုလ်တု အခြေပြု မြေပုံတွေ၊ ရုပ်ထွက် ကောင်းကောင်းနဲ့ ပြသမျက်နှာပြင် စနစ်တွေက သဘောကျစရာပါ။ လက်ကိုင်စနစ်မှာလည်း ဘယ်ဘက် အဆုံးကနေ ညာအဆုံး အထိ၊ ဒါမှ မဟုတ် ညာဘက် အဆုံးကနေ ဘယ်ဘက် အဆုံးထိအောင် ၁ ဒသမ ၇ စက္ကန့် အတွင်းမှာပဲ အမြန်လှည့်ပြီး သုံးနိုင်လောက်အောင် သွက်ပါတယ်။ ပြိုင်ပွဲသုံး မော်ဒယ်နဲ့ စာရင်တော့ အတွင်းခန်း ပိုမို ကျယ်ဝန်းအောင် ဖန်တီးထုတ်လုပ်လာဖို့ ရှိနေပြီး စွမ်းဆောင်ရည်ပိုင်းလည်း နည်းနည်း ထိန်းလာဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ကတော့ မော်ဒယ်ကို ခရီးမိုင် ၃၅ မိုင် စမ်းသပ်မောင်းနှင်မှု လုပ်ခဲ့ကြပြီး Utah Motorsports Campus မှာ မီဒီယာတွေ စမ်းမောင်းခဲ့ကြတာပါ။ အားလုံးကတော့ စိတ်ကြိုက် မော်ဒယ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရောင်းဈေး ကတော့ တစီးကို ဒေါ်လာ ၄ သိန်းခွဲနဲ့ ရောင်းချတော့မှာ ဖြစ်ပြီး သယ်ဆောင်စရိတ် ဒေါ်လာ ၂၅၀၀ နဲ့ပါ ပူးတွဲ ကုန်ကျမှာပါ။
မော်ဒယ်ခွဲ ရွေးချယ်နိုင်မှုမှာတော့ 66 Heritage Edition နဲ့ Competition Series တွေ အဖြစ် ၂မျိုး ရနိုင်မှာပါ။ Ford အနေနဲ့ ကတော့ အမေရိကန် ပြင်ပ ဈေးကွက် ၁၀ နိုင်ငံမှာပဲ ရောင်းချသူ ၆၅၀၀ ထံကနေ အစီးရေ ၇၅၀ ပဲ ထုတ်လုပ် ရောင်းချလာဖို့ ရှိတယ် လိ့ို ဆိုပါတယ်။ ဈေးကွက် သုံးသပ်သူတွေကတော့ အခု မော်ဒယ် အနေနဲ့ အောင်မြင်မှု ကောင်းကောင်း ရနိုင်မယ်လို့ မျှော့်လင့်ထားကြောင်းနဲ့ မော်ဒယ်ကို အလှစီးနဲ့ စုဆောင်းသူတွေ အနေနဲ့ စိတ်ကြိုက် ဖြစ်ကြလိမ့်မယ် လို့ သုံးသပ်နေကြပါတယ်။
Ref: www.detroitfreepress.com