လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဇိမ်ခံကားထုတ်လုပ်သူတွေထဲက တခုဖြစ်တဲ့ ဂျာမနီ အခြေစိုက် BMWရဲ့ အရောင်းပြခန်း ပြည်တွင်းမှာ ရှိနေသလို နောက်ဆုံးထုတ်မော်ဒယ်မြင့်တွေရော အသစ်စက်စက် BMW မော်ဒယ်စုံကိုပါ တင်သွင်းရောင်း ချနေတာ တွေ့ရပါတယ်။
ဒါပေမယ့် သိတဲ့အတိုင်း BMWကတော့ ဇိမ်ခံစစ်စစ်ဖြစ်တဲ့အပြင် အရည်အသွေးရော စွမ်းဆောင်ရည်ပါ ထိပ်တန်းအဆင့် ရှိလို့ ဈေးနှုန်းလည်း မြင့်ပါတယ်။
တကယ်လို့ အဲဒီလို ဈေးနှုန်းမြင့်မြင့် BMW အသစ်နဲ့စာရင် ဈေးချိုချိုနဲ့ ရနိုင်မယ့် BMW လိုချင်သူတွေအတွက် အခု X6 လို လူကြိုက်များ မော်ဒယ်ကို ပြင်ပဈေးကွက်မှာလည်း လွယ်လွယ် ရနိုင်လာပါတယ်။ မော်ဒယ်တော့ နည်းနည်းနိမ့်မယ်၊ မောင်းနှင်ပြီး ကီလိုတော့ နည်းနည်း ပါမှာပါ။
ဒါပေမယ့် အားသာချက်က ရန်ကုန်လိုင်စင်အနေနဲ့ အရင်က နံပါတ်ရပြီးသား မော်ဒယ်တွေ ဈေးကွက်ထဲ ဝင်လာတာဖြစ် လို့ အားသာချက် ရှိတယ်။
အခုရက်ပိုင်း ရန်ကုန်လိုင်စင်တွေ ပြန်ချပေးမယ်လို့လည်း သတင်းတွေ ကြားရပေမယ့် အတည်ပြုသတင်းရယ် မဟုတ် သေးတော့ အခုလို ရန်ကုန်လိုင်စင်အနေနဲ့ ရပြီးသား မော်ဒယ်ကတော့ စိတ်ချစရာပါ။
အင်ဂျင်က ၄.၄လီတာသုံး အင်ဂျင်၊ ပြည်တွင်း အနေအထားမှာ အခု အင်ဂျင်အရွယ်က နည်းနည်းကြီးတယ်ဆိုပေမယ့် ဇိမ်ခံစစ်စစ်၊ ခရီးဝေး စိတ်ကြိုက်မောင်းမယ်၊ ဖျော်ဖြေရေးစနစ် အပါအဝင် လေအေးပေးစနစ်တွေနဲ့ စိတ်ကြိုက်သုံးမယ့် အနေအထားမှာတော့ အခု အင်ဂျင်က အဆင်ပြေပါတယ်။
ဒါအပြင် အင်ဂျင်က Twin-turbo စနစ် ပါသေးတယ်။ စွမ်းဆောင်ရည် အမြင့်ဆုံး SUVတန်းဝင် မော်ဒယာ်တွေထဲက အကောင်းဆုံး မော်ဒယ် တခုပါ။
Push Start နဲ့ သုံးနိုင်မယ်၊ Smart Keyနဲ့ လာတယ်၊ Remote တွေက Oriတွေ အတိုင်း ရမယ်၊ TV ထည့်ပြီးသားဖြစ်သလို နောက်ဘက် ရိုက်ကူးကင်မရာနဲ့ ချိတ်ပြီးသား၊ အချက်ပြလိုင်းတွေ၊ အာရုံခံ ဆင်ဆာတွေ အပြည့်ပါတယ်။
Power Steering စနစ်နဲ့လာတယ်၊ လက်ကိုင်ဘီးမှာ အသံ အတိုးအချဲ့ အပါအဝင် အခြား မောင်းနှင်ရင်း အသုံးပြုရာမှာ လိုအပ်တဲ့စနစ်တွေ ထည့်ထားတယ်၊ Cruise Control ပါရှိတယ်၊ Stability Control လည်း ပါမယ်။ Voice Recognition စနစ်လည်း သုံးနိုင်မယ်။
ဘီးတွေက Alloyနဲ့ ဖြစ်လို့ စိတ်ကြိုက်ပါပဲ။ Run Flat တာယာတွေ ထည့်ထားတယ်။ တချို့က သီရိမင်္ဂလာကားအရောင်း ဝယ် စခန်းဘက်မှာ တွေ့ရပြီး သူတို့ကတော့ အာမခံ မပေးပေမယ့် ဈေးပိုချိုပါတယ်၊ ကားအရောင်းပြခန်းတွေကနေ တင် သွင်းရောင်းချတဲ့ X6 တွေကတော့ ၁နှစ်လောက် အာမခံပေးကြတာ တွေ့ရပါတယ်။
မောင်းနှင်ပြီး ကီလို ၂သောင်းဝန်းကျင်တွေ များပါတယ်။ မော်ဒယ်က ၂၀၁၀ခုနှစ်နဲ့ ဝန်းကျင်ထုတ်တွေပါ။ သက်တမ်း ၇နှစ်လောက် ခိုင်းထားတယ်လို့ ဆိုရပေမယ့် ကားတစီးရဲ့ သက်တမ်း ကီလို ၂သိန်းမှာ အခု ကီလို ၂သောင်းလောက်ပဲ သုံးထားလို့ အများကြီး သုံးနိုင်ပါသေးတယ်။
အရောင်အပိုင်းမှာတော့ အနက်ရောင်တွေပဲ အများဆုံး ဈေးကွက်မှာ ဝင်နေပါတယ်။ အခြား အရောင်ကတော့ အဝင် နည်းသလို ဈေးလည်း သိပ်မကွာပါဘူး။
ဈေးနှုန်းမှာတော့ သိန်း ၁၃၅၀ ဝန်းကျင် အခေါ်ရှိနေပြီး ဒီနှစ်ထဲမှာ အထူးကုန်စည်ခွန်နှုန်းထား ကောက်ခံမှုတွေနဲ့ အတူ အင်ဂျင်အကြီးစားတပ် မော်ဒယ်တွေ အဝယ်နည်းလာတာကြောင့် ဈေးနှုန်း အကျဘက်မှာ ရှိနိုင်ပါတယ်။ အသစ်စက်စက် BMW တွေနဲ့ ယှဉ်ပြီး လေ့လာ ဝယ်ယူချင်သူတွေအတွက် အဆင်ပြေစရာပါ။