မြန်မာနိုင်ငံမှာ တချိန်က နာမည်ကြီး ကားကုမ္ပဏီတခုဖြစ်တဲ့ Hino ဟာ အခုချိန်မှာလည်း မြန်မာနိုင်ငံရဲ့ ကားလောကကို တကျော့ပြန် ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။
“သိကြတဲ့အတိုင်း အရင်တုန်းကဆိုရင်တော့ Hino က မြန်မာပြည်မှာ နံပါတ် ၁ လို့ ပြောလို့ရတယ်ပေါ့နော်။ ခုလည်း အသက်သုံးဆယ်နဲ့ အထက်လူကြီးတွေဆိုရင် Hino ရဲ့ quality ကို အထူးပြောစရာလိုမှာ မဟုတ်ပါဘူး။ ကားရောင်းရရေးထက် customer တွေ Hino ကို ပြန်ယုံကြည်လာဖို့ကို ကျနော်တို့ အဓိကထား လုပ်ဆောင်သွားမှာပါ” လို့ Hino ရဲ့ တာဝန်ခံတဦးဖြစ်သူ ဦးသန်းစိုးက ပြောပါတယ်။
ဆက်လက်ပြီး သူက “Hino ရဲ့ အဓိက ထုတ်ကုန်က truck ကားတွေဖြစ်တယ်။ အခု ပြန်ဝင်လာချိန်မှာလည်း truck ကားတွေနဲ့ဘဲ ပြန်ပြီး ထိုးဖောက်ဖို့ ကြိုးစားသွားမှာပါ။ ဒီနေရာမှာ ကျနော်တို့ရဲ့ အဓိကထုတ်ကုန်က truck ကားတွေ ဖြစ်တယ်ဆိုပေမယ့် အခုချိန်မှာ အသုံးပြုသူ တွေရဲ့လိုအပ်ချက်ကို လိုက်ပြီး mixer, crane စသည်ဖြင့် ထုတ်လုပ်ထားပါတယ်။ အိမ်စီးကားအသေးတွေကိုတော့ ကျနော်တို့ Hino အနေနဲ့ မဟုတ်ဘဲ Toyota က ထုတ်ပါတယ်” လို့ ဆက်ပြောပါတယ်။
ကားအတွက် အာမခံကတော့ တခြားကားအမျိုးအစားတွေလိုဘဲ တနှစ်အာမခံနဲ့ ကားရဲ့ အစိတ်အပိုင်း တော်တော်များများကို အာမခံပေးထားတယ်လို့ သိရပါတယ်။ ကားဈေးနှုန်းများကိုတော့ ကားမော်ဒယ် တူရင်တောင်မှ ကားကိုယ်ထည်ချင်းကွာတဲ့အတွက်ကြောင့် ဈေးနှုန်းအနေနဲ့က ပြောရခက်ပါတယ်လို့ ဆိုပါတယ်။
Hino မှ တောင်ပေါ်ဒေသတွေအတွက်ကိုလည်း မန္တလေးမြို့မှတဆင့် အဓိက ဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။
“တောင်ပေါ်ဒေသတွေက road transport များတဲ့အတွက် ကျနော်တို့ မန္တလေးကနေပြီးတော့ ဖြန့်ဖြူးပေးပါတယ်” လို့ ဦးသန်းစိုးက ဆိုပါတယ်။
Hino ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၁၉၅၀ ခုနှစ်လောက်က ဗမာ့ကုန်းလမ်းပို့ဆောင်ရေး (ဗကပ) နဲ့ လက်တွဲလုပ်ကိုင်ခဲ့တာဖြစ်ပြီး ၁၉၈၈ အရေးအခင်း ဖြစ်ပွားပြီး နောက်ပိုင်း ၁၉၉၀ ခုနှစ်လောက်က ပြန်လည် ရုတ်သိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်း ကတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကဆိုရင် Hino ကိုယ်စားပြု စက်ပြင်လုပ်ငန်းအနေနဲ့ ဝင်ရောက်လာခဲ့ပြီး ဒီ ၂၀၁၇ ခုနှစ်မှာမှ Hino အနေနဲ့ ပြန်လည်ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။