မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များအနက် ငါးရှဉ့်တင်ပို့ရောင်းချခြင်းကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချခဲ့ရာမှ ယခုအခါ ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချလာကြောင်း မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်(ကိုအားတီ)က “ငါးရှဉ့်ဈေးကွက်က ပြည်တွင်း ဈေးကွက်ထက် ပြည်ပဈေးကွက်ကို ပိုအားထားနေရပါတယ်၊ အရင်က တရုတ်ဈေးကွက်ကိုပဲ အဓိကထား ရောင်းချခဲ့တယ်၊ အခုဆိုရင် အရွယ်အစားငယ်တဲ့ ငါးရှဉ့်တွေကို ဈေးနှုန်းပိုပေးတဲ့ ထိုင်းနိုင်ငံဈေးကွက်ကို ပိုမို တင်ပို့ပေးနေရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ငါးရှဉ့်များကို ပြည်ပသို့တင်ပို့ရာတွင် အရှင်သာ တင်ပို့ရပြီး တရုတ်နိုင်ငံမှ ငါးရှဉ့်ကုန်သည်အများစုသည် အရွယ်အစား ကြီး သော ငါးရှဉ့်များကိုသာ ဈေးနှုန်းပိုပေးကာ ဝယ်ယူလေ့ရှိပြီး လုံးပတ် ၃ စင်တီမီတာအောက်(၁ဒသမ ၂လက်မ) သေးငယ်သည့် အရွယ်များကို မဝယ်ယူသောကြောင့် သတ်မှတ်စံချိန်မမီသည့် ငါးရှဉ့်များကို စွန့်ပစ်ရလေ့ရှိကြောင်း၊ ယခုအခါ ထိုင်းနိုင်ငံက အရွယ်အစား သေးငယ်သော ငါးရှဉ့်များကို ဈေးနှုန်းပိုပေး၍ ဝယ်ယူနေခြင်းကြောင့် တရုတ်ဈေးကွက်ထက် ထိုင်းဈေးကွက်က ပိုမိုကောင်းမွန် နေကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် ငါးရှဉ့်ဒိုင်လည်း ပြုလုပ်နေသူ ဦးဝင်းမြင့် (ကိုအားတီ)က ‘‘ ပြီးခဲ့တဲ့ ငါးရှဉ့်ရာသီအချိန်အထိ မူဆယ် ၁၀၅ မိုင်ကို တိုက်ရိုက်ပို့တော့ အသေးထက် အကြီးကို ဈေးပိုပေးပြီး ဝယ်ယူပါတယ်၊ ငါးလုပ်ငန်းကလည်း အကောင်သေးတာဆို ပို့လို့မရတဲ့အတွက် သတ်မှတ်အရွယ်အစား မမီရင် တစ်ခါတည်း ပယ်ပစ်တယ်၊ အခုဆိုရင် ဝယ်သူကြိုက်ရင် အရွယ်အစားမရွေး ပို့လို့ရတယ်လို့ ငါးလုပ်ငန်းကနေ ဖြေလျှော့ ခွင့်ပြုပေးလိုက်တော့ တရုတ်ကလည်း ငါးရှဉ့်ဆို အကုန်ဝယ်နေတယ် ဆိုပေမယ့် ထိုင်း၊ ဘန်ကောက်ဈေးကွက်က တရုတ်ဈေးကွက်ထက် အသေးကို ဈေးပိုပေးပြီး ဝယ်ယူနေတဲ့အတွက် ငါးရှဉ့်ဒိုင်တွေ၊ ငါးရှဉ့်ဖမ်းသူတွေပါ အဆင်ပြေနေကြပါတယ်”ဟု ပြောသည်။
ယခုအခါ လုံးပတ် ၃ စင်တီမီတာထက် ကြီးသောငါးရှဉ့်များကို တပိဿာလျှင် ကျပ်၁သောင်း၂ထောင်ခန့် ၊ လုံးပတ် ၃ စင်တီမီတာအောက် သေးငယ်ပါက ကျပ် ၉၅၀၀ မှ ကျပ် ၁သောင်း ဈေးနှုန်းဖြင့် ဝယ်ယူနေပြီး ယခင်က လုံးပတ် ၃ စင်တီမီတာအောက် သေးငယ်သော ငါးရှဉ့်များကို ဆန်ခါချ၍ လွှင့်ပစ်ရသော်လည်း ယခုအခါ ငါးရှဉ့်အသားတိုး မွေးမြူသူများကပါ ဝယ်ယူနေပြီး ထိုင်းနှင့် တရုတ်နိုင်ငံဈေးကွက်များသို့ ပြန်လည် တင်ပို့နေရသည်ဟု သိရသည်။
၂၀၁၆ ခုနှစ်တွင် ငါးရှဉ့်များကို ထိုင်းနှင့်တရုတ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ရရှိ ခဲ့ပြီး ငါးရှဉ့်ဖမ်းဆီးသူများ၏ ရောင်းချမှုကြောင့် ငါးရှဉ့်ဒိုင်တခုတွင် နေ့စဉ် ပိဿာ ၅၀၀ ကျော်မှ ၁၀၀၀ခန့် အထိ ရရှိနေ သည်ဟု ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။