ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်နိုင်မည့် အထူးစီးပွားရေးဇုန်သစ်ကို ဒလမြို့နယ်ဘက်သို့ မျက်နှာမူကာ တည်ဆောက်မည့် ဆိပ်ကမ်းသစ် နှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေ ၂၀ ရက်နေ့က UMFCCI တွင် ပြုလုပ်သည့် ဆဋ္ဌမ အကြိမ်မြောက် ဒုသမ္မတနှင့် စီးပွားရေး လုပ်ငန်းရှင်းများ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
သီလဝါ အထူးစီးပွားရေးဇုန်ကဲ့သို့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ဝင်နိုင်သည့် အထူးစီးပွားရေးဇုန်များကို ထပ်မံဖော်ဆောင်သွားရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များသည် ပြည်ထောင်စု အက်ဥပဒေဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ နိုင်ငံရဲ့ ထုတ်ကုန်တွေ တိုးမြင့်လာတာနဲ့ အမျှ ဆိပ်ကမ်းတွေ ပိုပြီးကြီးလာမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ရင်းနှီးမြှုပ်နှံမှု မရှိပဲနဲ့ ဆိပ်ကမ်းတွေ သွားပြီး ရင်းနှီးမြှုပ်နှံလို့ မရပါဘူး။ ကျနော်တို့က တရုတ်ပြည်ရဲ့ ကုန်းတွင်းပိတ်ကို ကျောကပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အသုံးချနိုင်မယ်ဆိုရင် ယူနန်- ရန်ကုန်လမ်းပေါ်ကနေ ကုန်စည်တွေ ရန်ကုန်ဆိပ်ကမ်းကို ထွက်သွား နိုင်ပါတယ်။ ဒီလိုလုပ်နိုင်ရင် ရန်ကုန်ရဲ့ အထူးစီးပွားရေးဇုန်ကို ရင်းနှီးမြှုပ်နှံမှုတွေ အကုန်ရောက်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေအတွက် တိုင်းအစိုးရအဖွဲ့က လုပ်ဆောင်နေပါတယ်” ဟု ရှင်းပြသည်။
ဒလမြို့နယ်နှင့် ရန်ကုန်မြို့တွင်းဘက်သို့ ဆက်သွယ်သွားလာနိုင်မယ့် တံတားစီမံကိန်း တခု လုပ်ဆောင်ရန်လည်း စီစဉ်နေကာ တံတားဆောက်မည့်အပေါ် ပြည်သူလူထု သဘောထား ကောက်ခံမှုများကိုလည်း ဒလမြို့ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်းနှင့် ဒလလူမှုကူညီရေးအသင်းက လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေ စီးပွားရေးနှင့် ဥပဒေအတိုင်ခံ ပညာရှင် ဦးတင်သန်းဦးက “ ဒီလိုသာ ဒလဘက်ကို မျက်နှာမူပြီး သီလဝါ အထူးစီးပွားရေးဇုန်လို စီးပွားရေးဇုန် တခုဆောက်မယ်။ တံတားထိုးဖို့ရှိတာ ဆိုတော့ အဲဒီ ဒေသဘက်မှာ ရှိတဲ့ အလုပ်အကိုင်တွေ ဖွံ့ဖြိုးလာနိုင်တယ်။ ကုန်သွယ်မှု လုပ်ငန်းအားလုံးက ဒီဖော်ဆောင်ထားတဲ့ အထူးစီးပွားရေးဇုန်ထဲက ဖြတ်သန်းရမယ်ဆိုရင် မြို့ပြမှာ ရှိတဲ့ ဧရိယာတွေက ဈေးကွက်ရှိသွားမယ်။ အထူးစီးပွားရေးဇုန်တွေမှာ လုပ်ကိုင်မယ့် စီးပွားရေးသမားတွေအတွက် ကတော့ အိမ်တွေ၊ မြေတွေ အများကြီး လိုမယ်။ အခြေစိုက်လုပ်ကိုင်မယ့် သူတွေလိုတယ်။ ဒါကြောင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေအတွက်ကတော့ ဒီပတ်ဝန်းကျင်မှာ အိမ်ငှားနေမယ်။ ခြံမြေဝယ်မှာတွေ ဖြစ်လာမှာ ဖြစ်တယ်။ ဒါကြောင့် ဒီနေရာတွေကို အမှီပြုပြီး အိမ်ခြံမြေ ဈေးကွက်က ကောင်းလာနိုင်တယ်’’ဟု သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့် လည်ပတ်နေသည့် အထူးစီးပွားရေးဇုန် ၂ ဇုန်မှာ သီလဝါ အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်ရှိရာ အဆင့်မြင့်တင်မှုများ ပြုလုပ်မည် ဖြစ်ကာ စက်မှုဇုန်များအတွက် လိုအပ်သော လျှပ်စစ်မီး၊ အခြေခံ အဆောက်အအုံနှင့် ရေကောင်းရေသန့်ရရှိနိုင်မှုများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကာ လိူင်သာယာ ဇုန် ၁ ကို ပထမဆုံး ရှေ့ပြေးစီမံကိန်း အဖြစ် စတင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
စက်မှုဇုန် လိုအပ်ချက်များကို ပြုလုုပ်ရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ပူးပေါင်းပြီး ရေဆိုးရှိသည့်နေရာမှ ရေသန့်ရောင်းပေးနိုင်သည့် လုပ်ဆောင်မှုများ၊ လျှပ်စစ်ကဏ္ဍတွင်လည်း လာမည့်နှစ်တွင် ၆၀၀ မီဂါဝပ်ခန့် တိုးပေးနိုင်ရန် ရှိပြီး လိုအပ်လာလျှင် စက်မှုဇုန်ထဲမှ အသေးစားလျှပ်စစ် လုပ်ငန်းများ လုပ်နိုင်မည့် နည်းလမ်း များကို ပြင်ဆင်မည်ဟု သိရသည်။
သို့သော် လုပ်ငန်းများလုပ်ကိုင်ခွင့် မပေးလျှင် ဒေသများမှာ ဖွံ့ဖြိုးမှု မရှိနိုင်သောကြောင့် သန်လျှင်၊ ကျောက်တန်းသို့သော နေရာမျိုးများကို စက်မှုလုပ်ငန်း များလာရောက် ရင်းနှီးမြှုပ်နှံသည့် နေရာများ ဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်နှင့် ဆက်စပ်နေသည့် ကျုးကျော်ကိစ္စရပ်များကိုလည်း ဆောင်ရွက်ရန် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်၍ လိူင်သာယာတွင် စတင်ဖြေရှင်းရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။