YBS ကားဟောင်းများကို ကားသစ်များဖြင့် ပြောင်းလဲပြီးချိန်တွင် ယာဉ်စီးခများကို ကတ်(cardစနစ်) ဖြင့် အသုံးပြုသွားရန် ဧရာဝတီဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
ယင်း Card payment စနစ်ကို YBS ယာဉ်လိုင်းများ အားလုံးတွင် အသုံးပြုဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့၊ Myanmar Payment Union (MPU) နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကားဟောင်းနှင့် ကားသစ်များ လဲလှယ်ပြီးစီးမည့် အချိန်ကို အသေးစိတ် မသိရှိရသေးပါ။
မေလ ၂၂ ရက်နေ့က UMFCCI တွင် ပြုလုပ်သည့် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုများကို MPUစနစ်ဖြင့် ပေးချေမည့်လုပ်ငန်း အစီအစဉ် ရှင်းလင်းပွဲအပြီးတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက “ card စနစ်က YBS မပေါ်ခင် မထသ ကတည်းက ၃၇ ယာဉ်လိုင်းမှာ စနေတယ်။ မနှစ်လောက်ကတည်းက စနေတာပါ။ သူက MPU ကတ်လိုမျိုး အကုန်လုံးလည်း လုပ်နိုင် တယ်။ အကောင့်ကိုင်ဆောင်ထားမှု မရှိတဲ့သူနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဒီပရောဂျက် တခုလုံး ကို လုပ်နေတုန်းပါ။ ဒါကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ပြောသည်။
ဆက်လက်၍ “ယာဉ်လိုင်းအားလုံးမှာ card စနစ်က မတွင်ကျယ်သေးဘူး။ ဒါကြောင့် အခုလုပ်မယ့်ဟာက နောက်ဆုံး အဆင့်ပေါ့။ ဆက်သွယ်ရေး card အနေနဲ့ သွားတာ။ ၂ ခု၊ ၃ ခုလောက်တော့ အိုင်တီကုမ္ပဏီကို ချိတ်ဆက်လုပ်ရမှာ” ဟု ပြောသည်။
အဆိုပါ Payment card စနစ်တွင် ယင်းကတ်တခုတည်းဖြင့် YBS ကား၊ မီးရထားနှင့် Water taxi စသည့် ပို့ဆောင်ဆက်သွယ်ရေး ယာဉ်အားလုံးတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
Myanmar Payment Union (MPU)မှ CEO ဦးဇော်လင်းထွန်းက “ YBS အတွက် ချိတ်ဆက်လုပ်သွားမယ် ဆိုတာက ပို့ဆောင်ဆက်သွယ်ရေးကတ်တွေ ဖြစ်တယ်။ ဥပမာ ကုမ္ပဏီတခုကို တကတ်ထုတ်မယ်ဆိုရင် ခရီးသည်တယောက်က ဘတ်စ် ကား ၈ လိုင်းရှိရင် ၈ ကတ် ကိုင်နေရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ open ဖြစ်တဲ့ အလယ်က ကျနော်တို့ MPU လိုမျိုး ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ Card တခုတည်း ရှိရုံနဲ့ နောက်ပိုင်းမှာ ကားတင်မဟုတ်ဘူး၊ ရထားရော၊ ရေပေါ်တက္ကစီရော စီးနိုင်အောင် လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။
YUPT ကုမ္ပဏီ လက်အောက်ခံ ၆၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင် ဦးကျော်လိူင်က “အခုလို YBS ယာဉ်လိုင်းတွေကို Card စနစ်ပြောင်းတာတော့ ကြိုဆိုပါတယ်။
ခရီးသည်တွေဘက်ကလည်း နိုင်ငံကြီးသား ပီသစွာ ရိုးရိုးသားသားနဲ့ ကျသင့်တဲ့ တန်ဖိုး ပေးချေစေချင်ပါတယ်။ စနစ်က ကောင်းမွန်သွားမယ်ဆိုရင် အနာဂတ်မှာ YBS တွေက ကောင်းလာမှာဖြစ်ပါတယ်။ အခု ကားတွေ လဲလှယ်ရမှာတော့ ဘယ်တော့ပြောင်းရမယ်ဆိုတာ မသိသေးဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့သည် လက်ရှိပြေးဆွဲနေသည့် YBS ကားဟောင်းများကို ကားသစ်များဖြင့် လဲလှယ်ရန်အတွက် တရုတ်နိုင်ငံမှ ကားအစီးရေ ၁၀၀၀ ဝယ်ယူထားသည်။ အဆိုပါ ကားအားလုံးသည် လာမည့် ဇွန်လအတွင်း ရန်ကုန်မြို့သို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့က မထသယာဉ်လိုင်းများကို YBS စနစ်ဖြင့် အများပိုင်ကုမ္ပဏီ အသွင်ပြောင်းလဲလိုက်ပြီးနောက်ပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်း ၈၀ နှင့် ကားအစီးရေ ၄၀၀၀ ခန့်ရှိသည်။