iPhone တွေဟာ အခြား ပြိုင်ဖက် ဖုန်းတွေထက် ဈေးနှုန်း မြင့်မားနေလေ့ ရှိပါတယ်။ အရင်က ရောင်းချခဲ့တဲ့ မော်ဒယ်တွေမှာလည်း ဈေးမြင့်တယ်၊ အခုလည်း အသစ်လာမယ့် iPhone 8 အနေနဲ့ ဈေးနှုန်း ဒေါ်လာ ၁၀၀၀ နဲ့ အထက် ရှိနိုင်တယ်လို့ Goldman Sachs, Nikkei, Fast Company နဲ့ KGI Securities လို ဈေးကွက် လေ့လာရေး အဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေ အရ သိရပါတယ်။ ဒီလို ဈေးနှုန်း မြင့်မားနေရတဲ့ အကြောင်းရင်းကို အလွယ်ဆုံး ပြောရမယ် ဆိုရင်တော့ ထုတ်လုပ်မှု စရိတ် မြင့်မားလို့ ပါပဲ။
Economic Daily News ရဲ့ ဖော်ပြချက်မှာ Apple အနေနဲ့ သူ့ရဲ့ ဖုန်းအစိတ်အပိုင်းတွေကို တာဝန်ယူ ထုတ်လုပ် ပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်တဲ့ TPK Holdings ကနေ ဆယ်နှစ်ပြည့် အဖြစ် ထုတ်လုပ်မယ့် iPhone 8 အတွက် 3D Touch စနစ်နဲ့ သုံးနိုင်မယ့် ပြသမျက်နှာပြင် စနစ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါ စနစ်ကို Apple က လက်ခံ ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဆိုရင် အသစ်ထွက်လာမယ့် iPhone 8 မှာ 3D Touch စနစ် သုံးနိုင်လာဖို့ ရှိနေသလို အဆိုပါ စနစ်ကို TPK ကနေ ဈေးနှုန်း ဒေါ်လာ ၁၈ ကနေ ၂၂ အတွင်းနဲ့ ရောင်းချပေးဖို့ ရှိနေတာပါ။ အရင်က iPhone တွေရဲ့ မျက်နှာပြင်စနစ်ကို အဆိုပါ TPK ကပဲ ထုတ်လုပ်ပေးနေခဲ့တာ ဖြစ်ပြီး ၇ ဒေါ်လာကနေ ၉ ဒေါ်လာအတွင်းပဲ ဈေးရှိခဲ့တာပါ။ ဒီလို အစိတ်အပိုင်း တခုချင်းရဲ့ တန်ဖိုးမြင့်တက်လာမှုဟာ iPhone 8 ရဲ့ ဈေးနှုန်းကို မြင့်မားနေစေဦးမှာပါ။
ဒါတင်ပဲလား ဆိုတော့ Touch စနစ်ကိုပဲ 3D ပုံစံနဲ့ သုံးနိုင်ဖု့ိ အခုလို စရိတ် ပိုမို ကုန်ကျလာတာ ဖြစ်ပြီး ပြသမျက်နှာပြင် စနစ်မှာလည်း ယခင် LTPS TFT-LCD စနစ်ကနေ OLED လို စွမ်းအင်စား သက်သာပြီး အရောင်ထွက် ပိုကောင်းတဲ့ စနစ်ကို ပြောင်းလဲ အသုံးပြုလာမှာပါ။ ဒီတော့ ကျန်တဲ့ ဖုန်းအစိတ်အပိုင်းတွေကို မကြည့်ပါနဲ့။ အခု ပြောနေတဲ့ ပြသ မျက်နှာပြင် စနစ်မှာပဲ OLED စနစ် အတွက် ၃၅ ဒေါ်လာလောက် ပိုသုံးရတယ်၊ 3D Touch စနစ် ရနိုင်ဖို့ ဒေါ်လာ ၂၀ လောက် ပျမ်းမျှ ကုန်မယ်၊ Memory ကို အခု ဈေးကွက်ထဲက iPhone တွေထက် ပိုမိုအောင် သိမ်းနိုင်ဖို့ ပြင်ဆင်မှု အတွက် ၁၆ ဒေါ်လာကနေ ၂၉ ဒေါ်လာ ဖိုးလောက် သုံးရမယ်။ အဲဒီမှာတင် ဒေါ်လာ ၆၀ ဖိုးကနေ ၈၀ ဖိုးလောက် ပိုမို ကုန်ကျလာစေတာပါ။
ဒါပေမယ့် ဖန်တီးရမှု အပိုင်းမှာ အထက်မှာ ပြောခဲ့တဲ့ 3D အာရုံခံ စနစ် တခုတည်းတင် ဒေါ်လာ ၂၀ ပျမ်းမျှ ဖြစ်ပေမယ့် ထည့်သွင်း ဖန်တီးစရိတ် ကတော့ ဒေါ်လာ ၁၀၀ လောက်ထိအောင် ကုန်ကျနိုင်မယ်လို့ သိရပါတယ်။ ပြီးတော့ ကြိုးမဲ့ အားသွင်းစနစ်တွေ၊ အားအမြန်သွင်း စနစ်တွေလည်း အခု မော်ဒယ်မှာ ရနိုင်လာဖို့ ရှိနေပါတယ်။ Touch ID ကိုလည်း ပြသစနစ်နဲ့ တွဲဖက် ထည့်သွင်းလာဖို့ ရှိနေပါတယ်။ ဒီတော့ အခု ဈေးကွက်ထဲက iPhone 7 ကို 256 GB နဲ့ဆိုရင် ၉၆၉ ဒေါ်လာ ရှိနေတာ ဖြစ်လို့ အခု မော်ဒယ်သစ်မှာ 7 ထက် ပိုမိုတဲ့ စွမ်းဆောင်ရည်တွေ ပါရှိလာမှာ ဖြစ်လို့ ဒေါ်လာ ၁၀၀၀ နဲ့ အထက် ဈေးရှိမယ် လို့ သုံးသပ်နေကြတာပါ။
ဒီလိုမှ မဟုတ်ရင်လည်း Apple အနေနဲ့ ဒုတိယ အစီအစဉ် တခုကို သုံးလာနိုင်ပါတယ်။ အဲဒါကတော့ ဒီဇိုင်းပိုင်း အားထည့်မှု ဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲက iPhone တွေနဲ့ လုံးဝကွဲပြား သိသာတဲ့ ဒီဇိုင်းနဲ့ ဖန်တီးလာဖို့ ရှိနေပြီး နည်းပညာ အသုံးပြုနိုင်မှုမှာလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးထား ပါလိမ့်မယ်။
ဈေးနှုန်းကိုတော့ နည်းပညာပိုင်း အရ ဖြစ်စေ၊ ဒီဇိုင်းပိုင်း အရ ဖြစ်စေ အားသာချက် ယူပြီး လျော့ချ ရောင်းချလာဖို့ ရှိမယ် မထင်ပါဘူး။ အလွယ်တမ်း မြင်နိုင်တာ တခုက နောက်ဆုံးထုတ် Apple ရဲ့ MacBook Pro တွေဟာ ဈေးလည်း မြင့်ပါတယ်၊ အရည်အသွေး အကောင်းဆုံး မော်ဒယ်တွေ အဖြစ် လူတိုင်း လက်ခံ အသုံးပြုနေကြပါတယ်၊ ဒါကြောင့် ဈေးနှုန်း မြင့်မားမှုကြောင့် လူကြိုက်နည်းသွားမယ့် အဖြစ်မျိုးကို Apple အနေနဲ့ စိုးရွံ့နေပုံ မရပါဘူး။
အခု ဖုန်း မော်ဒယ်သစ်ကိုလည်း ဈေးမြင့်ချင် မြင့်မယ်၊ အရည်အသွေးပိုင်းကိုပဲ ဦးစားပေး ဖန်တီးလာဖို့ ရှိနေပါတယ်။ မော်ဒယ်သစ်ဟာ ဒေါ်လာ ၁၀၀၀ နဲ့ အထက် ဈေးရှိမှာ ဖြစ်ပေမယ့် Apple အတွက် အမြတ်အစွန်းရော အောင်မြင်မှုပါ ရရှိပါလိမ့်ဦးမယ်။ ။
Ref: www.forbes.com