အသုံးအများဆုံး Android ဖုန်းတွေမှာ ဘက်ထရီအားကို ဖုန်းဖွင့် သုံးသည် ဖြစ်စေ၊ Standby ထားပြီး သုံးသည် ဖြစ်စေ အားယူသုံးနေတဲ့ App တွေ ရှိပါတယ်။ ဘက်ထရီအားကို တခြား App တွေထက် ပိုသုံးတာကြောင့် ဖုန်းက အားသွင်းလိုက် ခပ်မြန်မြန် အားကုန်လိုက်နဲ့ပဲ လည်နေပါလိမ့်မယ်။ ဒီလို မဖြစ်ရလေအောင် ဘယ်လို App တွေက ဘက်ထရီစား များသလဲ၊ ဘာတွေ လုပ်ထားကြမလဲ။
(၁) Snapchat – ဒီ App သုံးသူတွေ အနေနဲ့ တခြား ဖုန်းသုံးသူတွေ ထက် ဘက်ထရီအား အကုန်မြန်ပါလိမ့်မယ်။ လက်ရှိ နိုင်ငံတကာသုံး App တွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး App တခု အဖြစ် ရပ်တည်နေတဲ့ Snapchat က ဘက်ထရီစား များလွန်းနေပါတယ်။
ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် Snapchat ရဲ့ စနစ်သစ် Travel Mode ချသုံးပါ။ သူက ပုံတွေ ဗီဒီယိုတွေကို အလိုအလျောက် ရယူ ဖော်ပြနေခြင်း ကနေ ကာကွယ်ပေးနိုင်လို့ ဘက်ထရီစား သက်သာပါလိမ့်မယ်။
(၂) Tinder – ပြည်တွင်းမှာတော့ BeeTalk လို App ကို အသုံးများပါတယ်။ သူနဲ့ ဆင်တူတဲ့ Tinder ကလည်း မိမိ အနီးနားက မိတ်ဆွေတွေကို ရှာနိုင်၊ မိတ်ဖွဲ့နိုင်ပါတယ်။ သူကလည်း ဘက်ထရီစား များပါတယ်။
ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် Always Active ကို မသုံးပါနဲ့၊ မိမိဖုန်းရဲ့ App စာရင်းမှာ ရှိတဲ့ Tinder ကို Force Stop ဒါမှမဟုတ် Clear Data ပုံစံ ချသုံးပါ။ ဒါမှ ဘက်ထရီစား သက်သာပါလိမ့်မယ်။ တကယ်လို့ သင့်မှာ Desktop ကွန်ပျူတာရှိရင်တော့ Tinder ကို ကွန်ပျူတာနဲ့ သုံးနိုင်လို့ ပြောင်းသုံးပါ။ ဖုန်းနဲ့ မသုံးပါနဲ့။
(၃) BBC News – သတင်းတွေကို Update ဖြစ်အောင် ဖန်တီးထားတဲ့ အတွက် အခု App က ဘက်ထရီ အရမ်း စားပါတယ်။ သူနဲ့ အတူ NY Times, NDTV, CNN နဲ့ အခြား သတင်း ဌာန App တွေကလည်း ဘက်ထရီ စားတာပါပဲ။
ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် သတင်းဌာနက App တွေ မသုံးပါနဲ့။ တကယ်လို့ သုံးမယ် ဆိုရင်တော့ App အနေနဲ့ မသုံးပဲ Chrome ကနေ တဆင့် BBC ကို ဝင်ကြည့်ပါ။ အတူတူပါပဲ။
(၄) Microsoft Outlook – Microsoft ကနေ ဖန်တီးလိုက်တဲ့ Email App တွေထဲက လူကြိုက်များတဲ့ App တခု ဖြစ်ပေမယ့် ဘက်ထရီစား အရမ်းများ နေပါတယ်။ အမြဲတမ်းလိုလို Refresh လုပ်တဲ့ စနစ် ပါရှိလို့ Mail အဝင်တွေ အသုံးတည့် ပေးမယ့် ဘက်ထရီအား အကုန် မြန်စေပါတယ်။
ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် Email App တခု အတွက် Refresh မလုပ်ရင် အသုံးမဝင် သလိုပါပဲ။ ဒီတော့ Outlook ကို သုံးမယ်ဆိုရင်တော့ Email Noti ကို ပိတ်ပြီး သုံးတာ အကောင်းဆုံးပါ။
(၅) Facebook and Messenger – လက်ရှိ ကမ္ဘာမှာ လူသုံး အများဆုံး လူမှုကွန်ယက်စနစ် ဖြစ်ပြီး ဘက်ထရီစား လည်း အများဆုံးပါပဲ။ ဘယ်လို အကောင်းဆုံး သုံးမလဲ ဆိုရင် Facebook Lite နဲ့ Messenger Lite ဆိုတဲ့ စွမ်းအင်စားနည်း App တွေ ရှိပါတယ်။ လက်ရှိ App တွေကို ဖြုတ်ချပြီး အစားထိုး သုံးလိုက်ပါ။
(၆) Amazon Shopping – သူလည်း အထက်မှာ ပြောခဲ့တဲ့ BBCလိုပဲ ရောင်းချင်၊ ဝယ်ချင်တာတွေကို အမြဲတမ်း Update လုပ်နေလို့ Refresh အမြဲရှိနေပြီး ဘက်ထရီစား များပါတယ်။ Android ဖုန်းတွေ အတွက် ဒီ App က မကောင်းပါဘူး။
ဘယ်လို အကောင်းဆုံး သုံးမလဲ ဆိုရင် Online ကနေ ဈေးဝယ်လေ့ မရှိရင် ဒီ App ကို ဖုန်းထဲ မထားပါနဲ့၊ မဟုတ်ရင် Desktop ကွန်ပျူတာ ရှိရင် ကွန်ပျူတာနဲ့ သုံးပါ။ မဟုတ်လို့ ဖုန်းနဲ့မှ ဒီ App ကို သုံးမယ် ဆိုရင်တော့ App ကနေ မသွားပဲ Browser ကနေ ဝင်ကြည့်ပါ။
(၇) Samsung’s Default Apps – Android ဖုန်း အများစုမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဖန်တီးထားတဲ့ App တွေ အလိုအလျောက် ပါရှိကြပါတယ်။ အထူးသဖြင့် Samsung ရဲ့ ဖုန်းတွေမှာ App တွေ အများဆုံး ပါတတ်ပါတယ်။ ဒါပေမယ့် အဲဒီ App တွေကို သင် မသုံးပါဘူး။ ဒါပေမယ့် App တွေက မသုံးသည့်တိုင်အောင် အလုပ် လုပ်နေ ကြပါတယ်။ ဒီ့အတွက် ဘက်ထရီ ပိုကုန်ပါတယ်။
ဘယ်လို အကောင်းဆုံး သုံးမလဲ ဆိုရင် Root မဖောက်ပဲ အဆိုပါ နဂို ထည့်ထားတဲ့ App တွေကို ဖယ်ထုတ် မရပါဘူး။ ဒါဆို အလွယ်အနေနဲ့ သင့်ဖုန်းရဲ့ Setting ကန Applications၊ ပြီးတော့ Application Manager ထဲက All ကို ဝင်ပြီး Samsung Link App ကို ရွေးပါ။ Shwo Noti ခလုတ်ကို ပိတ်လိုက်ပါ။ ပြီးရင် Clear Data ချပါ၊ နောက်ဆုံး Disable ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ရပါပြီ။
(၈) musical.ly – အခု နောက်ပိုင်းတော့ သီးချင်းဆိုဖို့နဲ့ မိမိ ဆိုထားတဲ့ ဗီဒီယိုတွေ Share ဖို့ လူကြိုက်များလာတဲ့ လူမှု ကွန်ယက်တခုပါပဲ။ ဗီဒီယို ဖြစ်လို့ လိုင်းသုံးချိန် ဘက်ထရီစား များသလို ဒီ App ကို မသုံးဘဲ လိုင်းဖွင့်ထားရင်လည်း သူက အလိုအလျောက် ဘက်ထရီစားတာ တွေ့ရပါတယ်။ ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် Facebook နဲ့ Messenger ကို လမ်းညွှန်ခဲ့သလိုပါပဲ musical.ly lite ကို ရှာပြီး မူရင်း App နေရာမှာ အစားထိုး သုံးလိုက်ပါ။
(၉) YouTubem Netflix နဲ့ အခြား ရုပ်သံ App များ – ဗီဒီယိုဖိုင်တွေ တင်ထားသလို ကြည့်ရှုကြတာ ဖြစ်လို့ လိုင်းဆွဲ အားလည်း ပိုသုံးရပြီး ဘက်ထရီစား များပါတယ်။ တချို့က Wi-Fi တွေကနေ တဆင့်ကြည့်ပါတယ်။ ဒါဆို ဘက်ထရီ အားကုန် ပိုမြန်ပါလိမ့်မယ်။
ဘယ်လို အကောင်းဆုံးသုံးမလဲ ဆိုရင် App တွေကို မသုံးဘဲ နေရင်နေ၊ ဒါမှမဟုတ် ရုပ်သံ ကြည့်ချိန် အလင်းဖြာနှုန်း (Resolution) ကို အနိမ့်ဆုံးထားပြီး ကြည့်၊ Bluetooth နားကြပ်ထက် ကြိုးနဲ့ နားကြပ်မျိုး တပ်ဆင် အသုံးပြုပါ။
(၁၀) LionMobi Power Battery and Clean Master – ဖုုန်းစနစ် သန့်ရှင်းရေးနဲ့ ဘက်ထရီ အားထိန်း အကူ App တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အခု LionMobi ကတော့ ဘက်ထရီစား အရမ်းများပါတယ်။ ကံကောင်းတာ တချက်က ပြည်တွင်းမှာ အခု LionMobi ကို အသုံးနည်းကြတာပဲ ဖြစ်ပါတယ်။
ဘယ်လိုအကောင်းဆုံးသုံးမလဲ ဆိုရင် ရွေးချယ်စရာ App အများအပြား ရှိနေတဲ့ ခေတ်မှာ ဖြစ်နိုင်ရင် အခု App ကို မသုံးဘဲ အခြား App တခုခု အစားထိုး သုံးလိုက်ပါ။
Ref: www.makeuseof.com