စီးပွားရေး

ကမ္ဘာ့အမြန်ဆုံး SUV ကားဖြစ်လာတဲ့ Toyota Land Cruiser

ဂျပန် အခြေစိုက်လည်း ဖြစ်ပြီး ပြည်တွင်းမှာလည်း လူကြိုက်အများဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်နေ တဲ့ Toyotaရဲ့ Land Cruiser ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကပဲ ကမ္ဘာ့အမြန်ဆုံး SUV ကားအဖြစ် မှတ်တမ်းတင်နိုင်မှု တရပ် လုပ်ဆောင်မောင်းနှင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ CNNရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒါပေမယ့် အဆိုပါနှုန်းကို စွမ်းဆောင်ရည်ပိုင်း မှတ်တမ်းတင်ဖို့အတွက်သာ မောင်းနှင်ခဲ့တာ ဖြစ်ပြီး ပုံမှန်အိမ်စီး ဇိမ်ခံအဖြစ် အသုံးပြုမှု အနေအထားမှာတော့ အမြန်နှုန်း မြင့်မားစွာ မောင်းနှင်မှု မလုပ်ဖို့ ဆိုထားပါတယ်။

စံချိန်အရတော့ Land Cruiser အနေနဲ့ တနာရီ မိုင် ၂၃၀ ထိအောင် မောင်းနှင်နိုင်လာတာ ဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး SUV ကားအဖြစ်နဲ့ရော လက်ရှိကားမျိုးစုံထဲကနေ ကမ္ဘာ့အမြန်ဆုံးအဖြစ် မောင်းနှင်နိုင်ထားတဲ့ တနာရီ ၂၆၅ မိုင်နှုန်းနဲ့လည်း နီး ကပ်အောင်မြင်မှု ရရှိလာတာ ဖြစ်ပါတယ်။

မော်ဒယ်မှာ ၅.၇ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး သူက မြင်းကောင်ရေ ၃၈၁ကောင်အား ထုတ် လုပ် ပေးနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် အင်ဂျင်စနစ်ကို စွမ်းအင် ထုတ်လုပ်မှု အားကောင်းဖို့အတွက် ပုံမှန် Turbo တွေ ထက် အရွယ်အစား ကြီးမားတဲ့ Turbo ၂ လုံး ထည့်လိုက်ပြီး စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ကာ အဆိုပါ အနေအထားမှာတော့ ပုံမှန်ထက်ကိုပဲ လေးဆမက စွမ်းအင်ထွက်နှုန်း ပိုကောင်းလာပြီး အင်ဂျင်က မြင်းကောင်ရေ ၂၀၀၀ အား ဝန်းကျင်ထိအောင် စွမ်းအင်ထုတ်လုပ်မှု ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

ကနဦး ရည်မှန်းချက်မှာတော့ မော်ဒယ်ကို တနာရီ မိုင် ၂၀၀ နှုန်းလောက် ရအောင် မောင်းနှင်ဖို့ ဖြစ်ပေမယ့် Suspension စနစ်ကိုလည်း ပုံမှန် ဈေးကွက်ထဲက Land Cruiser တွေထက် နည်းနည်း ပြင်ဆင်ပြီး စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စမ်းသပ်မောင်းနှင်သူအဖြစ်နဲ့တော့ NASCAR ကားမောင်းပြိုင်ပွဲဝင်ဟောင်း Carl Edwards က တာဝန်ယူခဲ့ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားက Mojave Air and Space Portမှာ မောင်းခဲ့တာ ဖြစ်ပါတယ်။

အမြန်နှုန်း ဘယ်လောက်ထိ အောင် အမြင့်ဆုံး ရနိုင်မလဲဆိုတာ စမ်းသပ်မောင်းနှင်ခဲ့တာဖြစ်ပြီး အခု စမ်းသပ်မောင်းနှင် ခဲ့တဲ့ကွင်းကတော့ ၂.၅ မိုင်ပဲ အကွာအဝေးရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

၂ ရက်တာ စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ပြီး ပထမနေ့ မောင်းနှင်မှုမှာတော့ Edwards အနေနဲ့ တနာရီ ၂၁၁ မိုင်နှုန်းထိ အောင်ပဲ မောင်းနိုင်ခဲ့ပြီး ဒုတိယနေ့မောင်းနှင်မှုအတွက် အင်ဂျင်နီယာတွေက အင်ဂျင်ပိုင်းမှာ စွမ်းအင်ထုတ်လုပ်မှု တိုးမြှင့် ဖန်တီးလိုက်နိုင်တာကြောင့် တနာရီ မိုင် ၂၃၀ ထိအောင် မောင်းနှင်နိုင်ခဲ့တာပါ။

ယခင်ကတော့ ကမ္ဘာ့အမြန်ဆုံး SUV အဖြစ်နဲ့က Bentley ရဲ့ဈေးကွက်အတွင်း ရောင်းချမှု မရှိဘဲ ကုမ္ပဏီစမ်းသပ်မှုအတွက် ထုတ်လုပ်ထားတဲ့ Bentayga မော်ဒယ်က တနာရီ ၁၈၇ မိုင်နှုန်းနဲ့ အမြန်ဆုံးနှုန်း ရရှိထားတာလည်း ဖြစ်ပါတယ်။

ဈေးကွက်ဝင် မော်ဒယ်တွေထဲက အမြန်ဆုံးအနေနဲ့တော့ VW ရဲ့ နာမည်ကျော် Beetle မော်ဒယ်က ၂၀၁၄ခုနှစ်အတွင်း မြင်း ကောင်ရေ ၅၄၃ ကောင် အားထွက် Beetle Turbo R-Line မော်ဒယ်ခွဲနဲ့ တနာရီ ၂၀၅ မိုင်ထိအောင် အမြန်ဆုံး မောင်းထား တာလည်း တွေ့ရပါတယ်။

Ref: www.cnn.com

Loading