အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်၌ ကျင်းပလျှက်ရှိသော အာဖရိကဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးတွင် အိန္ဒိယနိုင်ငံက အာရှ-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြန် (AAGC) ရည်မှန်းချက် ကြေညာစာတမ်း ကို ထုတ်ပြန်လိုက်သည်။
အာရှနှင့်အာဖရိကကို ဆက်သွယ်မည့် မဟာစီမံကိန်းကြီးဖြစ်သော တရုတ်နိုင်ငံ၏ OBOR အစီအစဉ်နှင့် မရှေးမနှောင်း ထုတ်ပြန်ခဲ့သော ယင်းအစီအစဉ်သည် ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ ပူးတွဲ ရည်မှန်းချက်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းခြင်းဖြင့် ဒစ်ဂျစ်တယ် နည်းပညာ ဆက်သွယ်မှုနှင့်အတူ အရည်အသွေးမီ အခြေခံ အဆောက်အအုံများ အာဖရိကတွင် တည်ဆောင်ရန် ရည်ရွယ်သည်။
ဆယ်စုနှစ်များစွာကြာ အိန္ဒိယနိုင်ငံ၏ အာဖရိကနှင့် ချစ်ကြည်ရင်းနှီးမှု၊ ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး ရင်းမြစ်များ အပေါ် အခြေခံသော (AAGC) သည် အာရှနှင့် အာဖရိကအကြား အားလုံး အကျုံးဝင် သောပုံစံဖြင့် စီးပွားရေးများ၊ စက်မှု လုပ်ငန်းများ၊ မဏ္ဍိုင်အဖွဲ့အစည်းများ၊ အတွေးအခေါ်နှင့် ပြည်သူများတို့၏ ထိရောက်ပြီး ရေရှည်တည်တံ့သော ဆက်သွယ်ရေး ယန္တရားတခုဖြစ်လာစေရန် ရည်ရွယ်သည်။
အာရှနှင့် အာဖရိကတို့တွင် ထုတ်ယူသုံးစွဲခြင်း မပြုရသေးသော ကြီးမားသည့် အလားအလာများစွာ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ထိုဒေသများ၏ ဘုံစီးပွားရေးတိုးတက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနှင့် တည်ငြိမ် ရေး တို့အတွက် ရှာဖွေဖော်ထုတ်ရန်လိုသည်ဟု အရာရှိများက ပြောသည
“AAGC တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၊ အရည်အသွေးမီ အခြေခံ အဆောက်အအုံ နှင့် မဏ္ဍိုင် အဖွဲ့အစည်းချင်း ချိတ်ဆက်ရေး၊ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု မြှင့် တင်ရေး နှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဟူ၍ အစိတ်အပိုင်း ၄ ခုပါဝင်သည်၊ ထိုအစိတ် အပိုင်း ၄ ခုသည် တိုက်ကြီး ၂ ခုလုံးတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင် ရာတွင် ဆက်စပ် အထောက်အကူပြု နေကြသည်” ဟု ထိုကြေညာ စာတမ်းတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ ဂူဂျာရတ်တွင် ကျင်းပသော ထိုအစည်းအဝေးကို အာဖရိကမှ သမ္မတ ၂ ဦးနှင့် ဒု သမ္မတ တဦးတို့ တက် ရောက်သည်။
AAGC အစီအစဉ်သည် တရုတ်နိုင်ငံ၏ OBOR ကို ချိန်ခွင်လျှာညှိရန် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ လုပ်ဆောင် နေသော အင်ဒို-ပစိဖိတ် လွတ်မြောက်ရေးစင်္ကြန် ၏ အစိတ်အပိုင်းလည်း ဖြစ်သလို၊ ဒစ်ဂျစ်တယ် နယ်ပယ်ချင်း ဆက်စပ်မှုသည် အာရှနှင့် အာဖရိကအကြား ဆန်းသစ်တည်ထွင်သော နည်းပညာနှင့် ဝန်ဆောင်မှုများ တိုးတက် ရေးကို အထောက်အကူ ပြုမည်ဖြစ်သည်။
အာရှတိုက် အနေဖြင့်လည်း ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အခြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံများကို အာဖရိကတိုက်နှင့်မျှဝေရန် ရှိသည်ဟု ထိုစီမံကိန်းတွင် ပါဝင်သူများက ဆိုသည်။
အရည်အသွေးမီ အခြေခံအဆောက်အအုံများသည် ပြည်သူများ၊ မြို့များ၊ ဒေသများနှင့် နိုင်ငံများကို ချိတ်ဆက်ပေးပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ပေါ်ထွက်လာစေရန် အထောက်အကူ ပြုမည်ဖြစ်သည်။ AAGC တွင် ထူးခြားသော သွင်ပြင်လက္ခဏာ ၅ ခုရှိသည်။
ယင်းလက္ခဏာ ၅ ခုမှာ ဘဏ္ဍာရေး ရင်းမြစ်များကို ထိရောက်စွာ အသုံးချရေး၊ မိတ်ဖက်နိုင်ငံများနှင့် ဒေသများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးရေး ဗျူဟာများကို ချိန်ညှိပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အပေါ် သက်ရောက်မှုများကို လျှော့ချရန် ထူထောင်ထားသော စံနှုန်းများကို လိုက်နာမှုအရ အရည်အသွေးမြင့် စံနှုန်းများ အသုံးပြုခြင်း၊ စီးပွားရေး စွမ်းဆောင်ရည်၊ ရေရှည်အသုံးပြုနိုင်မှု၊ အားလုံး အကျုံးဝင်ခြင်း နှင့် လုံခြုံမှု၊ သဘာဝဘေး အန္တရာယ်ခံနိုင်ရည်ရှိမှု၊ ရေရှည်တည်တံ့မှု၊ အဆင်ပြေချောမွေ့မှုနှင့် လူမှုဝန်ဆောင်မှုများကို ထည့်သွင်း စဉ်းစားသော အရည်အသွေးမီ အခြေခံ အဆောက်အအုံများ တည်ဆောက်ပေးခြင်း နှင့် ဒေသလူ့အဖွဲ့အစည်းနှင့် စီးပွားရေးကို အကျိုးပြုခြင်းတို့ ဖြစ်သည်။
AAGC က ရည်မှန်းထားသော အရည်အသွေးမီ အခြေခံအဆောက်အအုံများသည် ဒေသသဘာဝ ပတ်ဝန်းကျင်၊ ရပ်ရွာ အသိုင်းအဝန်း၊ ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် လိုက်လျှောညီထွေ ရှိမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် အထူးသဖြင့် အာဖရိကတွင် ဒေသခံများ၏ ခံစားချက်များကို လျစ်လျှူရှုသော စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်သည်ဟု မကြာခဏ စွပ်စွဲခံရသည်။
အိန္ဒိယနိုင်ငံသည် စွမ်းရည်မြှင့်တင်ခြင်း နှင့် Pan Africa e-Network ကဲ့သို့သော အစီအစဉ်များ မှတဆင့် လူမှုကဏ္ဍ တိုးတက်ရေးကို အကျိုးပြုခြင်းတို့တွင် အာဖရိကနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ရှည်ကြာသော အစဉ်အလာရှိသည်။
သွင်းကုန် ထုတ်ကုန်ဘဏ် EXIM Bank သည် ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေလုပ်ငန်းများ ဆောင်ရွက် ရာတွင် ဦးဆောင် အဖွဲ့အစည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဈေးနှုန်းသက်သာ၊ သင့်တင့်လျှောက်ပတ်ပြီး လိုသလို ပြုပြင်နိုင်သော နည်းပညာများ ပံ့ပိုးရာတွင် ထူးခြားသည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီမံကိန်းများ အကောင်အထည် ဖော်ခြင်းနှင့် နည်းပညာ စွမ်းရည် တည်ဆောက်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နေသည်ဟု အရာရှိများက ပြောသည်။
(The Economic Times တွင် ဖော်ပြထားသော Dipanjan Roy Chaudhury ၏ India, Japan come up with AAGC to counter China’s OBOR သတင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)