Samsung ရဲ့ မော်ဒယ်သစ် Galaxy S8 မှာ ပါရှိတဲ့ မျက်ကြည်လွှာဖတ်စနစ် Iris Scanner အနေနဲ့ လုံခြုံစိတ်ချရမှု မရှိဘူး လို့ ဂျာမနီ ဟက်ကာအဖွဲ့ တဖွဲ့ကနေ ဖုန်းကို စမ်းသပ် ခိုးဝင်နိုင်တဲ့ နည်းလမ်း ရုပ်သံကို အွန်လိုင်းမှာ ထုတ်လွှင့်လာတာ တွေ့ရပါတယ်။ အဆိုပါ ရုပ်သံမှာ ဖုန်းကို မျက်ကြည်လွှာ ဖတ်စနစ်ကနေ ခိုးဝင်ဖို့ အတွက် ပိုင်ရှင်ရဲ့ ဓာတ်ပုံနဲ့ Contact Lens ကနေ ဝင်နိုင်တဲ့ နည်းလမ်းကို ရုပ်သံနဲ့ ပြသ လွှင့်တင်ခဲ့တာပါ။
ဒါပေမယ့် အဆိုပါ ရုပ်သံနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် အနေနဲ့ကတော့ တောင်ကိုရီးယား အခြေစိုက် Samsung က တကယ့် လက်တွေ့မှာ အဆိုပါ ရုပ်သံပါ နည်းလမ်း အတိုင်း ဖုန်းကို ခိုးဝင်ဖို့ မလွယ်ဘူး လို့ ပြန်လည် ပြောကြားလာတာ တွေ့ရပါတယ်။
သင့် အနေနဲ့ ရုပ်သံထဲကလို နည်းအတိုင်း S8 ကို မျက်ကြည်လွှာဖတ် စနစ်ကနေ ခိုးဝင်မယ် ဆိုရင် အရင်ဆုံး ရုပ်သံမှာ ပါတဲ့ နည်းလမ်း အတိုင်း အနီအောက် ရောင်ခြည်လို အရာကိုပါ ဖမ်းယူ ရိုက်ကူးနိုင်တဲ့ ကင်မရာ လိုမယ်၊ ဒီကင်မရာမျိုးက ဈေးကွက်မှာ လွယ်လွယ်ရဖို့ မလွယ်ပါဘူး။ ပြီးတော့ အဆိုပါ ကင်မရာနဲ့ ဖုန်းရဲ့ ပိုင်ရှင်ဆီကနေ မျက်လုံးကို ထိထိမိမိ ရိုက်ကူးနိုင်ရမယ်၊ ပြီးတော့မှ သူ့ဖုန်းကို ရအောင် ယူပြီး မျက်ကြည်လွှာဖတ် စနစ်ကနေ ခိုးဝင်ရမှာပါ။ ဒီအချက်တွေဟာ လက်တွေ့ ဘဝမှာ ဖြစ်လာဖို့ မလွယ်ကူပါဘူးလို့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
အခု S8 ရဲ့ မျက်ကြည်လွှာဖတ် စနစ်ကို ခိုးဝင်နိုင်တဲ့ နည်းလမ်းကို ပြသလာတဲ့ ဟက်ကာအဖွဲ့ ကတော့ ၁၉၈၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ဂျာမနီအဖွဲ့ တဖွဲ့ဖြစ်ပြီး Chaos Computer Club CCC အဖြစ် လူသိများပါတယ်။ သူတို့က အထက်မှာ ပြောခဲ့သလို Contact Lens ပါ ကင်မရာနဲ့ ဖုန်းပိုင်ရှင်ရဲ့ မျက်ကြည်လွှာ စနစ်ကို သေချာ ရိုက်ယူပြီး ပိုင်ရှင်ရဲ့ မျက်လုံး ပုံစံ ဖန်တီးရယူကာ ဖုန်းရဲ့ စနစ်ထဲကို ခိုးဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ CCC အဖွဲ့ဝင်ထဲက တယောက်ဖြစ်တဲ့ Dirk Engling ကတော့ မျက်လုံးတခုရဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူဖို့ လွယ်ကူတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရယူ ပုံရိပ်ကို Print ထုတ်တဲ့ အခါမှာ သူတို့ အနေနဲ့ Samsung ကနေ ထုတ်လုပ်တဲ့ Laser Printer ကိုပဲ အသုံးပြုခဲ့ပြီး အလွယ်တကူ ထုတ်ယူ ရရှိခဲ့တယ် လို့ ဆိုပါတယ်။
ကုမ္ပဏီကတော့ အခုလို ခိုးဝင်နည်းဟာ လူတိုင်း လုပ်နိုင်ဖို့ မလွယ်ကူ သလို လိုအပ်တဲ့ ကင်မရာနဲ့ အခြား ပစ္စည်းတွေ ကလည်း လွယ်လွယ် မရနိုင်ဘူးလို့ ဖြေရှင်းလာတာ ဖြစ်ပါတယ်။ ပြီးတော့ Samsung အနေနဲ့ ဟက်ကာတွေရဲ့ အခုလို ခိုးဝင်မယ့် နည်းလမ်းတွေကို ကြိုသိထားတာကြောင့် အလွယ်စနစ် တခု အနေနဲ့ ထည့်သွင်း ဖန်တီးထားခြင်းမျိုး မဟုတ်ဘူး လို့ ဆိုပါတယ်။ အခု CCC ရဲ့ ခိုးဝင်နည်း အတိုင်း ကျနော်တို့ ဝင်ကြည့်ချိန်မှာလည်း အမှန်တကယ် ဝင်လို့ မလွယ်တာမျိုး၊ ပိုင်ရှင်ရဲ့ မျက်လုံးစနစ် အတိုင်း ထပ်တူ ဖြစ်မယ့် ပုံရိပ် ရယူနိုင်ဖို့ ခက်ခဲတာ တွေ့ခဲ့ရပါတယ်။
Ref: www.m.gadgets.ndtv.com