ဦးအောင်မျိုးမင်းဒင် သည် ကိုယ်တိုင် ကြိုးစားအားထုတ် ကြွယ်ဝလာသူ ဖြစ်သည်။ အသက် ၅၀ ပင် မပြည့်သေး သော်လည်း မြန်မာဟိုတယ်လုပ်ငန်းစု တခုဖြစ်သော Amazing Hotels & Resorts တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်ပြီး ထို ဟိုတယ်လုပ်ငန်းသည် အဝတ်စုတ်သာသာ ဘဝမှ ချမ်းသာကြွယ်ဝလာသော ဇာတ်လမ်း သို့မဟုတ် အလုပ် ကြိုးစားမှု၏ အသီးအပွင့်ကို အံ့သြဖွယ်ရာ သက်သေပြခြင်းဟု ဆိုနိုင်သည်။
ထိုဝါရင့် စီးပွားရေး လုပ်ငန်းရှင်ကြီးသည် လတ်တလော ဟိုတယ်နှင့် အပမ်းဖြေစခန်း ၁၂ ခု၊ ဂေါက်ကွင်း ၂ ခု၊ စားသောက်ဆိုင် ၂ ခုနှင့် ခရီးသွားလုပ်ငန်း တခုတို့ကို လုပ်ကိုင်နေသည်။ ၎င်း၏ စီမံကိန်းသစ်များတွင် ရန်ကုန်မှ အခန်း ၃၂၉ ခန်းပါ ဟိုတယ်တခု၊ အခန်း ၈၇ ခန်းပါ ဝန်ဆောင်မှု တိုက်ခန်းတွဲ တခု၊ အင်းလေးတွင် ပထမအဆင့် အနေဖြင့် အခန်း ၃၂ ခန်းပါဝင်သော အပမ်းဖြေစခန်းတခု နှင့် ငပလီတွင် အပမ်းဖြေစခန်းတခု ပါဝင်သည်။ ထို ဟိုတယ် လုပ်ငန်းစုသည် ဝန်ထမ်းပေါင်း ၁၃၃၉ ဦးကို ခန့်ထားသည်။
စီးပွားရေး လုပ်ငန်းရှင်တဦး အနေဖြင့် ဦးအောင်မျိုးမင်းဒင် သည် စိန်ခေါ်မှုနှင့် တွေ့ကြုံရလျှင် အကောင်းဆုံး အလုပ် လုပ်နိုင်သည်။ ပြည်တွင်း ခရီးသွား လုပ်ငန်း၏ ပြင်းထန်သော ယှဉ်ပြိုင်မှုကို သူက အပြုသဘော မြင်သည်။ “ယျေဘုယျ အားဖြင့် ပြောရရင် မြန်မာနိုင်ငံမှာ စီးပွားရေး ထွန်းကားနေတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းများ လာလေလေ၊ ယှဉ်ပြိုင်မှု များလာလေလေ ပဲ” ဟု သူက Bangkok Post သတင်းစာသို့ ပြောသည်။
“ကျနော်တို့က ရောင့်ရဲကျေနပ်နေတာ မဟုတ်ပေမယ့် ကျနော်တို့ရဲ့ အားသာမှုက ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံ ပါပဲ။ ကျနော်တို့ အဓိက အာရုံစိုက်တာက ကျနော်တို့ ဖောက်သည်တွေ စိတ်တိုင်းကျစေဖို့ ဖြစ်တဲ့ အတွက် ကျနော်တို့ရဲ့ ဟိုတယ်လုပ်ငန်း အမှတ်တံဆိပ်ဟာ ဆက်လက် အောင်မြင်နေတယ်။ ဒါ အံ့သြစရာတော့ မဟုတ်ပါဘူး” ဟုလည်း သူက ဆက်ပြောသည်။
ထိုကုမ္ပဏီ၏ ဝင်ငွေ အရရှိဆုံး လုပ်ငန်းများတွင် ၂၀၁၇ ခုနှစ် အတွက် မျှော်မှန်းထားသော အခန်း ငှားရမ်းနိုင်မှုတွင် အင်းလေးတွင် ၆၈ ရာခိုင်နှုန်း၊ ပုဂံတွင် ၆၅ ရာခိုင်နှုန်း နှင့် ငပလီတွင် ၈၈ ရာခိုင်နှုန်း စသဖြင့် ပါဝင်သည်။ ချောင်းသာ ကမ်းခြေမှ လုပ်ငန်း အတွက် ပြည်တွင်းဈေးကွက်မှ ၂ ဆ နီးပါးရမည် ဟု မျှော်လင့်ထားသည်။
မည်သည့် ဟိုတယ်လုပ်ငန်းရှင် အတွက်မဆို ခရီးသွားလုပ်ငန်း အဓိက ဒေသများမှ အချက်အချာ ကျသော နေရာများကို ဈေးပေါပေါ ရနိုင်မည် မဟုတ်သကဲ့သို့ မြေဈေးနှုန်း ကြီးသော မြန်မာနိုင်ငံတွင် စီးပွားရေး အလျင်အမြန် တိုးတက်လာမှုကြောင့် ပို၍ပင် တိုးမြင့်လာနေသည်။
“မြေဈေးတွေက တက်လာတော့ စီမံကိန်း အကောင်အထည် ဖော်တဲ့ စရိတ်လည်း တက်လာတယ်။ ဒါပေမယ့် မြေဈေးက လွန်ခဲ့တဲ့ ၂ နှစ်လောက် အတွင်းမှာ တန့်နေပြီး မြေမှာ ရင်းနှီးမြှပ်နှံရတာ ပိုပြီး တည်ငြိမ်လာတယ်။ အနာဂတ် မြေဈေးက ဆက်ပြီး တက်လိုက်ကျလိုက် ဖြစ်နေဦးမှာပဲ။ ဒီ အတက်အကျတွေကို ဖြစ်စေမယ့် အဓိက အကြောင်းရင်းကတော့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေပါပဲ” ဟုလည်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဆောင်မြင်ရေး အတွက် လိုအပ်ချက်များနှင့် ပတ်သက်ပြီး သူက “မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းထူထောင်လိုတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အလျင်အမြန် တိုးပွားလာတာ တွေ့ရတဲ့ အတွက် ဖက်စပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ဂရုတစိုက် အကောင်အထည်ဖော်ဖို့ အကြံပြုရမှာပါပဲ။ ဥပမာ ပြောရရင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြည်တွင်း လုပ်ငန်းတွေ မသေရုံတမယ် အသက်ဆက်နိုင်ရုံ အခြေအနေ ဖြစ်မနေစေဖို့ အတွက် သူတို့ကို ဦးစားပေးပြီး အကာအကွယ် ပေးသင့်တယ်။ လုပ်ငန်းရှင်တွေ၊ ခရီးသည်တွေ နှစ်ဖက်စလုံးရဲ့ ကောင်းရာကောင်းကျိုး အတွက် အာမခံ ပေါ်လစီတွေကို ကြီးကြပ်ဖို့ နောက်ထပ် ဥပဒေတွေကို အကောင်အထည် ဖော်သင့်တယ်” ဟု မှတ်ချက်ချသည်။
အသက် ၄၈ နှစ် အရွယ် စီးပွားရေး လုပ်ငန်းရှင်၏ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခု အတွင်း အလားအလာ ကောင်းသော နေရာများ ရှာဖွေနိုင်သော ကျွမ်းကျင်မှုကို ခိုင်မာသော ကျွမ်းကျင်သူများအဖွဲ့က ပံ့ပိုးနိုင်ခြင်းသည် ထိုလုပ်ငန်း၏ အောင်မြင်မှုကို အကြီးအကျယ် အထောက်အကူ ပြုသည်။ ထိုပြည်တွင်း ဟိုတယ်အုပ်စုကို ၎င်းနှင့်အတူ ဦးဆောင်နေ သူများမှာ မန်နေဂျင်းဒါရိုက်တာ ဦးဇေယျမင်းဒင်နှင့် အထွေထွေမန်နေဂျာ ဒေါ်လှိုင်လှိုင်ဝင်းတို့ ဖြစ်သည်။
အမြဲ အလုပ်များနေသော ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် ကို သူ နောက်ဆုံး ဝယ်ယူထားသည့် နေရာများ အနက်တခု ဖြစ်သည့် Amazing Kengtong Resort ကို ပြန်လည်ပြုပြင်ရာတွင် ကြီးကြပ်နေစဉ် Asia Focus စာစောင်မှ အဖွဲ့က သွားရောက် တွေ့ဆုံခဲ့သည်။ အတိတ်အကြောင်း ပြန်ပြောင်း ပြောပြရာတွင် အတော်အတန် ပွင့်လင်းပြီး သူ ၆ နှစ်သားက သူ၏ ဖခင် အသက် ၅၅ နှစ် အရွယ်တွင် မည်သို့ သေဆုံးခဲ့သည်ကို ပြောပြသည်။ မိခင် ဖြစ်သူမှာ အသက် ၄၀ ကျော်ကျော်သာ ရှိသေးချိန်တွင် ကလေး ၇ ယောက်နှင့် မုဆိုးမ ဖြစ်ခဲ့ရသည်။ ထို အောင်မျိုးမင်းဒင်မှာ ထိုကလေးများအနက် အငယ်ဆုံးဖြစ်သည်။
“စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ လုပ်လာပြီးတော့ ကျနော့် အဖေက တပ်က ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး စက်ရုံ အသေးလေး တခု စတင်လုပ်ကိုင်တယ်” ဟု သူက ပြန်ပြောပြသည်။ “နာရေးကာလ ကုန်ဆုံးတော့ အမေက ကျနော်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ချက်တွေကို သူတယောက်တည်း ဖြည့်ဆည်းဖို့ အလုပ်ကြိုးစားမယ် လို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်ကြိုးစားခြင်းဟာ တနေ့တာ ကုန်ဆုံးတဲ့ အခါ အမှန်တကယ် အကျိုးပေးတယ် ဆိုတာကို အမေက ကျနော်တို့ကို သက်သေပြခဲ့တယ်။ တခါတလေ မြန်မြန် အကျိုးပေးတာလည်း ရှိတယ်၊ တခါတလေ အချိန် စောင့်ရတာလည်း ရှိတယ်” ဟု သူက ဆက်ပြောသည်။
“အမေဟာ ကျနော့် အတွက် ခွန်အားပဲ။ အထူးသဖြင့် ကျနော် စီးပွားရေး စတင်လုပ်ကိုင်ပြီး လုပ်ငန်းကို ရှင်သန်အောင် လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ သိလာတဲ့ အခါမှာ ပေါ့” ဟုလည်း သူက ပြောသည်။
စက်ရုံကို သူ၏ အစ်ကို တယောက်က စီမံခန့်ခွဲရာမှ ရလာသောဝင်ငွေနှင့် ဈေးအတွင်း အခြားစီးပွားရေး လုပ်ငန်းတခုမှ ရသော ဝင်ငွေတို့သည် အိမ်ထောင်ဦးစီး ကွယ်လွန်ပြီးနောက် စိတ်ကျဝေဒနာ ခံစားနေရသော မိခင်ဖြစ်သူနှင့် အခြား ညီအစ်ကိုမောင်နှမများကို ဆက်လက်ရှင်သန်စေခဲ့သည်။
အထီးကျန် စစ်အုပ်ချုပ်ရေး၏ ဆိုရှယ်လစ်ခေတ်တွင် လူလားမြောက် လာရသောကြောင့် သူ၏ သူငယ်ချင်းများသည် သူ့ထက် ပိုမိုကြွယ်ဝချမ်းသာသည် ဟု မခံစားရသလောက်ပင် ဖြစ်သည်ဟု အတိတ်က သူ ယုံကြည်ခဲ့သည်။ နိုင်ငံရေး အခြေအနေ ပြောင်းလဲလာပြီး ကျောင်းသားများ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများ ၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် ပေါ်ပေါက်လာသော အခါ အမြင် သဘောထားများလည်းပြောင်းလဲ လာသည်။
ထိုအချိန်သည် သူ အိမ်ထောင်ပြုရန် ဆုံးဖြတ်လိုက်သော အချိန်လည်း ဖြစ်သည်။ အသက် ၂၂ နှစ် တက္ကသိုလ် တတိယနှစ် တက်နေချိန်ဖြစ်သည်။ အပြုသဘော ဆောင်သော အမြင် ရှိခြင်းသည် ကုန်ကျစရိတ် ရှာဖွေနိုင်ရုံမျှသာ မက သူ၏ အသက်မွေးဝမ်းကျောင်းတခုနှင့် နောက်ဆုံး မြန်မာနိုင်ငံ အတွက် ခရီးသွားလုပ်ငန်း ထူထောင်ရန် အခွင့်အလမ်း တခုကိုပါ ဖန်တီးပေးခဲ့သည်။
ဦးအောင်မျိုးမင်းဒင် နှင့် သူ၏ ဇနီးတို့သည် ဖရောင်းတိုင်စက်ရုံ တရုံ တည်ထောင်ကြသည်။ ၁ နှစ်အတွင်း မိသားစု အတွက် ကား ၁ စင်း ဝယ်နိုင်သည်။ ကားတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို လက်ငင်း ပေးရပြီး ကျန်ငွေကို ၆ လ အကြွေး စနစ်ဖြင့် ပေးရသည်။ ကားဝယ်ရခြင်း၏ တခုတည်းသော အကြောင်းရင်းမှာ ကမ္ဘာလှည့်ခရီးသည်များကို မြို့တွင်း ပို့ဆောင်ပေးရန် ဖြစ်သည်။ ထိုလုပ်ငန်းသည် သူ၏ အစ်ကို တဦး တွက်ခြေကိုက်နေပြီးသော လုပ်ငန်း ဖြစ်သည်။
“နားလည်မှု ရှိပြီး တကယ်ကောင်းတဲ့ ဘဝလက်တွဲဖော် ရထားတာ ကျနော် ကံကောင်းတယ်။ သူက ကျနော့်ကို အမြဲ အထောက်အကူ ပြုတယ်။ ကျနော် ဘာလုပ်ဖို့ပဲ ဆုံးဖြတ်ဖြတ် သူက ကျနော့်ဘက်မှာ အမြဲရှိတယ်။ အခု ကျနော် အလုပ်နဲ့ ပြည်တွင်း၊ ပြည်ပ အကုန် သွားနေရတယ်။ ဒါကြောင့် ၁ လလုံးနေမှ အိမ်မှာ ၃၊ ၄ ရက်လောက်ပဲ နေနိုင် တယ်။ သူ ဘာမှ မပြောဘူး။ သူက ကမ္ဘာမှာ အငြိမ်းချမ်းဆုံးသူပါပဲ။ ဘာအတွက်မှ စိတ်အနှောင့်အယှက် မဖြစ်ဘူး” ဟုလည်း ဆိုသည်။
အပိုဝင်ငွေ အတွက် ကမ္ဘာလှည့် ခရီးသွားများကို ကားမောင်း ပို့ဆောင်စဉ် သူ၏ဇနီးက ဖရောင်းတိုင် စက်ရုံကို စီမံသည်။ လင်မယား နှစ်ယောက်လုံး မမောမပန်း အလုပ် လုပ်ကြသည်။ ပထမဆုံး ကလေးကို ကိုယ်ဝန်ဆောင် ထားစဉ် မီးမဖွားမီ နေ့အထိ အလုပ် လုပ်သည်။ “ကျနော်က မနက် ၂ နာရီမှာ အိပ်ယာထဲ ရောက်တယ်။ နောက် ၁ နာရီလောက် ကြာတော့ သူက ဗိုက်နာလို့ ကျနော့်ကို ဆေးရုံလိုက်ပို့ခိုင်းဖို့ စက်ရုံကနေ အိမ်ကို ပြန်လာတယ်။ ကျနော့် အမေနဲ့ ကျနော့်ဇနီးတို့ဟာ ကျနော့်ကို စီးပွားရေး လုပ်ငန်းရှင်တယောက် အဖြစ်သာမက လူသားတယောက် အဖြစ်ပါ စိတ်အားထက်သန်မှုတွေ ပေးနိုင်လို့ ကျနော် ဂုဏ်ယူတယ်။ သူတို့တွေဟာ ကျနော့်ဘဝရဲ့ အမှောင်ဆုံးနေ့တွေမှာ ခွန်အား မဏ္ဍိုင်တွေ ဖြစ်တယ်” ဟုလည်း သူက ပြောသည်။
ကမ္ဘာလှည့် ခရီးသည်များကို နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်နှင့် ပတ်ဝန်းကျင် နေရာများသို့ ၁ နှစ် ကြာမျှ ကားမောင်း ပို့ဆောင်ခဲ့ပြီးနောက် သူသည် Adventure Myanmar Travel ခရီးသွားလုပ်ငန်းကို ၁၉၉၃ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည်။ ထိုစဉ်က သူသည် အသက် ၂၄ နှစ်သာ ရှိသေးသည်။ သူ့တွင် ငွေရင်းလုံလုံလောက်လောက် ရှိကြောင်း အစိုးရအာဏာပိုင်များကို ပြသရန် အတွက် သူသည် သူငယ်ချင်းတယောက်ထံမှ ငွေကို တရက်တာ ချေးငှားရသည်။
“ကိုယ်ပိုင်ကုမ္ပဏီ ထောင်ဖို့ စိတ်ကူးက မမျှော်လင့်ပဲ ဖြစ်လာတာ။ လေဆိပ်မှာ ဧည့်သည် စောင့်နေတုန်း မမျှော်လင့်ဘဲ တွေ့တဲ့ သူငယ်ချင်းတယောက်က ကျနော့်ကားက ဟောင်းလို့ ငှားမစီးဘူးလို့ ပြောလို့ ကျနော် သိမ်ငယ်ရပြီး ဧည့်သည်ရဖို့ နေ့တဝက်လောက် စောင့်လိုက်ရပြီးနောက် လုပ်ဖြစ်သွားတာပါ ဟုလည်း သူက ပြောသည်။
“နောက်နေ့ကျတော့ ရှေ့နေတယောက်ဆီ သွားပြီး ကျနော့် ကိုယ်ပိုင် ခရီးသွားလုပ်ငန်း ဘယ်လိုထူထောင်ရမလဲ ဆိုတာ တိုင်ပင်တာပဲ။ ကျန်တာကတော့ ကျနော် နောက် ၇ နှစ်လောက် Adventure Myanmar Travel ကို ဘယ်လို စီစဉ်ခဲ့တယ် ဆိုတဲ့ သမိုင်းပေါ့။ ဒီနောက်မှာတော့ ဟိုတယ်လုပ်ငန်းက လက်ယပ်ခေါ်နေပြီ” ဟု သူက ဆက်ပြောသည်။
သူနှင့် သူ့ဇနီးတို့ ဝင်ငွေရရန် လုပ်ဆေင်ခဲ့သော ဖရောင်းတိုင်စက်ရုံ လုပ်ငန်းနှင့် မတူဘဲ ခရီးသွားလုပ်ငန်းတွင် ဝန်ထမ်းများ ခန့်ထားရန် လိုသည်။ “ခရီးသွားလုပ်ငန်း အတွက် အရင်းအနှီး ရအောင်လို့ ဖရောင်းတိုင်စက်ရုံကို ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ၁ နှစ်လောက် ကြာတော့ ဝန်ထမ်း ၁၂ ယောက် ငှားနိုင်လာပြီ။ မြန်မာနိုင်ငံဟာ စွန့်စားခန်းတွေ များတဲ့ နိုင်ငံပဲလို့ ကျနော် လိုက်ပို့ဖူးတဲ့ ကမ္ဘာလှည့်ခရီးသည် တယောက်က ပြောလို့ Adventure Myanmar Travel လို့ အမည်ပေးလိုက်တာ။ ဒီနေ့ ကျနော့် ခရီးသွား လုပ်ငန်းဟာ မြန်မာနိုင်ငံက ထိပ်တန်း ၃ ခုထဲမှာ ပါနေတာ ကျနော့်တို့ဆီ လာတဲ့ ခရီးသည်တွေနဲ့ ဝန်ထမ်းတွေကြောင့် ပါ” ဟုလည်း သူက ဆိုသည်။
Adventure Myanmar ကို တည်ထောင်ပြီးနောက် ၆ နှစ် ကြာသောအခါ သူ၏ ပထမဆုံးဟိုတယ်ကို တောင်ငူမြို့တွင် ဝယ်ယူရန် ဦးအောင်မျိုးမင်းဒင် ဆုံးဖြတ်လိုက်သည်။ ထိုဟိုတယ်ကို Hotel Amazing Kaytu ဟု အမည်ပေးထား သည်။ ထိုနေရာကို ရွေးချယ်ရခြင်းမှာ ရန်ကုန်သို့ မသွားမီ တညတာ တည်းခိုနေထိုင်လိုသော ခရီးသွားများ အတွက် အဆင့်အတန်းမီ တည်းခိုရန် နေရာ တောင်ငူတွင် လွန်စွာ လိုအပ်နေသောကြာင့် ဖြစ်သည်။
သူက သူ၏ ဟိုတယ်လုပ်ငန်းခွဲသစ်ကို Amazing Holidays Hotels & Resorts ဟု အမည်ပေးသည်။ အံ့သြဖွယ်ရာ ဟူသော စကားလုံးသည် ထူးခြာေးသာ အဓိပ္ပာယ် ရှိရုံသာမက မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း လွန်စွာ အောင်မြင်မှုဆောင်ပုဒ် Amazing Thailand ၏ စေ့ဆော်မှုကြောင့်လည်းပါသည်။
မည်သည့် ဟိုတယ်လုပ်ငန်းမဆို၏ အောင်မြင်မှု အတွက် ကံကောင်းရုံသာမက လုပ်ငန်းကို နောက် တဆင့်တက်ရန် လုပ်ဆောင်ပေးမည့် ခိုင်မာသော အဖွဲ့တခုလည်း လိုကြောင်း သူဝန်ခံသည်။
သူ့အပြင် ဟိုတယ်များတွင် နှစ်ပေါင်းများစွာ အင်ဂျင်နီယာချုပ် အဖြစ် လုပ်ကိုင်ခဲ့ဖူးသော သူ၏ အကို ဦးဇေယျ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့သော မြန်မာနိုင်ငံဖွား ဗိသုကာပညာရှင် ဒေါက်တာချိုဦး တို့သည်လည်း သူ၏ ဟိုတယ်လုပ်ငန်း လက်ရှိ အနေအထားအထိ အောင်မြင်ရန် ကူညီခဲ့ကြသည်။
“ဧည့်သည် ဝန်ဆောင်မှုဟာ ကျနော်တို့ လုပ်ငန်းရဲ့ အဓိကပဲ။ ဒါကြောင့် ဧည့်သည်တွေကို စာနာဖို့ ကျနော် ဝန်ထမ်းတွေကို အမြဲ ပြောတယ်။ ဒါဟာ ဒုံးပျံ သိပ္ပံပညာ မဟုတ်ဘူး။ စာနာမှုဟာ အများကြီး ရေးပါကြောင်း နားလည်ရင် အလုပ် လုပ်ရတာ အများကြီး လွယ်ကူသွားပြီ” ဟုလည်း သူ၏ အတွေ့အကြုံကို ရှင်းပြသည်။
“ဝန်ထမ်းတွေရဲ့ အပြုအမူဟာ ဧည့်သည်တွေက မြန်မာပြည်သူတွေကို ဘယ်လို မြင်တယ် ဆိုတဲ့ အပေါ် သက်ရောက်မှု အများကြီး ရှိတယ်။ ဒါကြောင့် ကျနော် သူတို့ကို အမြဲ အားပေးတယ်… အရည်အသွေးမီ ဝန်ဆောင်မှုစိတ် ရှိတဲ့ သူတွေ ဖြစ်ဖို့ပေါ့” ဟုလည်း သူက ဆိုသည်။
“ကျနော့် ဝန်ထမ်းတွေ အနေနဲ့ ဧည့်သည်တွေကို အမှတ်တရ ဖြစ်စေမယ့် အတွေ့အကြုံတွေ ပေးဖို့ ဆိုတာ သူတို့ ကိုယ်တိုင်လည်း လုပ်နေရတဲ့ အလုပ်မှာ ပျော်ဖို့ လိုတယ်။ ဒါကြောင့် သူတို့ရဲ့ ကူညီပံ့ပိုးမှုနဲ့ ကြိုးစားအားထုတ်မှု မရှိရင် အောင်မြင်မယ် လို့ ကျနော် မယုံကြည်ဘူး” ဟုလည်း သူက ပြောသည်။
သူ၏ ဝန်ထမ်းများအနေဖြင့် စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိပြီး သူတို့၏ အမြင်ကို ထုတ်ဖော် ပြောဆိုရန် စိုးရွံ့ခြင်း ရှိမည် မဟုတ် ဟုလည်း သူက မျှော်လင့်နေသည်။
“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့သြတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။
(Bangkok Post ၏ Asia Focus ကဏ္ဍတွင် ဖော်ပြထားသည့် Amazing Achievement ကို ဘာသာပြန်သည်။)