လစဉ်ဝင်ငွေ ကျပ်တသိန်းခွဲ ရှိလျှင် Visa ကတ် ဧရာဝတီဘဏ် ထုတ်ပေးမည်
ဧရာဝတီဘဏ်က သုံးစွဲသူများအတွက် ပိုမိုကျယ်ပြန့်သည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အဖြစ် Visa ကတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်က အင်္ဂါနေ့တွင် ကြေညာခဲ့ကြောင်း Nikkei Asian Review သတင်းအရ သိရသည်။
ထို့အပြင် အကြွေးဝယ် Credit ကတ်များကို Silver၊ Gold နှင့် Platinum ဟူ၍ အမျိုးအစား ၃ မျိုး ထုတ်ပေးမည် ဖြစ်ကြောင်း၊ လူအများဆုံး သုံးစွဲနိုင်သည့် ကတ်ကို လစဉ် ဝင်ငွေ ကျပ် ၁၅၀,၀၀၀ ရှိလျှင် လျှောက်ထားနိုင်ပြီး နှစ်စဉ်ကြေးမှာ ကျပ် ၂၀,၀၀၀ ဖြစ်ကြောင်း သိရသည်။
အခြားသော ဘဏ်များတွင် Visa ကတ် လျှောက်ထားရန် အတွက် လစဉ်ဝင်ငွေ ၃၀၀,၀၀၀ ကျပ်မှ ၄၀၀,၀၀၀ ကျပ် အထိ လိုအပ်ေည်။ ထိုသို့ ကန့်သတ်ချက်ကို လျှော့ချလိုက်သဖြင့် အကြွေးဝယ်ကတ်များကို ဝင်ငွေများသူများ သာမက အခြားသူများလည်း သုံးစွဲနိုင်မည်ဟု ဧရာဝတီဘဏ်က မျှော်လင့်နေသည်။
ထို့ အပြင် ဝန်ဆောင်မှု သုံးစွဲသူများ အနေဖြင့် ထိုအကြွေးဝယ်ကတ်များကို အဆင့်မြင့် ဟိုတယ်များတွင်သာမက အိမ်သုံးပစ္စည်း များနှင့် ဓာတ်ဆီ ဆိုင်များတွင်ပါ အသုံးပြုနိုင်ရန်လည်း စီစဉ်ထားသည်ဟု ပြောခွင့်ရသူ တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဝင်ငွေ အပေါ်အခြေခံပြီး ငွေထုတ်သုံးခွင့် ကန့်သတ်မှု စတင်သည်မှာ မကြာသေးသည့် ကာလ အတွင်း ယခုကဲ့သို့ နိုင်ငံတကာ အကြွေးဝယ်ကတ်များထုတ်ပေးခြင်း ဖြစ်သည်။ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း ကြောင့် ဇန်နဝါရီလမှ စတင်ပြီး Visa ကတ်များ အသုံးပြုနိုင်ခဲ့သည်။ လွန်ခဲ့သောနှစ်အထိ လူအများစုမှာ ငွေအပ်နှံ ထားသလောက်သာ သုံးနိုင်သော ကြိုတင် ငွေအပ်ထားရသော Debit ကတ်များကိုသာ အသုံးပြုကြသည်။
ပြည်ပထုတ် အကြွေးဝယ်ကတ်များဖြင့် ငွေပေးချေခြင်းကို အရပ်သား အုပ်ချုပ်ရေးသို့ ကူးပြောင်းပြီး ၁ နှစ် အကြာ ၂၀၁၂ ခုနှစ်က စတင်ခဲ့သည်။ လက်ရှိအချိန်တွင် Visa ကတ်များကို နိုင်ငံတဝန်း နေရာပေါင်း ၇,၀၀၀ ခန့်တွင် အသုံးပြု နိုင်ပြီး အသုံးပြုနိုင်သော နေရာ အရေအတွက် တိုးပွားလာမည် ဟု မျှော်လင့်ရသည်။