ဈေးကွက်မှာ ဘယ်လို အောင်မြင်မှုရရှိအောင် ဖန်တီး ရောင်းချရမလဲ ဆိုတာ ကောင်းကောင်း သိလာတဲ့ HTC ရဲ့ မော်ဒယ်သစ် U11 ကတော့ ကင်မရာစွမ်းဆောင်ရည် အထူးကောင်းမွန်တယ်၊ ဒီဇိုင်းနဲ့ ဖန်တီးမှု အားကောင်းတယ်၊ သွက်လက်တဲ့ ဖုန်းအသုံးပြုနိုင်မှု ပေးနိုင်တယ်၊ ဘက်ထရီ သက်တမ်း ရှည်ကြအောင် သုံးနိုင်တယ် ဆိုတဲ့ အားသာချက် တွေနဲ့ ပွဲထွက်လာပါတယ်။ ဒါပေမယ့် iPhone တွေကိုပဲ အားကျလာသလား မသိပါဘူး။ ပုံမှန် Android ဖုန်းတွေမှာ ပါနေကျ ၃ ဒသမ ၅ မီလီမီတာခေါင်းနဲ့ နားကြပ်ပေါက်ကို ထည့်ထားတာ မတွေ့ရဘူူး။
ပြီးတော့ ကိုယ်ထည်က လေးလံလွန်းနေတယ် လို့ ကိုင်ဆောင် အသုံးပြုရချိန်မှာ ခံစားမိစေပါတယ်။ One M8 နဲ့ M9 မော်ဒယ်တွေမှာ ဈေးကွက် အောင်မြင်မှု မရခဲ့ပေမယ့် စမတ်ဖုန်း ဈေးကွက်မှာတော့ HTC က အောင်မြင်အောင် ကြိုးစား ချင်စိတ် ရှိနေသေးသလို ပါ။ HTC 10 တွေ မိတ်ဆက်လာခဲ့ပေမယ့် လူကြိုက် မများခဲ့ပါဘူး။ ဒါပေမယ့် လက်မလျှော့သေး တဲ့ HTC အနေနဲ့ LG G6 နဲ့ Samsung Galaxy S8 တို့လို မှတ်တိုင်ကောင်းကောင်း စိုက်ထူနိုင်မယ့် ဖုန်းမျိုး ထုတ်လုပ် ရောင်းချချင်နေတာပါ။ ဒါကြောင့်လည်း အခု မော်ဒယ် ထွက်ရှိလာတာ လို့ ဆိုနိုင်ပါတယ်။
အခု ဖုန်းမော်ဒယ် U11 မှာ ထူးခြားချက်ကတော့ Liquid-glass စစနစ်နဲ့ ပြသမျက်နှာပြင်ကို ဖန်တီးထားတာပါ။ ဒါကြောင့် ဒီဇိုင်းပိုင်း ရုပ်ထွက်က အထူးပဲ လှပ သေသပ်လွန်းပါတယ်။ အရောင် ရွေးချယ်နိုင်မှုလည်း အများကြီး ထွက်လာပါတယ်။ ကိုယ်ထည်ပိုင်း မာကျောမှု ကောင်းဖို့တော့ အလူမီနမ် ကိုယ်ထည်ကို သုံးထားပါတယ်။ ကိုင်တွယ် အသုံးပြုရချိန်မှာ ချော်ချင်တာမျိုး၊ စိတ်ကြိုက် မဖြစ်တာမျိုး မခံစားရပါဘူး။ ပြီးတော့ ထူးခြားချက်က ဖုန်းရဲ့ ကိုယ်ထည်သားပိုင်းမှာ အခြား ပြိုင်ဘက် ဖုန်းတွေထက် ပိုမိုကောင်းမွန်အောင် HTC ရဲ့ ဖန်တီးနိုင်မှုက ပြောင်လက်တောက်ပအောင် ဖန်တီးနိုင်ခြင်းပါ။
အများစုသော တရုတ်ဖုန်းတွေက ကိုယ်ထည် အရောင် အတိုင်းပဲ ရှိပေမယ့် ပြောင်လက်မှု အားနည်းပါတယ်။ ပြသ မျက်နှာပြင် အရွယ်ကတော့ ၅ ဒသမ ၅ လက်မပါ။ ဒါပေမယ့် အရင်နှစ်က Samsung Galaxy S7 Edge မော်ဒယ်နဲ့ ပြသ မျက်နှာပြင် အရွယ် တူပေမယ့် U11 ကတော့ ကိုယ်ထည် အရွယ် ပိုကြီးနေပါတယ်။ U11 မှာ Super LCD5 မျက်နှာပြင် စနစ်နဲ့ လာပါတယ်။ ကြည်လင်ပြတ်သားမှုနှုန်းက 2560×1440 Pixels နှုန်းနဲ့ ပြပေးနိုင်မှာပါ။ တောက်ပနှုန်းကို Limited အဖြစ် ထိန်းထားပါတယ်။ ဘက်ထရီစား သက်သာစေချင်လို့ ထင်ပါတယ်။ နေရောင်နဲ့ တိုက်ရိုက် အနေအထားမှာတော့ ရုပ်ထွက် သိပ်မကြိုက်ချင်ပါဘူး။
လက်ဗွေရာဖတ် စနစ်လည်း ပါတယ်။ ဒီစနစ်က လက်ဗွေရာ ဖတ်မှုနှုန်းလည်း မြန်သလို ဖုန်းကို ဖွင့်ပေးနိုင်မှုလည်း မြန်ဆန် ကောင်းမွန်တာ တွေ့ရပါတယ်။ အရင်က လက်ဗွေဖတ်စနစ် အများစုက ဖုန်းကို ဖွင့်ပြီးမှ ဖတ်နိုင်ပေမယ့် အခုတော့ လက်ဗွေဖတ် စနစ်နေရာကို လက်တင်လိုက်တာနဲ့ ဖတ်နိုင်လာတာပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးဖို့ကိုတော့ Type-C အဆင့် USB ပေါက် ထည့်ထားပါတယ်။
အထက်မှာ ပြောခဲ့သလို 3.5mm နားကြပ်ပေါက် မပါပေမယ့် Type-C ခေါင်းနဲ့ နားကြပ်တွေကိုတော့ ချိတ်ဆက် သုံးနိုင်မှာပါ။ ဖုန်းပါ App တွေကို အသုံးပြုရမှု အပိုင်းကတော့ တကယ့်ကို အမြန်ဆန်ဆုံး အနေအထားပါပဲ။ မြေပုံကြည့် တာတွေ၊ App တွေ အများကြီး အပြိုင်သုံးပြီး တခုကနေ နောက်တခု ခုန်ပြီး ပြောင်းလဲ အသုံးပြုတာတွေ၊ Game ဆော့တာတွေ၊ အားလုံးကို မြန်မြန်ဆန်ဆန် သုံးနိုင်ပါတယ်။ RAM 4GB ပါရှိပြီး Chip မှာ Snapdragon 835 ထိုင်ထားတာကြောင့် ဖြစ်မယ် ထင်ပါတယ်။ သဘောကျစရာပါ။
GPU အများအပြား သုံးတဲ့ အွန်လိုင်းဂိမ်း အကြီးကြီးတွေ ကစားကြည့်ပေမယ့် အကောင်းဆုံး တုံ့ပြန်မှု ပေးတာ တွေ့ရပါ တယ်။ U11 မော်ဒယ်နဲ့ ပတ်သတ်ပြီး 3DMark SlingShot Extreme က ၃၆၃၁ မှတ်၊ AnTuTu က ၁၇၅၇၄၈ မှတ်၊ Geekbench 4 က Single Core ၁၉၆၂ မှတ်၊ Multi Core ၆၄၉၃ မှတ်တွေ ပေးထားပြီး S8 မော်ဒယ်မှာ ဆိုရင် ၂၀၅၂ မှတ်၊ ၁၅၅၂၅၃ မှတ်၊ ၁၇၆၂ မှတ်နဲ့ ၅၇၂၃ မှတ်တွေပဲ ရခဲ့တာပါ။ ဒါကြောင့် အခု U11 ကို စမ်းသုံးမိသလောက်တော့ ဈေးကွက်ထဲက အမြန်ဆုံး ဖုန်းတလုံးကို သုံးနေရတယ်ဆိုတာ သိထားလိုက်ပါတယ်။
ဖုန်းစနစ်တွေထဲမှာ အသုံးပြုလို့ သဘောအကျဆုံး စနစ်တွေကတော့ Edge Sense စနစ်၊ သူက Shortcut အနေနဲ့ ကိုယ် အသုံးပြုချင်တဲ့ App တွေကို စုထည့်ထားတာပါ၊ ဥပမာ အဆိုပါ Edge Sense ထဲမှာ ဓာတ်ပုံကင်မရာ၊ ဗွီဒီယို ကင်မရာကို ထည့်ထားလိုက်နိုင်ပြီး အမြန်ဆုံး အသုံးပြုစေနိုင်ပါတယ်၊ ပြီးတော့ Google Assistant၊ Amazon’s Alexa အပါအဝင် Wi-Fi လွှင့်နိုင်ခြင်းတွေ၊ အသံတွေကို မှတ်သား သိမ်းဆည်းစနစ်တွေ၊ အခြား App တွေကို ရယူ အသုံးပြုနိုင်မှုတွေ အထူးပဲ ကောင်းမွန်တာ တွေ့ရပါတယ်။
U11 မှာတော့ Android v7.1.1 ကို ထည့်ထားတာ တွေ့ရပါတယ်။ ရှေ့ထွက် မော်ဒယ် U Ultra မှာ ပါခဲ့တဲ့ AI Assistant စနစ်လည်း အခု မော်ဒယ်မှာ ပါရှိလာပြီး သူက လက်ဗွေဖတ် စနစ်လို လုံခြုံရေးစနစ်ကို ပိုပြီး အားကောင်း စေလာပါတယ်။ ဘက်ထရီပိုင်း မှာတော့ 3000mAH အားဆန့်တဲ့ ဘက်ထရီကို သုံးထားပြီး S8 မှာ သုံးထားတဲ့ ဘက်ထရီနဲ့ ရွယ်တူပါ။ ဂိမ်း အကြီးကြီးတွေ မဆော့ရင်တော့ ဒီဘက်ထရီက တော်တော်လေး အားခံမယ့် ဘက်ထရီပါ။
တနေ့တာ ပျမ်းမျှ အသုံးတွေ သုံးပြီးချိန်မှာ ဘက်ထရီ ၄၀ ရာခိုင်နှုန်း အားကျန်တာ တွေ့ရပါတယ်။ Quick Charge 3.0 စနစ်လည်း သုံးနိုင်မှာပါ။ သူက စမ်းမိသလောက် အား ၂၂ ရာခိုင်နှုန်းကနေ ၆၉ ရာခိုင်နှုန်းကို နာရီဝက်နဲ့ အားသွင်း ပေးနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ၆၉ ကနေ ၁၀၀ ပြည့်ဖို့ကိုတော့ ၁ နာရီ ပေးရပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်တော့ မရသေးပါဘူး။
ဖုန်းရဲ့ အကောင်းဆုံး အပိုင်း တခု ဖြစ်တဲ့ ကင်မရာကတော့ စိတ်ကြိုက်ပါပဲ။ DxO Mark ကနေတောင်မှ ရမှတ် ၉၀ ပေးထားတာ တွေ့ရပါတယ်။ ဒါဟာ စမတ်ဖုန်း ကင်မရာတွေထဲမှာ အခုချိန်ထိအောင် အမြင့်ဆုံး ရမှတ်ပါပဲ။ Google Pixel က ၈၉ မှတ်၊ S8 က ၈၈မှတ်၊ iPhone 7 က ၈၆မှတ်ရထားကြတာပါ။ 12 MP ပဲ ရှိတဲ့ ကင်မရာစနစ်ကိုပဲ သုံးထားတာပါ။ LED မီးသီးစနစ်နဲ့ ဖြစ်ပါတယ်။ Pro Mode နဲ့ ရိုက်မယ် ဆိုရင် RAW Format နဲ့ ပုံတွေကို ထုတ်ပေးနိုင်တာ တချက်က သဘောကျစရာ ဖြစ်လာပါတယ်။ အလင်းနည်း အချိန်တွေ၊ လှုပ်ရှား ပုံရိပ်တွေကိုတောင် အကောင်းဆုံး ရိုက်ကူး ပေးနိုင်တာလည်း တွေ့ရပါတယ်။ ရှေ့ဘက် ကင်မရာကတော့ Selfie သမားတွေ အကြိုက်ဖြစ်မယ့် 16 MP ကင်မရာနဲ့ပါ။ HDR စနစ် သုံးနိုင်တယ်၊ 1080 p နှုန်း ဗွီဒီယိုတွေ ရိုက်နိုင်လာပါတယ်။
အသံစနစ် အတွက် Speakerကို ဖုန်းရဲ့ အောက်ဘက် မျက်နှာပြင်မှာ ထည့်ထားပါတယ်။ အသံထွက် အရည်အသွေး အထူး ကောင်းပါတယ်။ ပြီးတော့ အသံထွက်လည်း အကျယ်ဆုံး စနစ် တခုပါ။ ဖုန်းပြောဆိုမှုလည်း တည်ငြိမ်ပါတယ်။ HTC ကတော့ USonic နားကြပ်တွေကို တပါတည်း ထည့်ပေးထားပါတယ်။ ဆူညံသံ အနည်းဆုံး ပါရှိမယ့် နားကြပ်ပါ။ ဖုန်းနဲ့ အလိုက်ဖက်ဆုံး အသုံးပြုနိုင်ပါတယ်။
ဖုန်းရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅၀ ရှိပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ ဈေးကွက်ထဲရောက်လာမှာပါ။ ကုမ္ပဏီကတော့ ဖုန်းကို အာမခံ ၂ နှစ် သက်တမ်းတောင် ပေးထားတာ တွေ့ရပါတယ်။
Ref: www.digitaltrends.com