Huawei ကုမ္ပဏီမှ ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး အညွှန်းကိန်း ၂၀၁၇ (Global Connectivity Index 2017) အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး သတင်း မီဒီယာများကို ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ Huawei Customer Experience Centre မှာ ရှင်းလင်းခဲ့ပါတယ်။
အစီရင်ခံစာအရ ကမ္ဘာတလွှား သတင်းအချက်အလက်နဲ့ နည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုကြီးမားလာခြင်းကြောင့် ဒစ်ဂျစ်တယ် စီးပွားရေးကို ဦးတည်နေတဲ့ တိုးတက်မှု အရှိန်ဟာ ပိုမိုမြင့်မားလာနေပြီး ကမ္ဘာ့ GCI ညွှန်းကိန်းဟာ ၂၀၁၅ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။
GCI အစီရင်ခံစာ လေ့လာချက်ဟာ Broadband၊ Data centers ၊ Cloud၊ Big Data နဲ့ Internet of Things စတဲ့ နည်းပညာရပ် ၅ ရပ်ကို လွှမ်းခြုံပြီး ဆန်းသစ်တဲ့အညွှန်း ၄၀ ကို အခြေခံပြုလုပ်ထားတဲ့ လေ့လာချက်ဖြစ်ပါတယ်။ အဆိုပါ အဓိကနည်းပညာရပ် ၅ ခုမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ တိုင်းပြည်တွေရဲ့ စီးပွားရေးကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲစေနိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ICT (Information and Communications Technology) ရင်းနှီးမြှုပ်နှံမှုနဲ့ GDP (Gross Domestic Product) တိုးတက်မှုကြား ဆက်နွှယ်မှုရှိတာကို အစိုးရနဲ့လုပ်ငန်းခွင်များက ယေဘုယျအားဖြင့် လက်ခံတယ်လို့ GCI ၂၀၁၇ လေ့လာချက်က အစီရင်ခံ တင်ပြထားပါတယ်။
GCI ၂၀၁၇ အရ ကိန်းဂဏန်းအချက်အလက်များကို စီးပွားရေးကြိုတင်ခန့်မှန်းမှု ပုံစံများနဲ့ စစ်ဆေး ကြည့်တဲ့အခါ ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ICT အခြေခံအဆောက်အအုံတွေမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းစီတိုးပြီး ရင်းနှီးမြှုပ်နှံပါက ဘက်ပေါင်းစုံသော အကျိုးအမြတ်အနေနဲ့ ဆပွား တိုးတက်လာ နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
“စီးပွားရေးအကျိုး သက်ရောက်မှုပုံစံကို အသုံးပြု တွက်ချက်တဲ့အခါ ICT အခြေခံ အဆောက်အအုံ တွေမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ တိုးပြီး ရင်းနှီးမြှုပ်နှံလိုက်တိုင်း လက်ရှိ GDP မှာ အမေရိကန် ဒေါ်လာ ၃ ဒေါ်လာတိုးပွားရရှိလာပြီး ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၃.၇၀ ဒေါ်လာ၊ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအထိ တိုးတက်လာနိုင်တဲ့ အလားအလာများ ရှိနေတာကို တွေ့ရှိရတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံရဲ့ ICT လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကြီးမားတဲ့ တိုးတက်မှုတွေ ရှိလာပြီး ဥပမာ- မိုဘိုင်းထိုးဖောက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၁.၄ ရာခိုင်နှုန်းပဲရှိရာကနေ ၂၀၁၆ ခုနှစ်မှာ ၉၀ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့တယ်”လို့ Huawei Myanmar ရဲ့ Wireless Network Sales Solution ဌာနမှ Vice Director ကိုဖေသက်လွင်က ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍမှာ ကွာဟချက်တွေ ကြီးမားနေတုန်းပဲ။ တဦးချင်းစီအတွက် နိုင်ငံတကာ Bandwidth က ၃.၁၄ Kbps ပဲ ရှိတယ်။ ဒါဟာ စင်ကာပူရဲ့ အပုံတထောင်ပုံ တပုံပဲ ရှိပါတယ်။ မြန်မာမှာ ပင်လယ်အောက် ကေဘယ်ကြိုး ၂ ကြိုးပဲရှိတာကြောင့် အာဆီယံအိမ်နီးချင်းနိုင်ငံတွေ ထက်စာရင် နောက်ကျကျန်နေပါတယ်” လို့ Huawei Myanmar ရဲ့ CEO, Mr. Zhang Liman က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံကိုယ်တိုင်ရော၊ မိတ်ဖက် ဆောင်ရွက် နေသူတွေပါ ကုန်းတွင်း Broadband တည်ဆောက်ထားမှုကို အဓိက ဦးစားပေးဆောင်ရွက်သင့်ပြီး အထူးသဖြင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ အတွေ့အကြုံတွေဝေမျှပြီး အားလုံးပူးပေါင်း တည်ဆောက်သင့်ကြောင်း၊ ထို့အတူ အရှေ့တောင်အာရှ ပင်လယ်ရေအောက် တည်ဆောက်မှု စီမံချက်မှာလည်း သွားရောက်ချိတ်ဆက်သင့်တယ်လို့ သူက ဆိုပါတယ်။
“လုပ်ငန်းကဏ္ဍတွေ အားလုံးမှာလည်း E-government တည်ဆောက်နိုင်ဖို့ အဓိကဦးတည်ရမယ်။ E-education၊ E-ID နဲ့ E-Travel တို့လို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းမှုတွေကို တွန်းအားပေးသင့်တယ်” လို့ Mr. Zhang Liman က ပြောပါတယ်။
GCI ၂၀၁၇ အစီရင်ခံစာဟာ နိုင်ငံပေါင်း ၅၀ ကို အကဲဖြတ် ထုတ်ပြန်ထားတာဖြစ်ပြီး ကမ္ဘာ့ GDP ၏ ၉၀ ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ၏ ၇၈ ရာခိုင်နှုန်းရှိကြောင်း စာရင်းမှာဖော်ပြထားပါတယ်။