မန္တလေး မီးဘေးသင့် မင်္ဂလာဈေးကို ဖျက်သိမ်းရန် တင်ဒါခေါ်ခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းသူ ဦးကျော်မြင်က ကျပ်သိန်း ၂၅၂၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၅လအတွင်း အပြီးဖျက်သိမ်းရမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“တင်ဒါသွင်းသူ၂၅ ဦးရှိတဲ့အထဲက ဦးကျော်မြင့်က အများဆုံးပေးငွေ ကျပ်သိန်း ၂၅၂၀ ဖြင့် အောင်မြင်ခဲ့တယ်။ တင်ဒါအောင်ခဲ့သူက ဈေးကို ၅လနဲ့ အပြီးဖျက်ပေးရမယ်၊ လေလံစည်းကမ်းအရ ပေးသွင်းငွေကို သုံးကြိမ်ခွဲသွင်းရမှာပါ၊ လတ်တလောအခြေအနေအရ ဘယ်တော့ စဖျက်မလဲဆိုတာ အတိအကျမပြောနိုင်သေးပါဘူး၊ တင်ဒါအောင်သူနဲ့ စာချုပ်ချုပ်ဖို့ ပြင်ဆင်နေတယ်၊ MoU ထိုးဖို့ကျန်တယ်၊ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်၊ တိုင်းအစိုးရ ခွင့်ပြုချက်ရတာနဲ့ စာချုပ်ချုပ်ဆိုသွားမယ်”ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျက ပြောသည်။
မင်္ဂလာဈေး ဖျက်သိမ်းရန် ယခင်နှစ်က တင်ဒါခေါ်ယူခဲ့ရာ သတ်မှတ်တင်ဒါကြေး သိန်း ၄၀၀၀ ကို မတတ်နိုင်သဖြင့် မအောင်မြင်ခဲ့ကြောင်း၊ ယခုအကြိမ်သည် ဒုတိယ အကြိမ်ထပ်မံခေါ်ယူခဲ့ကြောင်း၊ ပြန်လည်ဆောက်လုပ်ခွင့် အတွက် သီးသန့် တင်ဒါ ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
လက်ရှိ တင်ဒါအောင်မြင်ထားသူသည် မူလအဆောင်အအုံမှ သံချောင်းလုံးများ အပါအဝင် မရွေ့ပြောင်းနိုင်သော ပစ္စည်းများ အာလုံး၊ လိပ်တံခါးများ၊ ဆယ်တင်ပစ္စည်းဟောင်များကို သတ်မှတ်ကာလ အတွင်း မြေပြင်အညီအထိ ရှင်းလင်းပေးရမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ရှင်းလင်းမှု ပြီးစီးပါက ဈေးအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဒီဇိုင်းပြိုင် ပွဲပြုလုပ်၍ ရွေးချယ်ကာ တည်ဆောက်ပေးသွားမည်ဟု သိရသည်။ အသစ်တည်ဆောက်မည့် မင်္ဂလာဈေးအတွက် ကုန်ကျမည့်ပမာဏမှာ ကျပ် ၇ ဒသမ ၁၇ ဘီလီယံ ဖြစ်ရာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ဘတ်ဂျတ်လျာထားမှု မရှိခြင်းကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများအား တင်ဒါခေါ်သွားရန် စီစဉ်နေကြောင်း၊ အသစ်တည်ဆောက်ရန် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောသည်။
မီးဘေးသင့်ခဲ့သည့် မန္တလေး မင်္ဂလာဈေးအား အသစ်ပြန်လည် တည်ဆောက်သည်ဖြစ်စေ၊ အကြီးစား ပြန်လည် မွမ်းမံသည်ဖြစ်စေ၊ မူလဆိုင်ခန်း ပိုင်ရှင်များနှင့် လူနေတိုက်ခန်းများကို မူလအတိုင်း ပြန်လည်ရရှိစေမည်ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က သက်ဆိုင်ရာ ဈေးသူ၊ ဈေးသားများနှင့် ၂၀၁၆ ခုနှစ် မေလ ၉ နေ့က မြို့တော်ခန်းမ၌ တွေ့ဆုံရာ၌ ပြာကြားထားသည်။
အဆိုပါဈေးကိကု ၁၉၉၈ခုနှစ် မတ် ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၀၆ ခုနှစ်၊ မတ် ၂၂ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် ကွန်ကရစ်တိုင်များ၊ ယက်မများ၊ ကြမ်းခင်းများ၏ ကွန်ကရစ် ခံနိုင်ရည်မှာ မူလ တည်ဆောက်စဉ်ကပင် အားနည်းခဲ့ရာ မီးလောင်ကျွမ်းမှုကြောင့် ပိုမို အားနည်းခဲ့ကြောင်း၊ မီးဘေးသင့် အဆောက်အဦဖြစ်ပြီးနောက် အားနည်းချက်များစွာ တွေ့ရှိမှုကြောင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ပညာရှင်များ ပါဝင်သည့်အဖွဲ့၏ စမ်းသပ်စစ်ဆေးမှုအရ သတ်မှတ်ခဲ့ကြောင်း သိရသည်။