စီးပွားရေး

အတွင်းခန်း ကျယ်ကျယ်နဲ့ Chevrolet City Express

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းမှာတော့ ဂျပန်ထုတ် မော်ဒယ်တွေကို လူကြိုက် ပိုများတယ် ဆိုပေမယ့် Van အနေအထားမှာတော့ အများစုက ခရီးဝေး သွားလာမှုတွေမှာ အသုံးပြုကြပါတယ်။ သူက အတွင်းခန်း ကျယ်ဝန်းတယ်၊ ခရီးသည် အများအပြား လိုက်ပါ စီးနင်းနိုင်တယ်၊ အင်ဂျင်စနစ်က အတွင်းခန်း တခုလုံးကို လေအေး ပေးနိုင်လောက်အောင် စွမ်းဆောင်ရည်မြင့်တယ်၊ အချိန်ကြာ မောင်းနှင်သည့် တိုင်အောင် အင်ဂျင် အပူချိန်တက် မမြန်ဘူး။ ဒါဆိုရင်တော့ သဘောကျစရာပါ။ ဒါပေမယ့် ဝန်တင်ဆောင်နိုင်မှုနဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်မှာတော့ အာရှထုတ် မော်ဒယ်တွေက အားနည်း ပါတယ်။ အများစုသော အမေရိကထုတ် မော်ဒယ်တွေနဲ့ ဥရောပ မော်ဒယ်အချို့မှာတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ကောင်းသလို ဝန်တင်ဆောင်နိုင်မှုလည်း သင့်ပါတယ်။

အခု ပြောချင်တာကတော့ လက်ရှိ ပြည်တွင်းမှာလည်း အရောင်း ပြခန်း ရှိနေတဲ့ Chevrolet ရဲ့ မော်ဒယ် City Express ဖြစ်ပြီး သူက မြို့တွင်းသုံး အတွက်ရော နယ်ဝေး သွားလာမှု အတွက်ပါ အဆင်ပြေအောင် ဖန်တီးထားတဲ့ မော်ဒယ်ပါ။

အခုနှစ် မော်ဒယ်အတွက် နည်းပညာပိုင်း အဆင့်မြှင့်တင်မှု အနည်းငယ်က လွဲရင် ၂၀၁၆ ခုနှစ် မော်ဒယ် နီးပါး အတိုင်း ပြန်လည် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ မော်ဒယ်ခွဲ အနေနဲ့ကတော့ LS နဲ့ LT ဆိုပြီး ၂ မျိုးလာ ပါတယ်။ LT မော်ဒယ်ခွဲက ပိုပြီး မြင့်ပါတယ်။ မှန်စနစ်တွေမှာ အပူပေးစနစ်တွေ ပါလာတယ်၊ နောက်ဘက်ခန်းတွေ အတွက်ပါ 12 V အထွက်ပေါက်တွေ ထည့်ထားတယ်၊ နောက်ဘက် ပါကင် အာရုံခံစနစ်လည်း ပါတယ်။ ဒါတွေက LT ရဲ့ ထူးခြားချက်တွေပါ။

LS နဲ့ LT မှာ တူညီတဲ့ ဖန်တီးမှုတွေကတော့ လက်ကိုင်ဘီးက ၁၅ လက်မအရွယ်၊ နောက်ဘက် တံခါးက လျှောတံခါး၊ ရှေ့ဘက်မှန်တွေက Power နဲ့ လာတယ်၊ Keyless နဲ့ သုံးနိုင်တယ်၊ နောက်ဘက်ထိုင်ခုံတန်းတွေက ခေါက်သိမ်းလို့လည်း ရတယ်၊ ဖြန့်ခင်းလို့လဲ ရတယ်။ လေအေးပေးစနစ်က နောက်ဘက် အတွင်းခန်းတွေထိ အောင်ပါ မျှတူ ပေးနိုင်မယ့် ပတ်လည် စနစ်နဲ့ ဖြစ်ပါတယ်။ ၅ ဒသမ ၈ လက်မ အရွယ် ပြသ မျက်နှာပြင် စနစ်ကို Touch နဲ့ သုံးနိုင်အောင် ဖန်တီးထား တာလည်း တွေ့ရပါတယ်။ ဒီစနစ်က Chevy ရဲ့ မိတ်ဖက် Nissan ရဲ့ စနစ်ပါ။ Chevy ရဲ့ MyLink တော့ မဟုတ်ပါဘူး။ ဂြိုဟ်တု အခြေပြု မြေပုံ စနစ်တွေ၊ နောက်ဘက် ရိုက်ကူး ကင်မရာတွေ ချိတ်ဆက် အသုံးပြုနိုင်စေမှာပါ။

အင်ဂျင်စနစ်ကတော့ တမျိုးတည်းနဲ့ လာပါတယ်။ ၂ ဒသမ ၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်နဲ့ ဖြစ်ပြီး သူက ရုန်းအား ၁၃၉ ပေါင်/ပေမှာ မြင်းကောင်ရေ ၁၃၁ ကောင်အား ထွက်ရှိပါတယ်။ ဆီတဂါလံကို ပျမ်းမျှ ၂၅ မိုင်လောက် စီးနင်းနိုင်မှာ ဖြစ်လို့ သဘောကျစရာပါ။ ပေါင် ၁၅၀၀ ထိအောင် တင်ဆောင် မောင်းနှင်နိုင်ပါတယ်။ အမြန်နှုန်းမြှင့် တင်မောင်းနှင်နိုင်မှုမှာ တနာရီ မိုင် ၆၀ နှုန်း အတွက် အချိန် ၁၀ ဒသမ ၂ စက္ကန့်ထိအောင် ယူပါတယ်။ Van တစီး အတွက် အကောင်းဆုံး နှုန်း မဟုတ်ပေမယ့် တန်းတူ Van မော်ဒယ်တွေနဲ့ စာရင်တော့ သင့်ပါတယ်။

ပြည်တွင်း ဈေးကွက်မှာတော့ တန်ဖိုးနည်း မော်ဒယ်တွေ အဖြစ် Toyota Hiace တွေကို သိန်း ၂၃၀ ကနေ ၄၀၀ အတွင်း မော်ဒယ် အပေါ် မူတည်ပြီး ကွာခြားချက် ရှိသလို Nissan Caravan တွေက သိန်း ၁၂၀ ကနေ ၂၇၀ အတွင်း မော်ဒယ်နှစ် အလိုက် ဈေးနှုန်း ကွာခြားချက်တွေနဲ့ ဈေးရှိနေတာ တွေ့ရပါတယ်။

City Express ကတော့ လက်ရှိမှာ အရောင်းပြခန်းလည်း ရှိနေတာကြောင့် မကြာခင် အသစ် အနေနဲ့ပါ တင်သွင်း ရောင်းချ လာနိုင်ပြီး နိုင်ငံတကာ ဈေးကွက်မှာတော့ City Express ကို အနိမ့်ဆုံး ဒေါ်လာ ၂၂၄၀၅ ကနေ မော်ဒယ်ခွဲ အပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။

Ref: www.edmunds.com

Did you find apk for android? You can find new Free Android Games and apps.
Loading