စီးပွားရေး

အားအပြည့်နဲ့ ဆိုရင် မိုင် ၁၈၀ ထိအောင် ရောက်ရှိနိုင်တဲ့ Hyundai ရဲ့ လျှပ်စစ် ဘတ်စ်ကားသစ် Elec City

စမ်းသပ်မှုပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တောင်ကိုရီးယား အခြေစိုက် ကားကုမ္ပဏီ Hyundai အနေနဲ့ သူ့ရဲ့ လျှပ်စစ်စနစ်သုံး ဘတ်စ်ကားကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားကိုတော့ ကုမ္ပဏီကနေ Elec City လို့ အမည်ပေးထားပြီး သူက အားအပြည့်နဲ့ ဆိုရင် ခရီးမိုင် ၁၈၀ ထိအာင် ရောက်နိုင်ပါတယ်။ တပ်ဆင် ဘက်ထရီကတော့ 256 kWh အားထိန်း ဘက်ထရီပါ။ Yonhap သတင်း ဌာနရဲ့ ဖော်ပြချက်မှာတော့ အဆိုပါ ဘက်ထရီကို အားပြည့်အောင် သွင်းဖို့ အချိန် ၁နာရီပဲ ပေးရတယ် လို့လည်း သိရပါတယ်။ ကုမ္ပဏီကတော့ အချောသပ် ဖန်တီးမှုတွေ လုပ်ဆောင်ပြီး မော်ဒယ်ကို လာမယ့် ၂၀၁၈ ခုနှစ် အတွင်း ဈေးကွက်ထဲမှာ စတင် ရောင်းချလာဖို့ ရှိနေတာပါ။

ဒါပေမယ့် အခုလို Hyundai ရဲ့မော်ဒယ်မျိုး အောင်မြင်အောင် စမ်းသပ် မိတ်ဆက်လာမှုတွေလည်း ရှိနေတာကြောင့် ပြိုင်ဘက်တွေ ရှိနေသေးတာတော့ အမှန်ပါ။ အထူးသဖြင့် အမေရိကန် အခြေစိုက် Proterra ကလည်း 660 kWh အားထိန်း ဘက်ထရီနဲ့ Catalyst E2 ကို မိတ်ဆက်လာတာကြောင့်ပါ။ အဆိုပါ မော်ဒယ်က မိုင် ၃၅၀ ထိအောင် အားတခါ သွင်းရုံနဲ့ မောင်းနိုင်မှာပါ။

ပြီးတော့ လမ်းကြောင်းစုံ မောင်းနှင်မှု အတွက်လည်း အဆိုပါ နှုန်းထက် ဒီလောက်ကြီး ခရီး ပမာဏ လျော့ မသွားဘူးလို့ သိရပါတယ်။ အဆိုပါ Catalyst E2 ကတော့ အခုနှစ် နှစ်ကုန်ပိုင်းမှာ ဈေးကွက်ထဲ ရောက်လာဖို့ ရှိနေတာပါ။ ဒါဆိုရင်တော့ ကုမ္ပဏီ အနေနဲ့ မြောက်အမေရိက ဈေးကွက်ကို ခြေချမယ် ဆိုရင် Catalyst E2 နဲ့ ဈေးကွက် ယှဉ်ပြိုင်ရမှာပါ။

ပြီးတော့ တရုတ်အခြေစိုက် BYD ကုမ္ပဏီ ကလည်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ လက်ရှိ လျှပ်စစ်ကားတွေ ရောင်းနေ တာလည်း တွေ့ရပါတယ်။ ကနေဒါ အခြေစိုက် GreenPower ကလည်း ဈေးကွက်ပိုင်း နေရာ တချို့ ရယူ ထားနိုင်တာ တွေ့ရ ပါတယ်။ နာမည်ကျော် လျှပ်စစ်ကားထုတ် ကုမဏီ Tesla ကလည်း လော့အိန်းဂျလိစ်မှာ ဈေးကွက်ရှာဖွေဖို့ ပြင်ဆင် နေတဲ့ အကြောင်း ကုမဏီရဲ့ CEO ဖြစ်သူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို အပြိုင်တွေ ရှိနေပေမယ့် လျှပ်စစ်ကား ဈေးကွက်ဟာ ထုတ်လုပ်မှု စရိတ်ရော ဆီဖိုးပါ သက်သာမယ် ဆိုရင်တော့ လူကြိုက် များလာနိုင်တာကြောင့် ကုမ္ပဏီ အများစုကလည်း အကောင်းဆုံး မော်ဒယ်တွေကို ဖန်တီးနိုင်ဖို့ ပြင်ဆင်နေကြ တာလည်း ဖြစ်ပါတယ်။ အခုလို ဘတ်စ်ကားတွေမှာတင် မဟုတ်ပဲ အိမ်စီး မော်ဒယ်တွေမှာပါ လက်ရှိ ကားထုတ်လုပ်သူ အများစုက အပြိုင် ဖန်တီး မိတ်ဆက်နေတာပါ။

Hyundai အနေနဲ့ အခု ခရီးသည်တင်ကားကို Hybrid, Plug-in Hybrid နဲ့ လျှစ်စစ် ကားတွေကို ခွဲခြား ထုတ်လုပ် ရောင်းချလာဖို့ ရှိနေပြီး ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာ ဈေးကွက်ထဲ ရောက်လာဖို့ ရှိနေ တာပါ။

Ref: www.theverge.com

Loading