ရန်ကုန်မြို့အတွင်းရှိ အိမ်ခန်းငှားရမ်းနေကြသည့် အိမ်ပိုင်ရှင်များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အိမ်ငှားလိုင်စင် ပြုလုပ်ရမည်မှာ မဟုတ်မှန်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်၍ မန္တလေးမြို့တွင် အိမ်ခန်းငှားရမ်းနေကြသည့် အိမ်ပိုင်ရှင်များကို အိမ်ငှားလိုင်စင် ပြုလုပ်ရမည်ဆိုသည့် အကြောင်းကြားမှုများ ရှိခဲ့ပြီး၊ ရန်ကုန်မြို့တွင်လည်း အိမ်ငှားနေကြသူများကို အိမ်ငှားလိုင်စင် ပြုလုပ်ရမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် အိမ်ငှားရမ်းမှုနှင့် သက်ဆိုင်သည့်ဥပဒေ မရှိသေးကြောင်းနှင့် ထွက်ပေါ်နေသည့် အိမ်ငှားလိုင်စင် ပြုလုပ်ရမည်မှာလည်း မဟုတ်မှန်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှ ဗိုလ်ကြီးညီညီက ပြောသည်။
“ရန်ကုန်မှာ အိမ်ငှားလိုင်စင် လုပ်ရမယ်ဆိုတာ မဟုတ်ဘူး။ ရန်ကုန်မှာ အိမ်ငှားလိုင်စင်ဆိုတာ အခုထိ မရှိသေးဘူး။ ဥပဒေမှာကိုက လိုင်စင်လုပ်ရမယ်ဆိုတာ မပါဘူး။ မန္တလေးမှာက သူ့ဘာသာလုပ်တာ ဖြစ်တယ်’’ဟု ၎င်းက ဆိုသည်။
အိမ်ဌားလိုင်စင်များ လုပ်ဆောင်မည်ဆိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည်ဖြင့် သက်ဆိုင်ရာဌာနများက အဆင့်ဆင့် ညွှန်ကြားချက်ထုတ်ပြန်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ သတင်းထွက်ပေါ်နေမှုအပေါ် ရွှေပြည်သာမြို့နယ် တ/ ၁၅ ရပ်ကွက်၌ အိမ်ခန်းများ ငှားရမ်းလျက်ရှိသည့် အိမ်ပိုင်ရှင်ဒေါ်ရီရီက “ ကျမတို့ကို အုပ်ချုပ်ရေးမှူးက အိမ်ငှားစားနေတဲ့အတွက် လိုင်စင်လုပ်ရမယ်လို့ ပြောတယ်။ အသေအချာတော့ မပြောသေးပါဘူး။ ရပ်ကွက်ထဲမှာလည်း အခုဆို အိမ်ခန်းကန့်ပြီး ငှားစားကြတဲ့သူတွေ များလာတော့ လုပ်ခိုင်းတာလို့ ထင်တယ်” ဟု ပြောသည်။
အိမ်ဌားလိုင်စင်များ လုပ်ဆောင်ရမည် ဆိုသည့်အပေါ် မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးသန်းဦးက “ရန်ကုန်မှာ အိမ်ငှားလိုင်စင် လုပ်ရမယ်ဆိုလျှင် လက်ရှိအတွေ့အကြုံအရ အိမ်ရှင်က လိုင်စင်နဲ့ပတ်သတ်တဲ့ အထောက်အထား လုပ်ရမယ်။ တကယ်တမ်းကျ စားသုံးသူက (ငှားရမ်းသူက) ဆောင်ရတာပဲ။ သူရဲ့ရမယ့် အမြတ်ဝေစုထဲက လုပ်ငန်းရှင်က ဘယ်တော့မှ ပေးလေ့ထုံးစံ မရှိဘူး။ဝယ်ယူသုံးစွဲတဲ့သူက ကျခံရတာဖြစ်တယ်’’ ဟု ပြောသည်။
ထို့အပြင် “ အိမ်ဌားတဲ့သူတွေက ဌားတဲ့အပေါ်မှာ လိုင်စင်လုပ်ရမယ်ဆိုရင် သေချာတယ်၊ လိုင်စင်အခွန်အခ ပေးရတော့မယ်။ တချိန်ထဲမှာပဲ လိုင်စင်လုပ်ရတဲ့ အတွက်ကြောင့် ဒီဌားခနဲ့ ပတ်သတ်တဲ့ အခွန်တွေကို သူထမ်းဆောင်ရတော့မယ်။ အဲ့ဒီထမ်းဆောင်တဲ့စရိတ်ကို ဘယ်သူကျခံမလဲဆိုတော့ အိမ်ရှင်က ကျခံမှာမဟုတ်ဘူး။ ငှားနေမယ့်အိမ်ဌားက ကျခံရမှာ ဖြစ်တယ်’’ဟု ၎င်းက ဆက်ပြောသည်။
အိမ်ငှားလိုင်စင် လုပ်ဆောင်ရမည်ဆိုပါက အိမ်ငှားရမ်းခ ဈေးနူန်းများ တိုးမြင့်လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
အိမ်ခြံမြေ အကျိုးဆောင်တဦးက “ အရင်က ဒီအခန်းကို ၁ သိန်းနဲ့ ငှားတယ်။ တကယ်လို့များ လိုင်စင်ကြေးနဲ့တကွ အခွန်အခ ပေးရပြီဆိုရင် သေချာတယ်၊ အဲဒီအခွန်အခကို ဌားတဲ့သူကနေ အိမ်ဌားခမှာ ထပ်ဆောင်းပြီး ပေးရတော့မှာ၊ ဒါနဲ့ပတ်သတ်ပြီး အခုလို လိုင်စင်လုပ်မယ်ဆိုရင် နိုင်ငံတော်အတွက် အခွန်အခရတာ မှန်တယ်။ ဒါပေမယ့် ပြည်သူတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး သွယ်ဝိုက်သောအားဖြင့် စရိတ်တက်သွားမယ်’’ ဟု ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်မြို့တွင် အလုပ်အကိုင်များ လုပ်ကိုင်ရန် နယ်မြို့များမှ ပြောင်းရွှေ့လုပ်ကိုင်သူ များပြားလာသောကြောင့် အိမ်ငှားရမ်းခ ဈေးနူန်းများ တနှစ်ထက်တနှစ် မြင့်တက်လျက် ရှိနေသည်ဟု အိမ်ငှားရမ်း နေထိုင်သူများက ပြောသည်။