Android စနစ်ကို ဖန်တီးခဲ့တဲ့ ပညာရှင် Andy Rubin က လက်ရှိမှာ ဖုန်းမော်ဒယ်သစ် တခု ဖြစ်တဲ့ Essential ကို ဖန်တီးနေပြီး အဆိုပါ မော်ဒယ် အနေနဲ့ လက်ရှိ အကောင်းဆုံး ဖုန်းအဖြစ် လက်ခံထားကြတဲ့ iPhone တွေကို အကောင်းဆုံး ယှဉ်ပြိုင်သွားမယ် လို့ ပြောလာပါတယ်။ သူ့ အနေနဲ့ လက်ရှိ Android စနစ်သုံး ဖုန်းတွေထဲက အကောင်းဆုံးလို့ ဆိုနိုင်မယ့် Samsung Galaxy မော်ဒယ်တွေကို အကောင်းဆုံး ပြိုင်ဆိုင်သွားမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း ကတည်းက Andy Rubin အနေနဲ့ သူ့ရဲ့ Essential ကုမဏီကနေ ဖုန်းမော်ဒယ် Essential ကို ဖန်တီးရောင်းချဖို့ ပြင်ဆင်နေတယ် ဆိုတာကို သူ့ရဲ့ Twitter ကနေ အသိပေး ထားခဲ့တာလည်း ဖြစ်ပါတယ်။ စမ်းသပ်မှု အမည် PH-1 အဖြစ် အမည်ပေးထားတဲ့ အဆိုပါ ဖုန်းမော်ဒယ်သစ်ဟာ iPhone Plus ထက် အနည်းငယ် ကြီးပြီး ၅ ဒသမ ၇၁ လက်မ အရွယ် ပြသ မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Andy Rubin ကတော့ သူ့ရဲ့ ဖုန်းသစ် အနေနဲ့ လူသုံး အများဆုံး ဖုန်း အဖြစ် လက်ခံနိုင်အောင် ကောင်းမွန်တဲ့ ဖန်တီးချက်တွေနဲ့ မိတ်ဆက် ထုတ်လုပ်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
ပြီးတော့ Android စနစ်တွေရဲ့ အားနည်းချက်တွေ ဖြစ်တဲ့ လုံခြုံမှုပိုင်း အားနည်းခြင်းလို Virus ကူးစက်မြန်ခြင်းတွေ ကနေလည်း ပိုမို ကောင်းမွန်အောင် ကာကွယ်နိုင်မယ်၊ စွမ်းအင်စား ပိုမို သက်သာမယ်၊ Android Version အသစ်တွေ ထွက်လာရင် အမြန်ဆုံး အဆင့်မြှင့်တင် သုံးနိုင်ရမယ် ဆိုတဲ့ အားသာချက်တွေပါ ရနိုင်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။
Android စနစ်ဟာ လက်ရှိ လူကြိုက် အများဆုံး စနစ် ဖြစ်နေပေမယ့် အဲဒီထက် ပိုမို ကောင်းမွန်တဲ့ စနစ်နဲ့ ဈေးကွက် တခု ထပ်ဖြစ်အောင် ကြိုးစားနေတာပါလို့ Andy Rubin က ပြောပါတယ်။ ဖုန်းကို ဒေါ်လာ ၆၉၉ နဲ့ ရောင်းချမယ် လို့ ဆိုပေမယ့် စတင် ရောင်းချမယ့် နေ့ကိုတော့ မပြောသေးပါဘူး။ စမဖုန်း ရောင်းချသူ တဦးဖြစ်တဲ့ လုပ်ငန်းကြီး Sprint ကတော့ သူကနေ အခု ဖုန်းမော်ဒယ်သစ်ကို ဖြန့်ဖြူး ရောင်းချမယ် လို့လည်း ပြောပါတယ်။
မော်ဒယ် အနေနဲ့ကတော့ လက်ရှိ iPhone တွေရဲ့ လုံခြုံမှုစနစ် ကောင်းမွန်ခြင်း အားသာချက်နဲ့ အတူ Samsung ဖုန်းတွေရဲ့ အသုံးပြုရမှု လွယ်ကူ မြန်ဆန်ခြင်း အားသာချက်တွေကို ရယူ ထုတ်လုပ် ရောင်းချလာဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ Creative Strategies က လေ့လာသူ Tim Bajarin ကတော့ အခု Andy Rubin ရဲ့ ဖုန်းဟာ မျက်နှသစ် အနေနဲ့ စတင်ရောင်းချလာရမှာ ဖြစ်လို့ စွန့်စားမှု အများအပြား ရင်ဆိုင်ရဖို့ ရှိနေပြီး အောင်မြင်ဖို့တော့ ခက်ခဲနိုင်ပေမယ့် တကယ်လို့ အောင်မြင်ခဲ့ရင်လည်း ထိပ်ဆုံး နေရာကို ရောက်လာနိုင်တယ် လို့ သုံးသပ်တာ တွေ့ရပါတယ်။
အခြား လေ့လာသူတွေကလည်း ဖုန်းမော်ဒယ် အနေနဲ့ စိတ်ဝင်စားဖို့ ကောင်းပေမယ့် ချက်ချင်း အောင်မြင်မှု ကြီးကြီးမားမား ရဖို့တော့ ခက်ခဲမယ် လို့ ယူဆနေကြပါတယ်။
ဖုန်း အနေနဲ့ကတော့ ရှေ့ဘက် ပြသ မျက်နှာပြင်သားကို အကာအကွယ်သား ကြီးကြီးနဲ့ ဖုံးအုပ်ထားမယ်၊ ကြိုးမဲ့ အားသွင်း စနစ် ရနိုင်မယ်၊ ၃၆၀ ဒီဂရီ လှည့်ပြီး ရိုက်ကူးနိုင်တဲ့ Lens ထည့် ကင်မရာ ပါရှိမယ်။ ကင်မရာမှာ နောက်ဘက်က 13 MP နဲ့ ရှေ့ဖက်က 8 MP ရှိမယ်။ iPhone တွေလိုပဲ နားကြပ်ပေါက် မထည့်ထားဘူး။ ဖုန်းမှာ ကုမ္ပဏီထုတ် App တွေ တပါတည်း ပါဖို့ မရှိပဲ ဝယ်သူ အနေနဲ့ လက်ထဲရောက်မှ လိုချင်တဲ့ App တွေ Downပြီး ထည့်သုံးရမယ်။
RAM 4 GB နဲ့ Memory 128 GB ပါမယ်။ Logo ရိုက်နှိပ် ထားခြင်းမျိုး ဖုန်းပေါ်မှာ မရှိဘူး။ တိုက်တန်နီယမ်သားကို အကြမ်းခံနိုင်စွမ်း ပိုကောင်းအောင် သုံးထားမယ်။ အခု Andy Rubin ရဲ့ Essential ဖုန်းကတော့ တကယ်ကို စိတ်ဝင်စားစရာပါ။ လက်ရှိမှာ ကမ္ဘာပေါ်မှာ Android စနစ်သုံး ဖုန်း ၂ ဘီလီယံရှိအောင် ဖန်တီးနိုင်ခဲ့တဲ့ Andy Rubin ရဲ့ နောက်ထပ် ဖုန်းမော်ဒယ်သစ်ကိုတော့ လာ့မယ့် လတွေ အတွင်း အသေးစိပ်တွေ ထုတ်ပြန် မိတ်ဆက်လာဖို့ ရှိနေပါတယ်။
Ref: www.mercurynews.com