မြန်မာ စီးပွားရေး လုပ်ငန်းရှင်များသည် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီးများ နှင့် ရှမ်းပြည်နယ် တို့တွင် စက်မှုဇုန်များ၊ စီမံကိန်းကြီးများ ဖော်ထုတ်ရန် မြေဧကပေါင်းများစွာကို အစိုးရထံမှ ငှားရမ်း၊ ဝယ်ယူခြင်းတို့ဖြင့် ရယူထားပြီး ယင်းနေရာများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မျှော်လင့်နေကြောင်း မြန်မာ ရင်းနှီးမြှုပ်နှံ သူများ ဖွံ့ဖြိုးတိုးတက်မှု အသင်း(MIDA)မှ သိရသည်။
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံ စီမံကိန်း ၁၁ ခုနှင့် Industry Park အပါအဝင် မြေဧက အကျယ်အဝန်း များပြားသည့် စီ မံကိန်း ၄ ခုကို KMA Group, New City Development Public Company, ကောင်းမြန်မာ လီမိတက် အစရှိသည့် ကုမ္ပဏီ ၅ ခုတို့က အကောင်အထည် ဖော်နေပြီး တောင်ငူတွင် စက်မှု မြို့တော် စီမံကိန်း၊ ပဲခူးတွင် စက်မှု ဇုန်များ ပါဝင်သည့် စီမံကိန်း ၃ ခုနှင့် မန္တလေးတွင် တခု၊ ရှမ်းပြည်နယ်တွင် ၂ ခုတို့ဖြင့် စီမံကိန်းများ ရှိနေကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်နေကြောင်း MIDA မှ ဒုဥက္ကဋ္ဌ ဦးလှမြင့်က ဧရာဝတီကို ပြောသည်။
ဦးလှမြင့်က “ဟိုတယ်ဆောက်မှာလား၊ စက်ရုံ ဆောက်မှာလား အဲဒီအပေါ်မှာ မူတည်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုက ဖြစ်မှာပဲ။ အခွင့်အလမ်း ကတော့ အန်ကယ်တို့ဆီကို သိချင်လို့ လာမေးတဲ့သူတွေ အများကြီး ရှိတယ်။ ဒီ Process ကြီးက ကြာနေပြီ။ ဖြစ်နေတာ။ အကုန်လုံးက အချိန် ယူရဦးမယ်။ အကုန်လုံးက ဆက်စပ်နေတာကိုး”ဟု ပြောသည်။
သို့သော် ယင်းကုမ္ပဏီများသည် မြေများကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်းတို့ဖြင့် ရယူပိုင်ဆိုင်ထားကြသော်လည်း လုပ်ငန်း အကောင်အထည် ဖော်မည်ဆိုပါက အစိုးရ၏ ခွင့်ပြုချက် ထပ်မံရယူရန် လိုအပ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန် ဇွန်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် နေပြည်တော်၌ Myanmar Investment Forum 2017 ကို ကျင်းပခဲ့ပြီး ထိုအခမ်းအနားတွင် ကုမ္ပဏီများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြခန်းများ ဖြင့် ပြသထားပြီး ရင်းနှီး မြှုပ်နှံမှုကို စိတ်ဝင်စားသူ အများဆုံးသည် တရုတ်နိုင်ငံက ဖြစ်ကြောင်း၊ ၎င်းနောက်မှ ထိုင်း၊ အိန္ဒိယနိုင်ငံတို့ ဖြစ်ကြောင်း ပြခန်း တာဝန်ခံများက ဧရာဝတီကို ပြောသည်။
ပဲခူးမြို့အနီးတွင် အဆောက်အအုံ စီမံကိန်း အကောင်အထည်ဖော်မည့် Hanthawaddy ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိန်ဝင်းက ၎င်းတို့က ပရောဂျက်ကြီး ၃ ခုကို မြေဧက ၄၀၀ ကျော်တွင် ပြင်ဆင်နေပြီး လက်ရှိတွင် ကားလမ်းများ ဖောက် လုပ်ခြင်း၊ ရေရရှိအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ထားကြောင်း၊ ၎င်းတို့ ရရှိထားသည့် မြေမှာ အစိုးရဆီမှ ငှားရမ်း ထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင် ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ဦးစိန်ဝင်းက “ကျန်တာကတော့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ်ပြီးတော့ အတူတူ ပူးပေါင်း ဆောင်ရွက်ပြီး ဒီအဆောက်အအုံတွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ရှိတယ်။ စက်မှုဇုန်ဆိုလည်း တကယ့် အဆောက်အအုံကြီး ဆောက်ပြီးတော့ နိုင်ငံခြားမှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်မယ်။ ပြီးရင် ငှားရမ်းခြင်း၊ Joint Venture လုပ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်”ဟု ပြောသည်။
ရှမ်းပြည်နယ် မူဆယ်နှင့် တရုတ်နိုင်ငံ ကြယ်ဂေါင်အနီးတွင် ဖော်ထုတ်မည့် စီးပွားရေးဇုန်တခုကို ရှမ်းပြည်နယ်အစိုးရက ဒေသန္တရ စီမံကိန်းအဖြစ် သတ်မှတ်ပေးပြီး ပြည်ထောင်စု အစိုးရထံသို့ တင်ပြထားကြောင်း မောရှမ်း ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးစောဦးက ပြောသည်။
ဦးစောဦးက “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ တရုတ်ခရီးစဉ်မှာလား နယ်စပ်ဒေသ ကုန်သွယ်မှုဇုန်ဆိုပြီး သဘောတူ လက်မှတ် ထိုး ခဲ့တာ ဒီနေရာပါတယ်။ အဲဒါဆိုရင် နိုင်ငံတော်က ဦးဆောင်ပြီးတော့ လုပ်နိုင်တယ်။ ဧက ၃၀၀၀ လောက် ရှိတယ်။ စီးပွားရေးဇုန်၊ မူဆယ်၊ ကြယ်ဂေါင်နဲ့ နီးတယ်။ နယ်စပ်ဒေသဖြစ်တော့ တရုတ် အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ရမှာ။ ဒီဟာကို လုပ်နေတာ ၃ နှစ်လောက်ရှိပြီ”ဟု ပြောသည်။
သို့သော် ယင်းမြေနေရာများကို မြေဦးသည့် သဘောမျိုး မဟုတ်ဘဲ အများပြည်သူ အကျိုးရှိအောင် ဆောင်ရွက်နိုင်ရန် လည်း လိုအပ်ကြောင်း ဝေဖန်မှုများ ရှိသည်။
စီးပွားရေး ကျွမ်းကျင်သူ ဦးခင်မောင်ညို (ဘောဂဗေဒ)က “မြေကလည်း ဦးရမှာကိုး၊ ဒီမှာက မြေကလည်း အကန့်အသတ်နဲ့ တန်ဖိုး ရှိနေတယ်။ ဒါကို ဦးတယ်ဆိုတာ စီးပွားရေး သဘောအရ မှန်တယ်။ ဒါပေမယ့် ဒီမြေကို အကျိုးရှိအောင် အသုံးချ နိုင်ဖို့ လိုတယ်။ ဒီကနေ စက်ရုံတွေ ပေါ်လာမယ်။ အလုပ်အကိုင်တွေ ရကြမယ်ဆိုရင် အကျိုးရှိတယ်”ဟု ယင်းဖိုရမ်တွင် ဧရာဝတီသို့ ပြောသည်။
ရင်းနှီးမြှုပ်နှံရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို အခွင့်အရေး အတူတူ ပေးခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုရလာနိုင်သော် လည်း အစိုးရအနေဖြင့် ကိုယ့်လူကိုသာ အကာအကွယ်ပေးနေမည် ဆိုပါက ဝင်ရောက်လာကြလိမ့်မည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဖိုရမ်အပြီး ရှင်းလင်းပွဲတွင် ပြောသည်။
ဦးတိုးအောင်မြင့်က “အကြမ်းဖျင်း ပြောရရင် အထူးစီးပွားရေးဇုန် ဥပဒေ၊ နောက် ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့လည်း ထူထောင် လို့ ရပါတယ်။ အထူး စီးပွားရေးဇုန်တွေ၊ Export ဇုန်တွေ လုပ်မှပဲ ကျနော်တို့နိုင်ငံက အခြားနိုင်ငံတွေနဲ့ လိုက်နိုင်လိမ့်မယ် လို့ ထင်မြင်ချက် ပြုပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံသူများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးကလည်း “အဓိက သူတို့ ဘာ စိတ်ဝင်စားနေလဲ ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ Infrastructure ပေါ့။ ဥပမာ လျှပ်စစ်မီးဆိုရင် ကျနော်တို့ဆီမှာ မလုံလောက် တဲ့အတွက် သူတို့ လာရောက် ရင်းနှီးမြှုပ်နှံချင်တယ်။ မြန်မာနိုင်ငံမှာ မီးကို လာရောက် ရင်းနှီးမြှုပ်နှံရင် ဘယ်လို ပေါ်လစီ တွေ ရှိတယ်ဆိုတာ သူတို့သိချင်နေတယ်”ဟု ပြောသည်။
ဥပမာအားဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ စီးပွားရေးအဖွဲ့တဖွဲ့သည် နယ်စပ် မူဆယ်မှတဆင့် မန္တလေးသို့ ကုန်စည်စီးဆင်း မှု မြန်ဆန်အောင် လုပ်လိုကြောင်း၊ ရန်ကုန်မြို့တွင်လည်း အထပ်မြင့် စီမံကိန်း တည်ဆောက်လိုသူများ လည်း ရှိကြောင်း၊ ထိုင်းနိုင်ငံကလည်း မြေနှင့် ပတ်သက်၍ စိတ်ဝင်စားမှုများ ရှိကြောင်း MIDA မှ သိရသည်။
CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ကျနော်တို့ရဲ့ သဘောထားကတော့ တရုတ်တွေလာလို့ အားလုံးကောင်းမယ်ဆိုရင် လက်ခံရမယ်။ သူတို့လာလုပ်သွားလို့ သူတို့ပဲ အကျိုးရှိသွားမယ်ဆိုရင်တော့ ဆောရီးပဲ။ ကျနော်တို့ တနိုင်ငံလုံးကို ပြောချင် တာက တရုတ်ဆိုပြီးတော့တော့ တရုတ်မှန်ရင် အကုန်လုံး တရုတ် ဆန့်ကျင်ရေးလုပ် ဆိုတာတော့ သဘောမကျဘူး” ဟု ပြောကြားခဲ့သည်။