ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင် ၂၀၀ ကျော်တက်ရောက်ခဲ့ပြီး နေပြည်တော် MICC 2 ခန်းမတွင် နှစ်ရက်ကြာကျင်းပြုလုပ်ခဲ့သည့် Myanmar Investment Forum 2017 သို့ တက်ရောက်လာသည့် ပြည်ပရင်းနှီးမြုပ်နှံသူအများစုသည် မြန်မာနိုင်ငံ ၏ အခြေခံ အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးကပြောသည်။
ဦးခင်မောင်အေးက “သူတို့ဘာစိတ်ဝင်စားနေလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ Infrastructure ပေါ့။ ဥပမာ မီးပိုင်း၊ မီးကို ဆိုရင် ကျနော်တို့ဆီမှာ မလုံလောက်တဲ့အတွက် သူတို့လာရောက်ရင်းနှီးမြုပ်နှံချင်တယ်။ မြန်မာနိုင်ငံမှာ မီးကို လာရောက် ရင်းနှီးမြုပ်နှံရင် သူတို့ ဘယ်လို ပေါ်လစီတွေရှိတယ် ဆိုတာ သူတို့သိချင်နေတယ်” ဟု ဖိုရမ်အပြီး ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည် ။
မူဆယ်- မန္တလေး ကုန်စည်စီးဆင်းမှု လျှင်မြန်စေရန် သယ်ယူပို့ဆောင်ရေး နှင့်လမ်းတံတား ကဏ္ဍ အဆင့်မြှင့်တင်ခြင်း ၊ ရထားပို့ဆောင်ရေး ၊ ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရေး ၊ ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းများ ကို ရင်းနှီးမြုပ်နှံလိုကြခြင်း ဖြစ်ကြောင်း ဦးခင်မောင်အေးက ရှင်းပြသည်။
အခြေခံအဆောက်အအုံ လိုအပ်ချက်များဖြစ်သော မီး၊ လမ်း၊ တံတား စသည့် တည်ဆောက်ရေးလုပ်ငန်းများကို အများစုက ရင်းနှီးမြုပ်နှံလိုကြပြီး ထိုသို့ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်းကလည်း “စီးပွားရေးလုပ်တဲ့ ပုဂ္ဂိုလ်အားလုံးက မြန်မာနိုင်ငံရဲ့ မြေပုံကိုပဲကြည့်ကြည့်။ မြန်မာနိုင်ငံရဲ့ မျက်နှာပြင် အနေအထားကိုပဲကြည့်ကြည့်။ မြန်မာနိုင်ငံရဲ့ ပထဝီ အကြောင်း အခြင်းအရာတွေကိုပဲ ကြည့်ကြည့်။ ကြည့်လိုက်တာနဲ့ ကျနေ်ာတို့ နိုင်ငံမှာ ဘယ်လို Infurstructure တွေက ဘယ်လိုရင်းနှီး မြှုပ်နှံမှုမျိုး လိုအပ်တယ် ဆိုတာကို ကွင်းကနဲ၊ ကွက်ကနဲ မြင်ရမှာပါ”ဟု ဖိုရမ်အတွင်း ပြောဆိုခဲ့သည်။
အစိုးရအနေဖြင့် ရင်းနှီးမြုပ်နှံသူများအား မည်သည့် ကဏ္ဍတွင်မဆို ပြည်ပရင်းနှီးမြုပ်နှံသူ နှင့် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများ ကို တန်းတူအခွင့်အရေး ပေးထားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်ကပြောသည်။
ဦးတိုးအောင်မြင့်က “အဓိကအချက်ကတော့ ပြည်တွင်းလုပ်ငန်းရှင်နဲ့ ပြည်ပက လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့ သူတွေကို equal chance ပေါ့နော်။ တန်းတူအခွင့်အရေးပေးထားမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ပိုလာပါမယ်။ နို့မို့ဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက သူတို့က တကမ္ဘာလုံးမှာ သွားရင်းနှီးမြုပ်နှံလို့ရတော့ ကိုယ့်ပြည်တွင်းက လူတွေကိုချည်း ကာကွယ်ပေးထားရင် သူတို့အတွက် အကျိုးအမြတ်မရှိရင်တော့ သူတို့လာလုပ်မှာ မဟုတ်ပါဘူး” ဟုပြောသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်မှု နှင့် လမ်းပန်းဆက်သွယ်ရေး ချောမွေအောင် ဆောင်ရွက်မှုအားနည်းနေခြင်းက နိုင်ငံ၏ အဓိက ကျသော အခြေခံအဆောက်အဦ လိုအပ်ချက်များပင် ဖြစ်ကြောင်း သိရသည်။
နွေရာသီတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်း၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ဖြန့်ဖြူးမှု လုပ်ငန်းစဉ် တရပ်လုံး ပြုပြင်ရန် လိုအပ်ခြင်း၊ စီမံခန့်ခွဲမှုနှင့် System မတည်ငြိမ်ခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားအတက်အကျ ကြီးမားခြင်း၊ မတော်တဆမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မကြာခဏ ဖြစ်ပေါ်လေ့ရှိခြင်း အစရှိသည့် အားနည်းချက်များ သည် နိုင်ငံတွင်း ရင်းနှီးမြုပ်နှံထားသော နိုင်ငံတကာ လုပ်ငန်းရှင်များ၏ အခက်အခဲ တခု ဖြစ်နေကြောင်း တင်ပြ တောင်းဆိုထားသည်။