နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး လုပ်ငန်းများနှင့် ရေဆိုးစွန့််ပစ်သည့် လုပ်ငန်းများတွင် ပထမဆုံးအကြိမ် ရင်းနှီးမြုပ်နှံမှုများ စတင်ရန်အတွက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း UMFCCI တွင် ယနေ့ ပြုလုပ်သော နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးမှုမှ သိရသည်။
နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးသံအမတ်ဖြစ်သူ မစ္စတာ Wouter Jurgens က “ကျနော်တို့က မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး နဲ့ ရေဆိုးစွန့်ပစ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားပါတယ်။ အခုက ကျနော်တို့နိုင်ငံကနေ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေ ပါတယ်။ ရင်းနှီးမြုပ်နှံဖို့အတွက် သံရုံးကနေတဆင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်တွေ ဆွေးနွေးတာ ဖြစ်ပါတယ်’’ ဟု ပြောသည်။
အဆိုပါ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှု တွေ့ဆုံဆွေးနွေးပွဲတွင် နယ်သာလန်နိုင်ငံမှ ကုမ္ပဏီ ၁၂ ခုနှင့် ကုန်သည် စက်မှု အသင်းချုပ်မှ အသင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ နယ်သာလန်သံရုံးမှ Senioar Economic and Commercial Officer ဒေါ်စန္ဒာမြင့်က “ဒါက ပထမဆုံး နယ်သာလန်က ကုန်သွယ်မှု လာရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။ အဓိကတော့ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ဈေးကွက်ရှာချင်လို့ လာတာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ကတော့ ချက်ချင်းတော့ အဆင်မပြေသေးပါဘူး။ နယ်သာလန်ဘက်က စိုက်ပျိုးရေး လုပ်ငန်း၊ ရေနဲ့ ပတ်သက်တဲ့ မြစ်ချောင်း၊ အင်းအိုင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ လာရောက်ဆွေးနွေးတာ များပါတယ်။ နွားနို့နဲ့ ပတ်သက်တဲ့ အအေးခံလုပ်ငန်း လုပ်ကိုင်ဖို့တွေလည်း ပါတယ်။ စိုက်ပျိုးရေး ကုမ္ပဏီက နယ်သာလန်ဘက်က ၃ ခုပါတယ်’’ ဟု ပြောသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ပမာဏ မည်မျှ ရင်းနှီးမြှုပ်နှံမည်ကို လောလောဆယ် မသိရသေးသော်လည်း စီးပွားရေးနှင့် ပတ်သက်သည့် အခန်းကဏ္ဍများကို ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ ဖြန့်ဖြူးပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၀ ကျော် ကုန်သွယ်မှုပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက်နိုင်ငံများတွင် နံပါတ် ၉ နေရာတွင် ရှိနေကြောင်း UMFCCI အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “နယ်သာလန်နဲ့ မြန်မာကုန်သွယ်တာက သူတို့နိုင်ငံကနေ အိမ်သုံးပစ္စည်းတွေ ဟင်းခတ်အမွေးအကြိုင်ပစ္စည်းတွေ၊ အမှုန့်တွေနဲ့ စားသောက်ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းတယ်။ မြန်မာဘက်က အထည်ချုပ်ကဏ္ဍနဲ့ စိုက်ပျိုးရေးပို့ကုန်တွေ တင်ပို့တာ အနည်းငယ်တော့ ရှိတယ်။ ဒါကပထမဆုံး ရင်းနှီးမြုပ်နှံမှု လုပ်ဖို့ သံရုံးကနေတဆင့် ဆွေးနွေးကြတာ ဖြစ်တယ်။ ချက်ချင်းကြီး ရင်းနှီးမြုုပ်နှံမှု မဝင်နိုင်ပေမယ့် နောက်ပိုင်းတော့ ရင်းနှီးမြုုပ်နှံမှု ပြုလုပ်လာမှာ ဖြစ်တယ်။ သူတို့ဘက်ကလည်း စိုက်ပျိုးရေးကဏ္ဍတွေ ရင်းနှီးမြုုပ်နှံဖို့ စိတ်ဝင်စားနေတယ်’’ဟု ပြောသည်။
ယနေ့ ဆွေးနွေးမှုတွင် IT Software၊ Hardware ဝန်ဆောင်မှု၊ Engineering Consulting၊ wastewater treatment ဝန်ဆောင်မှုလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုလုပ်ငန်း၊ ရေကြောင်းထိန်းသိမ်းရေး၊ ဆိပ်ကမ်း တည်ဆောက် စီမံခန့်ခွဲမှုလုပ်ငန်း၊ လယ်ယာ၊ ငါးနှင့် ပုဇွန်ရောင်းဝယ်ရေးလုုပ်ငန်း၊ နို့နှင့် နို့ထွက်ပစ္စည်း လုပ်ငန်း၊ ကားအပိုပစ္စည်း၊ ကျန်းမာရေးနှင့် ဆိုင်သည့်ကိရိယာလုပ်ငန်း၊ ဓါတ်မြေသြဇာနှင့် လယ်ယာစိုက်ပျိုးရေး သုံးပစ္စည်းထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း အစရှိသည့် လုပ်ငန်းကဏ္ဍများ မှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးခဲ့သည်။