မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်အတွက် အထူးစီးပွားရေးဇုန်များကို တိုင်းနှင့်ပြည်နယ် အားလုံး တွင် တည်ထောင်သင့်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက အစိုးရကို အကြံပြုထားကြောင်း သိရသည်။
CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ကျနော်တို့အနေနဲ့ လုပ်သင့်တယ် လို့ အကြံပြုထားတာရှိပါတယ် ၊ SEZ (အထူးစီးပွားရေးဇုန်) ၃ ခုသည် အလွန်နည်းပါသေးတယ်၊ တနိုင်ငံလုံး တိုင်းနဲ့ပြည်နယ် အကုန်လုံး မှာ လုပ်ဖို့လိုပါလိမ့်မယ်။ တချိန်ဖြစ်လာပါလိမ့်မယ် ကြည့်ပါ။ တကယ်သာ မှန်မှန်ကန်ကန်နဲ့ သွားရင် ဒါတွေ တကယ်ဖြစ်လာလိမ့်မယ်၊ ဖြစ်လာမှ နိုင်ငံတိုးတက်လိမ့်မယ်” ဟု ဇွန်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည့် Myanmar investment Forum 2017 အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန် ၃ ခုသာ ရှိနေပြီး သီလဝါ အထူးစီးပွားရေးဇုန် တခုသာ လည်ပတ်နေခြင်းဖြစ်သည်။ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် တို့ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ညှိုနှိုင်းလျက်ရှိပြီး ယခုနှစ်မိုးရာသီအကုန်တွင် စတင် လည်ပတ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် က အထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေအရ တည်ထောင်နိုင်ပြီး အထူးစီးပွားရေးဇုန် ဥပဒေဖြင့်လည်း တည်ထောင်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ အများအပြား တည်ထောင်လာပါက နိုင်ငံတကာမှ လက်ခံနိုင်လောက်သည့် ပြည်တွင်း ကျွမ်းကျင်လုပ်သားများ လိုအပ်လာမည်ဖြစ်ကြောင်း ရှင်းပြသည်။
ဦးတိုးအောင်မြင့်က “SEZ တွေ ဝင်လာမယ်ဆိုရင် ကျနော်တို့ ကျွမ်းကျင်တဲ့လုပ်သားတွေ လိုပါတယ်။ ကျနော်တို့မှာ တော်တော်များများဟာ ကျွမ်းကျင်လုပ်သားလို့ ဆိုပေမယ့်လည်း တကယ်တမ်း နိုင်ငံတကာနဲ့ယှဉ်တဲ့ အခါ Certificate ပြပါဆိုရင် ကျနော်တို့မှာ အဲဒီလို ပြနိုင်တဲ့ အရေအတွက်က အင်မတန်နည်းပါတယ်” ဟု ပြောသည်။
တရုတ်၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံ အများစု ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဇစ်မြစ်ကို ကြည့်လျှင် ယခုကဲ့သို့ အထူးစီးပွားရေးဇုန်များ စတင်တည်ထောင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံအနှံ့အကောင်အထည် မဖော်နိုင်သေးသော်လည်း နယ်စပ်ဒေသများတွင် အထူးစီးပွားရေးဇုန်များ စတင်အကောင်အထည်ဖော်သင့်ကြောင်း ဦးခင်မောင်အေးက အကြံပြုပြောဆိုသည်။
တရုတ် နယ်စပ် တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ပါက တရုတ်လူမျိုးများ မြန်မာနိုင်ငံသို့တရားဝင် ရင်းနှီးမြုပ်နှံမှုများ ရှိလာမည်ဖြစ်ကြောင်း ၊ ဘူးသီးတောင်၊ မောင်တော နယ်စပ်တွင် အထုူးစီးပွားရေးဇုန် တည်ဆောက်ပါက တရားမဝင် ဝင်ရောက်သည့်ပြသာနာများကို အတန်အသင့် တားဆီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဦးခင်မောင်အေး က “ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တော ဘက်ဆိုရင်လည်း အခုဖြစ်နေတဲ့ ပြသာနာလေးတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ အလယ်သန်ကျော်ဒေသ ဆိုတာ ရှိတယ်။ Beach လည်း အကြီးကြီးရှိတယ်၊ သင်္ဘောတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ကပ်လို့ရတယ်။ ကျနော်တို့ အဲဒီနေရာမှာသာ SEZ သွားလုပ်လိုက်ရင် ကျော်ပြီးလာတဲ့ သူတွေလည်း ရပ်သွားမယ်။ အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်း တွေရှိနေပြီကိုး။ အဲဒီလို ဖြစ်စေချင်တယ်” ဟုပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ရင်းနှီးမြုပ်နှံမှု ဥပဒေ သည် အခြားနိုင်ငံများထက် ရင်းနှီးမြုပ်နှံလိုသူများကို စွဲဆောင်မှုရှိနေပြီး အထူးစီးပွားရေးဇုန်များ ဆောင်ရွက်နိုင်မှသာ အခြားနိုင်ငံကို အမှီလိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။