၂၀၁၇ ခုနှစ်အတွင်း သက်တမ်းကုန်မည့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ပြန်လည်ခွင့်ပြုရန် အစီအစဉ် မရှိသေးကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မှတ်တမ်းနှင့်လိုင်စင်ဌာနမှ ဒုညွှန်ကြားရေးမှူး ဦးသက်ခိုင်က ဧရာဝတီကို ပြောသည်။
ဦးသက်ခိုင်က “လိုင်စင် ပြန်လည် ခွင့်ပြုပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ ၂၀၁၇ ခုနှစ်၊ ကျောက်မျက် ရတနာ ဥပဒေအသစ် ပြဋ္ဌာန်းပြီး နည်းဥပဒေများ ထွက်ပေါ်လာမှသာ လိုင်စင်ချထားရေးကို ဆောင်ရွက်ဖို့ လျာထား ပါတယ်” ဟု ဆိုသည်။
မည်သည့်အချိန်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုမည်ဆိုသည်ကို မသိရှိရသေးဘဲ လိုင်စင်များ ချထားပေးချိန်တွင် ခွင့်ပြုမည့် စံနှုန်းပုံစံများကို ဥပဒေ၊ နည်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကျောက်မျက်တူးဖော်ခြင်းများကို သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်(Environmental Management Plan) ရေးဆွဲပြီး ယင်းအစီအစဉ်များကို လိုက်နာ ဆောင်ရွက်နိုင်သည့် ကုမ္ဗဏီများကိုသာ တူးဖော် ခွင့်ပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ၂ ဦးထွန်းလှအောင်က “ ပြန်လည် စိစစ်နေတာပါ။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံတွေလုပ်ပြီးမှ ပြန်ချမယ်လို့ ပြောပါတယ်။ ကျောက်မျက် လုပ်ကွက်တွေ ရပ်နားထားပေမယ့်လည်း ကျောက်မျက်လုပ်ငန်းနဲ့ ကျောက်မျက်ဈေးကွက်ကို ထိခိုက်မှု မရှိပါဘူး” ဟု ပြောသည်။
ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကချင်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ လုံးခင်း၊ ဖားကန့်၊ ခန္တီး၊ မိုးညှင်း၊ မိုးကုတ်၊ မိုင်းရှူးစသည့် ရတနာ နယ်မြေအသီးသီးရှိ လုပ်ကွက်ပေါင်း ၄၂၇ ကွက်မှာ ဧပြီလက သက်တမ်း ကုန်ဆုံး ခဲ့ပြီး လုပ်ကွက် ၆၀၉ ကွက်မှာ မေလက သက်တမ်းကုန်သွားပြီ ဖြစ်ကာ လုပ်ကွက် ၂၉၁ ကွက်မှာ ယခု လကုန်တွင် လိုင်စင်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနှ ထုတ်ပြန် ချက်အရ သိရသည်။
၂၀၁၆ခုနှစ် ဇူလိုင် ၂၅ရက်နေ့မှ စတင်၍ လုပ်ကွက်အသစ်လျှောက်ထားမှုများကို ရပ်ဆိုင်းထားကာ ကျောက်မျက်ကဏ္ဍ တွင် လိုင်စင်သက်တမ်းတိုးပေးခြင်းမရှိသည်မှာ ကျောက်မျက်လုပ်ကွက်ပေါင်း ၂ ထောင်ကျော် ရှိနေပြီး တနိုင်ငံလုံးတွင် လုပ်ကွက်ပေါင်း ၁သောင်း ၆ထောင်ကျော် ရှိနေကြောင်း ယင်းဌာနမှ သိရသည်။
ဇွန်လ ၆ ရက်နေ့တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂၀၁၇ခုနှစ် ၅၄ ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဩဂုတ်လ၂ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။